Sunday, December 6, 2009

နအဖစစ် အစိုးရအပေါ် အမေရိကန်နိုင်ငံ ကွန်ဂရက် လွှတ်တော်၏ စီးပွားရေး ပိတ်ဆို့ အရေးယူမှုအချက်များ နှင့် အရေးယူမူသမိုင်း

မြန်မာနိုင်ငံနိုင်ငံ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရအပေါ် အမေရိကန်နိုင်ငံ ကွန်ဂရက် လွှတ်တော်၏ စီးပွားရေး ပိတ်ဆို့ အရေးယူမှုအမေရိကန် ပြည်ထောင်စုသည် ၂၀၀၃ ခုနှစ်လယ်ပိုင်းမှ စ၍ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးနှင့်ဒီမိုကရေစီရရှိရေးဥပဒေ (HR2330) ကို ပြဌာန်း၍ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အစိုးရ အပေါ် စီးပွားရေးအရ ပိတ်ဆို့ အရေးယူမှုများ စတင် ပြုလုပ် ခဲ့ပါသည်။
ယင်းဥပဒေအရ ပိတ်ဆို့အရေးယူမှုများတွင် -
• အမေရိကန် နိုင်ငံတွင်းသို့ မြန်မာ ထွက်ကုန်ပစ္စည်းများဝယ်ယူတင်သွင်းမှုကို တာမြစ်ပိတ်ပင်ခြင်း၊
• အမေရိကန် အခြေစိုက် စီးပွားရေး လုပ်ငန်းများ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုကို တားမြစ်ပိတ်ပင်ခြင်း၊
• အမေရိကန် နိုင်ငံတွင်းနှင့် အမေရိကန် ဘဏ်များ အတွင်းမှ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီပိုင် ငွေကြေးပစ္စည်း ဥစ္စာများ ထုတ်ယူခွင့် တားမြစ် ပိတ်ပင်ခြင်း၊
• အမေရိကန်နိုင်ငံ ပါဝင်ထားသော အပြည်ပြည်ဆိုင်ရာ ငွေကြေး အဖွဲ့အစည်းများမှ မြန်မာနိုင်ငံသို့ ထောက်ပံ့ငွေနှင့် ချေးငွေ များကို ရပ်တန့်တားမြစ် ပိတ်ပင်ခြင်း၊
• အမေရိကန် နိုင်ငံတွင်းသို့ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အဖွဲ့ဝင်များနှင့် ၄င်းတို့၏ ဆွေမျိုးများ၊ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဝင်များနှင့် ၄င်းတို့၏ ဆွေမျိုးများ၊ မူးရစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်သူများ အဖြစ် ကမ္ဘာက သိထားသူ များကို ပြည်ဝင်ခွင့် ဗီဇာ တားမြစ် ပိတ်ပင်ခြင်း၊တို့ ပါဝင်ပါသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အစိုးရ တစ်ရပ် ထူထောင်နိုင်ရေး အတွက် အောက်ပါ အချက်များ ပါဝင်သော ခိုင်မာ မြင်သာသည့် တိုးတက် ပြောင်းလဲမှုများကို နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အစိုးရမှ ပြုလုပ်ပေးရန် ယင်း ဥပဒေတွင် တောင်းဆို ထားပါသည်-
• နိုင်ငံရေး အကျဉ်းသားများ အားလုံး လွှတ်ပေးရန်၊
• လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားပုံနှိပ် ထုတ်ဝေခွင့်ပေးရန်၊
• လွတ်လပ်စွာ အဖွဲ့အစည်း တည်ထောင်ပိုင်ခွင့်၊ လွတ်လပ်စွာ ကိုးကွယ် ပိုင်ခွင့်ပေးရန်၊
• နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အစိုးရသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ စနစ်နှင့် ညီညွတ်သော ရွေးကောက် တင်မြှောက်ခံ အရပ်သား အစိုးရတစ်ရပ် ပေါ်ပေါက် လာစေရေး အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်သော ဒီမိုကရေစီ အင်အားစုများ တိုင်းရင်းသား အဖွဲ့အစည်း များနှင့် ဆွေးနွေး ညှိနှိုင်း အဖြေရှာရန်၊
တို့ ပါဝင်ပါသည်။

