ကျွန်တော်ဟာမြန်မာပြည်သားတစ်ယောက်ပါ။မြန်မာပြည်မှာမွေး၊ မြန်မာပြည်မှာဘဲ ကျောင်းတတ်ပြီး၊ မြန်မာနိုင်ငံရဲ့ထမင်းကိုစားပြီး ကြီးပြင်းလာတဲ့လူတစ်ယောက်ပါ။ ကျွန်တော်ဟာဘယ်တိုင်းရင်းသားပါဆိုပြီးမပြောပါဘူး။ အခုလည်းနောက်ဆုံးမြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့အတိုင်းပါပဲ။ နအဖက ပြည်သူတွေရဲ့ရပိုင်ခွင့်တွေကို ချူပ်ကိုင်တယ်၊ ဘာရယ်၊ ညာရယ်ဆိုတာတွေဟာ အထက်တန်းလူတန်းစား၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကုန်သည်တွေပြောတဲ့စကားတွေပါ။ကျွန်တော်တို့လိုတစ်နေ့လုပ်မှတစ်နေ့စားရတဲ့ အောက်ခြေတန်းစားလူတွေအတွက်က တော့ဒါတွေမပြောလိုပါဘူး။
ကျွန်တော်တို့အခုနေထိုင်စားသောက်နေတာတွေကိုလည်းဘယ်သူမှလာပြီးကန့်သတ်ချူပ်ချယ်မနေပါဘူး။ မီးမလာဘူး၊ အမှောင်ထဲမှာနေပေါ့။ ရေမလာဘူး၊ ချောင်းရေဆင်းချိုးပေါ့။ ကားခဈေးတတ်တယ်။ လမ်းလျှောက်ပေါ့။ ဒါပါပဲဖြစ်အောင်နဲ့ဝမ်းတထွာကိုရှာစားနေရတာပါ။ ကျွန်တော်ဟာ ကုန်ထမ်း၊ ဈေးရောင်း၊ ဆိုက်ကားနင်း အားလုံးလုပ်ဖူးပါတယ်။
အဲဒါတွေကိုလုပ်တဲ့နေရာမှာ အခက်အခဲတွေကိုအများကြီးတွေ့ရပါတယ်။ ကျွန်တော်တို့ကလည်းငွေရချင်ဇော၊ ခရီးသည်တွေကိုအမြန်ပို့ချင်ဇော တွေနဲ့ကန့်သတ်ထားတဲ့ စည်းကမ်းတွေချိုးဖောက်ရပါတယ်။ မဖောက်လို့ရှိရင်
လည်းအဲဒီနေ့ ဈေးဖိုးတောင်ရမှာမဟုတ်ဘူးလေ။ ရဲကလည်းဖမ်းပါတယ်။ ဖမ်းပြီးရင် ဆိုက်ကားသိမ်း၊ ချလံဖြတ်၊ ရုံးပို့လို့ရှိရင် ကျွန်တော်တို့ငတ်သေပြီပေါ့။ ဒါကိုသူတို့ကလည်း နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် င၀ိုင်းနဲ့ ညှိတာကို အပြစ်လို့ဆိုရင် ကျွန်တော်တို့ပြည်သူတွေမတရားဘူးလို့ပြောလို့ရပါတယ်။ ငါးကြင်းတစ်ကောင်ကိုညီတုမျှတူုခွဲသလိုပါပဲ။ မြေခွေး မစားရတော့ဘူးပေါ့။ နောက်ဆုံး ဘာစည်းကမ်းမှမချိုးဖောက်ရင်တောင် ရဲက လက်ဘက်ရည်ဖိုးတောင်းရင်တောင် ကျွန်တော်တို့ရင်ထဲကမပါဘဲနဲ့ နောက်တစ်ခါငါစည်းကမ်းဖောက် ရင်သူငါ့ကိုဖမ်းရမှာအားနာနေမှာပဲလို့မျှော်လင့်ချက်နဲ့ပေးကြပါတယ်။ ဒါကျွန်တော်ဆိုက်ကားသမားတစ်ယောက်ရဲ့အမြင်လေးပါ။
