Sunday, December 6, 2009

နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှု အမှုတွဲ

နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ပတ်သတ်ပြီး ဖမ်းဆီးခံထားရတဲ့ ဗိုလ်မှူးဟောင်း ၀င်းနိုင်ကျော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနက သူရ ကျော် နဲ့ ကိုပျံစိန် တို့ ၃ ဦးအမှုကို ဒီနေ့ အင်းစိန်ထောင်အတွင်း မြောက်ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ ထောင်အသိုင်း အ၀ိုင်းက တစ်ဆင့် သိရပါတယ်။

သူတို့ကို ဗိုလ်ချုပ်မှူးကြီးမောင်အေး ရုရှားခရီစဉ် ပေါက်ကြားမှု၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း မြောက်ကိုရီးယားခရီးစဉ် ပေါက်ကြားမှု၊ နေပြည် တော်မြေအောက် လိုဏ်ဂူလုပ်ငန်းစဉ် ပေါက်ကြားမှုတွေနဲ့ ဖမ်းဆီးထားတာ ဖြစ်ပါတယ်။


သူတို့အမှုကို နိုဝင်ဘာ ၃ ရက်နေ့ကနေ စတင်ရုံးတင်စစ်ဆေးခဲ့တာဖြစ်ပြီး မြောက်ပိုင်းခရိုင် ဒု - တရားသူကြီးတွေဖြစ်တဲ့ ဦးမောင် မောင်အေး နဲ့ ဦးအုန်းသွင် တို့က ကြားနာစစ်ဆေးနေတာဖြစ်ပါတယ်။

စွဲဆိုထားတဲ့ပုဒ်မတွေက နိုင်ငံခြားငွေ လက်ဝယ်ကိုင်ဆောင်မှု ပုဒ်မ ၁၄-၁၊ နိုင်ငံတော်လျှို့ဝှက်ပေါက်ကြားမှု ပုဒ်မ ၆-၃၊ နိုင်ငံတော် အက် ဥပဒေပုဒ်မ ၃၊ အီလက်ထရောနစ်ပုဒ်မ ၃၃-ခ တွေနဲ့ စွဲဆိုထားတယ်လို့ သိရပါတယ်။

ဒီပုဒ်မတွေအရ သေဒဏ်အပါအ၀င် ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံရနိုင်တယ်လို့ ဥပဒေပညာရှင်တွေက ပြောပါတယ်။

ဗိုလ်မှူးဟောင်း ၀င်နိုင်ကျော်ဟာ အသက် ၅၅ နှစ် အရွယ်ရှိပြီး လေယဉ်ပျက်ကျပြီး သေဆုံးသွားတဲ့ နအဖ အတွင်းရေးမှူး ၂
ဗိုလ်ချုပ် တင်ဦးရဲ့ ကိုယ်ရေးအတွင်းဝင်နဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးစိုးသာ ရဲ့ ကိုယ်ရေးအတွင်းဝန်ရာထူးတွေကို ထမ်းဆောင်ခဲ့ သူဖြစ်ပါတယ်။

တပ်မတော်ကနေ အနားယူပြီးတဲ့နောက် ယူအန်ဒီပီ လက်အောက်ခံ အန်ဂျီအို ၀န်ထမ်းတာဝန်နဲ့ ကမ္ဘောဒီယားနိုင်ငံမှာ သင်တန်း
တတ်ပြီး အပြန် ဒီနှစ်ဇူလိုင် ၂၉ ရက် ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

သူရကျော်ကတော့ ဖမ်းဆီးခံရတဲ့အချိန်မှာ လက်ရှိ နေပြည်တော် နိုင်ငံခြားရေး ၀န်ကြီးဌာနရုံး ဥရောပရေးရာဆိုင်ရာ အကြီးတန်း
စာရေး တစ်ဦး ဖြစ်ပါတယ်။

သူတို့ကိုဖမ်းဆီးစဉ် သူတို့ရဲ့ ကိုယ်ပိုင်ကွန်ပြူတာတွေထဲက ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေး ရုရှားခရီးစဉ်၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း မြောက် ကိုရီးယားခရီးစဉ်၊ နေပြည်တော်မြေအောက်လှိုဏ်ဂူ မှတ်တမ်းတွေကို တွေ့ရှိခဲ့ပြီး ဒီသတင်းတွေကို ဗိုလ်မှူးအောင်လင်း
ထွဋ်က တဆင့် မီဒီယာတွေကို ပို့တယ်ဆိုပြီး အစိုးရအာဏာပိုင်တွေက စွပ်စွဲထားပါတယ်။

ကိုပျံစိန် ကတော့ မဆင့် ဆိုတဲ့ အမျိုးသမီးကတဆင့် နေပြည်တော်လှိုဏ်ဂူသတင်းကိုပို့ပြီး မီဒီယာမှာ သတင်းရေးသားခဲ့သူလို့
စုံစမ်းသိ ရပါတယ်။

ဒီအမှုနဲ့ပတ်သတ်ပြီး အခြားတပ်မတော်အတွင်းက အရာရှိအချို့လဲ ဖမ်းဆီးခံရပြီး အဲ့ဒီအထဲကတစ်ဦးဖြစ်တဲ့ ကက ကြီး ကွန်ပြူ
တာဌာန အထူးအရာခံဗိုလ် အောင်ကျော်လင်းကတော့ အထူးစစ်ခုံရုံးကနေ တိုက်ရိုက်အမိန့်ချထားပြီး စစ်ထောင်မှာပဲ ထိန်းသိမ်း ထားပါတယ်။

ရီမေအောင်


No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။