ကမ္ဘာ့ ဒီမိုကရေစီ နိုင်ငံများသည် မြန်မာနိုင်ငံတွင် ၁၉၉၀ ရွေးကောက်ပွဲ ပြီးသည့် အချိန်မှစ၍ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီမှ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ရွေးကောက်ပွဲ ဥပဒေနှင့် အညီ အသိအမှတ်ပြု အာဏာ လွှဲပေးရန်နှင့် ရွေးကောက်ပွဲ အနိုင်ရ ပါတီအပေါ် အာဏာ လွှဲမပေးဘဲ ဖိနှိပ် ချုပ်ချယ်မှုများ ပြုလုပ်နေခြင်း အပေါ် ရပ်တန့်၍ နှစ်ဦးနှစ်ဘက် တွေ့ဆုံ ဆွေးနွေး ခြင်းဖြင့် မြန်မာနိုင်ငံ အတွင်း အမျိုးသား ပြန်လည် သင့်မြတ်ရေးကို နိုင်ငံရေး အရ ပြုလုပ်ရန် အကြိမ်ကြိမ် တောင်းဆို ခဲ့ကြပါသည်။

၁၉၉၃ တွင် အသစ် ပေါ်ပေါက်လာသော နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အစိုးရ မှလည်း လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လုပ်ပါမည်ဟု ကတိ အမျိုးမျိုး ပေးခဲ့သော်လည်း လက်တွေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် ဒီမိုကရေစီ အင်အားစု များအား ဖိနှိပ်မှုများ တိုးတက် ပြုလုပ် နေပါသဖြင့် ၁၉၉၅ ခုနှစ် နောက်ပိုင်း ကာလများမှ စ၍ အမေရိကန် ပြည်ထောင်စု အနေဖြင့် မြန်မာနိုင်ငံအား စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ရတော့မည် ဖြစ်ကြောင်း စတင် သတိပေး ပြောဆိုခဲ့ပါသည်။

နိုင်ငံတော် အးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အစိုးရသည် ပြည်သူများကို အတင်းအကျပ် လုပ်အားပေး ခိုင်းစေမှု၊ ရပ်ရွာ ရွှေ့ပြောင်းစေမှု၊ တိုင်းရင်းသား လူမျိုးစုငယ်များ အပေါ် အနိုင်အထက် ပြုကျင့်မှု၊ မြန်မာ့ တပ်မတော် အတွင်း အသက် မပြည့်သေးသော ကလေး စစ်သားများ အသုံးပြုမှု၊ စစ်ဆင်ရေးများတွင် ခိုင်းစေရန် အဓမ္မ အထမ်းသမား ပေါ်တာဆွဲမှု စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ အပါအ၀င် မူးယစ်ဆေးဝါး ထုတ်လုပ် သယ်ဆောင် ရောင်းဝယ်သူများကို အကာအကွယ် ပေးမှု၊ ၄င်းတို့နှင့် ဖက်စပ် စီးပွားရေး တည်ထောင်မှု၊ တရားမ၀င် ငွေကြေး ခ၀ါချမှုများ ပြုလုပ်နေသည် ဟူသော စွပ်စွဲချက် များလည်း ရှိနေခဲ့ ပါသည်။

နောက်ဆုံး ၂၀၀၃ခုနှစ် မေလတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်၏ ခရီးသွား ယဉ်တန်းကို နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အစိုးရမှ လူစုလူဝေးဖြင့် အကြမ်းဖက် တိုက်ခိုက်မှု (ဒီပဲယင်းအရေးအခင်း) ဖြစ်ပွားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးကို ယနေ့ထိ ဖမ်းဆီး ထိမ်းသိမ်း ထားခဲ့ပါသည်။
အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းစွာ ဒီမိုကရေစီ တောင်းဆို လှုပ်ရှားသူများ အပေါ် စာနာထောက်ခံ အသိအမှတ်ပြု ပါကြောင်း ပြသသည့် အနေနှင့် အထက်ပါ အတိုင်း မြန်မာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အစိုးရ အပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများကို ၂၀၀၃ ခုနှစ် နှောင်းပိုင်းတွင် အမေရိကန် ကွန်ဂရက် လွှတ်တော်မှ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ရရှိရေး ဥပဒေ (HR2330) ကို တင်သွင်း အတည်ပြု ပြဌာန်း ပေးလိုက်ခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံထုတ်ကုန်များ အမေရိကန်နိုင်ငံတွင်း တင်သွင်းခွင့်ကိုတားမြစ်ပိတ်ပင်ထားခြင်း
အမေရိကန်နိုင်ငံသမ္မတ ဘွတ်ရှ်အစိုးရသည် မြန်မာနိုင်ငံလွတ်လပ်ရေးနှင့် လူ့အခွင့်အရေး ဥပဒေကို ၂၀၀၃ ဇွန်လတွင် ပြဌာန်း၍ ပြည်ထောင်စု မြန်မာနိုင်ငံ နိုင်ငံတော် အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီ အစိုးရအပေါ် အောက်ပါအတိုင်း ပိတ်ဆို့ အရေးယူ ခဲ့ပါသည်-