ကျွန်တော်ရွာမှာအဆင်မပြေလို့ မြ၀တီကိုတတ်လာပြီးတော့ အလုပ်လာလုပ်တာပါ။ အဲဒီမှာဝန်ထမ်းတစ်ဦးရဲ့ အနိုင်ကျင့်မူကိုစတင်ခံလိုက်ရတာပါပဲ။ မှတ်ပုံတင်ဆိုတာ ကျွန်တော်တို့အတွက် ဘာမှမဟုတ်ပါဘူး။ ၁ နှစ်နေလို့တစ်ခါထုတ်ကြည့်တာမဟုတ်ပါဘူး။ ခရီးသွားမယ်ဆိုတော့ ကျွန်တော်ကိုသက်သေခံမယ့်ကဒ်ဆိုလို့ ဒါပဲရှိတာလေ။ တခြားကဒ်တွေလည်းအများကြီးပါ…ကြံဖွတ်ကဒ်၊ ကားလိုင်စင် တခြားအဖွဲ့ကဒ်တွေထဲကမှ ဒီနိုင်ငံသားကဒ်ကအလုံခြုံဆုံးလို့ထင်ပါတယ်ဝန်ထမ်းကစစ်လည်းစစ်ရော နိုင်ငံသားကဒ်ရှိရင် ၅၀၀ ကျပ်၊ မရှိရင် ၁၀၀၀ ကျပ်တဲ့။ ကျွန်တော်လည်းကြောင်သွားတယ်။ ဘာမှအပြစ်ကျူးလွန်ခြင်းမရှိဘဲနဲ့ ပထမဦးဆုံးငွေညှစ်တာခံလိုက်ရသလိုပဲလေ။
ကျွန်တော်လည်း စိတ်ထဲမှာ ဘာမှမထားပါဘူး။ပေးလိုက်ပါတယ်။ ပြီးတော့ ကျွန်တော်မြ၀တီမှာ အလုပ်မျိုးစုံလုပ်တယ်။ ကုန်သွယ်ရေးဇုံထဲမှာလည်း ကူလီလုပ်တယ်ပြီးတော့ အခုနောက်ဆုံးတော့ ကားစပယ်ယာလိုက်ပါတယ်။ အဲဒီကျမှ လ၀က ဆိုတဲ့ဝန်ထမ်းတွေရဲ့မိုက်ရိုင်းပုံကိုသိလာတာပါ။ဒါပေမယ့် ကျွန်တော်လည်းကိုယ့်ထမင်းကိုယ်စားပြီးအေးဆေးနေချင်ပါတယ်။ ဘာမှလည်းမပြောချင်ပါဘူး။ ဒါပေမယ့် ပြောစရာကဖန်လာပါတော့တယ်။ ၁၁ လပို်င်း ၈ရက်နေ့က မြ၀တီကို တတ်လာတဲ့ လိုင်းကားပေါ်က ၀ါဝါဆိုတဲ့မိန်းကလေးရဲ့မှတ်ပုံတင်ကို ဆွဲဖြဲလိုက်ခြင်းပါ။ ကားသမားကသွားညှိပေမယ့် မရပါဘူး။
ဒါက အခုမှ အင်တာနက်မှာပါလာလို့ လူသိများလာတာပါ။အရင်ကတည်းကသူတို့မျက်စိ
ကျတဲ့ မိန်းကလေးဆိုရင် ဒီလိုအဖြစ်မျိုးဟာ ဖြစ်ရိုးဖြစ်စဉ်ပါ။
ကျွန်တော်လည်းဒီမိန်းခလေးဟာကျွန်တော်ညီမဆိုရင် အဖြစ်မျိုးနဲ့ကိုယ်ချင်းစာမိပြီးဒီဆောင်းပါးကိုရေးမိတာပါ။ လ၀က အရာရှိတွေဟာ မှတ်ပုံတင်ပါရင် ၅၀၀၊ မပါရင် ၁၀၀၀ ယူတဲ့အပြင်ကို
ဗမာနဲ့ ကရင်လူမျိုးမဟုတ်ရင် ၃၀၀၀ ကနေ ၁၀၀၀၀ ထိတောင်းပါတယ်။ပြီးရင် ဘန်ကောက်မှာ အိမ်ကမိသားစုအတွက် ခိုးကြောင်ခိုးဝှက်သွားပြီး၊ ထိုင်းရဲကဖမ်းမိလို့အချူပ်ကားနဲ့သယ်လာပြီးလာသွန်တဲ့ မြန်မာတွေကိုကိုယ်ချင်းမစာပဲ သိလို့ကတော့
၁သောင်းကနေ၁သိန်းလောက်ထိမြင့်သွားပါတယ်။အဲဒီထဲကမှရခိုင်လူမျိုး၊
မွတ်ဆလင်ဘာသာဝင်တွေဆိုရင်ပိုက်ဆံပေးလို့ရရင်ကံကောင်းတယ်မှတ်ရမယ်။ မှတ်ပုံတင်ကိုသိမ်းလိုသိမ်း၊ ဆွဲဆုတ်ရင်ဆွဲဆုတ်နဲ့ ထင်ရာကိုစိုင်းကြပါတယ်။