• မြန်မာနိုင်ငံ ထွက်ကုန်များ (တူးဖေါ်ခြင်း၊ မွေးမြူခြင်း၊ စိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်း၊ တပ်ဆင်ခြင်း၊) များ အပါအ၀င် မြန်မာ ထုတ်ကုန်များ အားလုံးကို အမေရိကန် နိုင်ငံတွင်း တင်သွင်းခွင့်ကို တားမြစ်သည်။
• ပြည်ထောင်စု မြန်မာနိုင်ငံ အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဝင်များ (ယခင်အစိုးရ အဖွဲ့ဝင်များ အပါအ၀င်) နှင့် ၄င်းတို့၏ မိသားစု ၀င်များ၊ ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေး အသင်းဝင်များ၊ မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်သူများ အဖြစ် ကမ္ဘာက သိထားသော မြန်မာနိုင်ငံသား များကို အမေရိကန် နိုင်ငံတွင်း ၀င်ရောက်ခွင့် ဗီဇာ ပိတ်ပင်သည်။
• အမေရိကန် နိုင်ငံတွင်း ထားရှိသော ပြည်ထောင်စု မြန်မာနိုင်ငံ အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဝင်များ (ယခင် အစိုးရ အဖွဲ့ဝင်များ အပါအ၀င်) နှင့် ၄င်းတို့၏ မိသားစုဝင်များ၊ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဝင်များ၊ မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်သူများ အဖြစ် ကမ္ဘာက သိထားသော မြန်မာနိုင်ငံသား များ၏ ငွေစာရင်း များနှင့် ပိုင်ဆိုင်မှု များကို လွှဲပြောင်း ထုတ်ယူခြင်းမှ တားမြစ်သည်။
အမေရိကန် နိုင်ငံ သမ္မတ ဘွတ်ရှ် အစိုးရသည် အောက်ပါ အကြောင်းပြချက် များဖြင့် မြန်မာနိုင်ငံ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အစိုးရအား ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ခဲ့ပါသည်-
• မြန်မာနိုင်ငံ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသည် ၁၉၉၀ ပါတီစုံ ရွေးကောက်ပွဲတွင် အနိုင် ရရှိသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား အာဏာ လွှဲပေးရန် ပျက်ကွက်လျှက် ရှိခြင်း၊
• နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အစိုးရသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် တိုင်းရင်းသား လူမျိုးစု များနှင့် နိုင်ငံရေးအရ လျှော်ကန်သော တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရန် ပျက်ကွက်လျှက် ရှိခြင်းနှင့် ၄င်း တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရန် ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ ရာဇာလီ အစ္စမေးလ်၏ တိုက်တွန်းမှုကို မျက်ကွယ် ပြုလျှက်ရှိခြင်း၊
• နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အစိုးရသည် ရွေးကောက်ပွဲ အနိုင်ရရှိ ထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ အပေါ် ပိုမို ထိပ်တိုက် ရင်ဆိုင် ဆန့်ကျင်မှုများ ပြုလုပ်လာခြင်း၊
• နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အစိုးရသည် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင် များနှင့် ပါတီကို ထောက်ခံသူ များကို ရက်စက်စွာ ရိုက်နှက်၍ ပါတီ အထွေထွေ အတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လူပေါင်း များစွာကို ဖမ်းဆီး ထိမ်းသိမ်းခဲ့ခြင်း၊
• နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အစိုးရသည် မြန်မာနိုင်ငံသားများ အပေါ် ဆက်လက်၍ လူ့ အခွင့်အရေးများ ဆိုးဆိုးရွားရွား ချိုးဖောက်လျှက် ရှိပြီး အမျိုးသမီးများ အပေါ် အနိုင်အထက် အဓမ္မ ပြုကျင့်ခြင်းကို လက်နက်သဖွယ် အသုံးချနေခြင်း နှင့် ကလေး စစ်သားများ အသုံးပြု၍ တိုင်းရင်းသား လူနည်းစုများကို တိုက်ခိုက် နေခြင်း၊
• နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အစိုးရသည် ၄င်း၏ နယ်မြေများ၌ တရားမ၀င် မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ် သူများကို ရပ်တန့်ရန် အမေရိကန် နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်မှု မရှိခြင်း၊
• နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အစိုးရသည် အမေရိကန် နိုင်ငံမှ အလိုရှိနေသော တရားမ၀င် မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်သူများကို ခိုလှုံခွင့် ပေးထားခြင်း၊ လုံခြုံမှု အကာအကွယ် ပေးထားခြင်း၊ စီးပွား ဖက်စပ်လုပ်ငန်းများ ထူထောင် လုပ်ကိုင်နေခြင်း၊
• နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရသည် အပြည်ပြည်ဆိုင်ရာ အလုပ်သမား သမဂ္ဂ (ILO) မှ ဆန့်ကျင် ကန့်ကွက်ထားသော အဓမ္မ လုပ်အားပေး ခိုင်းစေခြင်း၊ မပါဝင် မနေရ လုပ်အား ကျခံစေခြင်း၊ ကျေးကျွန်စနစ် ပုံစံ အလုပ် လုပ်ခိုင်ခြင်း တို့ကို ဆက်လက် လုပ်ကိုင်နေခြင်း၊
• နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အစိုးရသည် မြန်မာနိုင်ငံ စီးပွားရေးတွင် စစ်တပ်နှင့် ၄င်း၏ မိတ်ဖက် အဖွဲ့အစည်းများ ကိုသာ ၀င်ရောက် လုပ်ကိုင်စေခြင်းဖြင့် မြန်မာနိုင်ငံ၏ လွတ်လပ်သော ဈေးကွက် စီးပွားရေး စနစ်ကို ပျက်ယွင်း စေခြင်း၊
• မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု လုပ်ခြင်းဖြင့် မြန်မာနိုင်ငံသား များကို ပိုမိုခြောက်လှန့် ဖိနှိပ်ရန် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အစိုးရ အတွက် ငွေကြေး အထောက်အပံ့ ပိုမို ရရှိစေခြင်း၊
• ၂၀၀၃ခုနှစ် ဧပြီလ (၁၅) ရက်နေ့ အမေရိကန် အ၀တ်အထည်နှင့် ဖိနပ် တင်သွင်းသူများ အသင်းကြီး၏ မြန်မာနိုင်ငံ ထွက်ကုန် ပစ္စည်း များအား နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အစိုးရမှ အခြေခံ လူ့အခွင့်အရေးနှင့် အလုပ်သမား အခွင့်အရေးများ လေးစား လိုက်နာ လာသည်အထိ ပိတ်ပင် တားမြစ်ထားရန် တခဲနက် ထောက်ခံ အတည်ပြု ဆုံးဖြတ်ခဲ့ခြင်း၊
• အမေရိကန် ပြည်ထောင်စု၏ ပေါ်လစီသည် ၁၉၉၀ ရွေးကောက်ပွဲ ဆုံးဖြတ်ချက်အရ အနိုင် ရရှိခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီအား မြန်မာ လူထု၏ ကိုယ်စားလှယ်များ အဖြစ် တရားဝင် အသိအမှတ် ပြုထားခြင်း၊
တို့ ပါဝင်ပါသည်။
အထက်ပါ ပိတ်ဆို့ အရေးယူမှု များသည် အောက်ပါ ဖြစ်စဉ်များကို တိုးတက် ဖြစ်ပေါ်စေမည်ဟု ယူဆပါသည်-
• မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ကျင့်သုံးသော အစိုးရတစ်ရပ် ပေါ်ပေါက် လာစေမည်၊
• နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက် လာစေမည်၊
• နိုင်ငံရေး အဖွဲ့အစည်းများ လွတ်လပ်စွာ ဖွဲ့စည်းခွင့် ရရှိလာစေမည်၊
• လွတ်လပ်စွာ ကိုးကွယ်ခွင့် ရရှိလာစေမည်၊
• တရားဥပဒေနှင့် အညီ လွတ်လပ်စွာ ရွေးချယ် တင်မြှောက်ခံရသော အစိုးရတစ်ရပ် ပေါ်ပေါက်လာစေရေး အတွက် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ၊ ရွေးချယ် တင်မြှောက် ခံထားရသော NLD ပါတီ နှင့် တိုင်းရင်းသား အဖွဲ့အစည်းများ အတွင်း သဘောတူညီချက် တစ်ရပ် ရရှိစေရေးတို့ ပါဝင်ပါသည်။

No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။