အဲဒီလို ပိုက်ဆံယူတာကို မတင်းတိမ်နိင်သေးပါဘူး။ သူတို့မျက်စိကျတဲ့ဗမာ၊ ကရင်၊ ရှမ်းမ လေးတွေဆိုရင် မှတ်ပုံတင်ကိုယူထားပြီး အမျိုးမျိုးပြဿနာရှာကြပါတယ်။ အဲလိုဆိုရင် ပိုက်ဆံနဲ့လည်းညှိလို့မရတော့ပါဘူး။ ကောင်မလေးကကိုယ်တိုင်သွားပြီးတောင်းမှ သူတို့က မှတ်ပုံတင်ကိုပြန်ပေးမယ်။ ချိန်းတဲ့အချိန်နဲ့နေရာကိုလည်းလာပြီး ခန္ဒာကိုယ်နဲ့လဲလှယ်ပြီးပြန်ယူရပါတယ်။ ပြီးရင် နှုတ်ပိတ်ခသဘောမျိုး ပိုက်ဆံပေးပြီး ပြန်လွတ်တတ်တာ လ၀က အရာရှိတွေလုပ်ရပ်ဆိုရင်မမှားပါဘူး။အခု မ၀ါဝါ ရဲ့ မှတ်ပုံတင်ကိစ္စဟာ သူတို့ရဲ့ဂွင်ဆင်တဲ့အကွက်ဆိုတာ
ကားသမားကော၊ စပယ်ယာ ကျွန်တော်ကောပဲသိထားပါတယ်။
ဒါပေမယ့် ကောင်မလေးကို အဲလိုသွားရွေးရင်တော့ရမယ်လို့ နှမချင်းကိုယ်ချင်းမစာတဲ့ ပါးစပ်က ပဲပြောထွက်မယ်ထင်ပါရဲ့။ လ၀က အရာရှိတွေရဲ့ တစ်နေ့ဝင်ငွေဟာဘယ်လောက်များလဲဆိုရင် အရာရှိကတော်ဟာ တစ်နေ့ကို ၂ ခေါက်လောက်ပိုက်ဆံလာသိမ်းရပါတယ်။သူတို့အတွက်ကတော့ ဒါဟာ နေ့တိုင်းလုပ်ရိုးလုပ်စဉ်တစ်ရပ်လိုဖြစ်နေပါတယ်။ကျွန်တော်ဒါတွေဟာ လုပ်ကြံရေးတာမဟုတ်တဲ့အပြင် ကိုယ်တိုင်ကြုံတွေ့ခံစား၇တဲ့ ခံစားချက်ကိုတင်ပြခြင်းသာဖြစ်ပါတယ်။
ကျွန်တော်တို့မြန်မာလုမျိုးက အရမ်းကိုစိတ်ကောင်းရှိကြပါတယ်။အရမ်းလည်းကိုယ်ချင်းစာတတ်ပါတယ်။ အနိုင်ကျင့်ခံရတာတွေကိုလည်း တရားနဲ့ဖြေသိမ့်တတ်နေတာ အကျင့်တစ်ခုလိုဖြစ်နေပါပြီ။ ဒါပေမယ့် အမျိုး၊ ဘာသာကိုထိလာခဲ့ရင်တော့ ဆတ်ဆတ်ထိမခံတတ်ပါဘူး။ အခုလို လ၀က အရာရှိတွေဟာအစိုးရက နိုင်ငံသားတွေကိုကာကွယ်ဖို့ထုတ်ပေးထားတဲ့နိုင်ငံသားစီစစ်ရေးကဒ်ကိုအတုဆိုပြီ့းရိုးသားတဲ့ပြည်သူတွေကိုအနိုင်ကျင့်နေတာကတစ်ကြောင်း၊ နိုင်ငံသားကဒ် ကိုလမ်းဘေးကစက္ကူပုံစံ ပြုလုပ်နေတာတွေဟာ လ၀က ၀န်ကြီးဌာနရဲ့ စာရိတ္တတစ်ခုလိုဖြစ်နေပါတယ်။အဆိုးဆုံးကတော့ ရိုးသားလှတဲ့ တိုင်းရင်းသူတွေကို ယုတ်ပတ်တဲ့ အကြံနဲ့ ဒုက္ခပေးနေတာဖြစ်ပါတယ်။
ကြောင်ဖားကြီးတွေဟာ သူတို့အလိုကျဖြစ်နေရင်ပြုံးနေပေမယ့် သူတို့စိတ်တိုင်းကျမဟုတ်တော့ရင် ဒုက္ခပေးဖို့ဝန်မလေးတတ်ကြပါဘူး။အာဏာကိုအပြည့်အ၀မရှိသေးသည့်တိုင်အောင် ပေးထားသည့်လုပ်ပိုင်ခွင့်ထဲကနေပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေကို မျိုးစုံ ဒုက္ခပေးနေတဲ့ နအဖရဲ့ အကျင့်ပျက်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန အကြောင်းကို အပြည့်စုံဆုံးမဟုတ်သည့်တိုင်အောင်
ကျွန်တော်မြင်တွေ့၊ ခံစားရသလောက်ပြောပြလိုက်ရပါသည်။
ကိုလေပွေ
No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။