အင်တာနက်ဟာ ဒီမိုကရေစီနဲ့လွတ်လပ်မှုကိုဆောင်ကျဉ်းရာမှာ အထိရောက် ဆုံးကိရိယာ တစ်ခုဖြစ်တယ်လို့အင်တာနက်နဲ့ သတင်းလွတ်လပ်ခွင့်ဆိုင်ရာလူပ်ရှားသူတွေ ကပြောကြပါသည်။အင်တာနက်ကို အစိုးရတွေကဆင်ဆာလုပ်ပိတ်ပင်ကြသလို အဲဒီပိတ်ပင်မှုကို တန်ပြန် ကျော်လွားဖို့ကြိုးစားကြတာတွေကလည်းအရှိန်အဟုန်နဲ့ဖြစ်ပေါ် နေပါတယ်။
BBG ခေါ်အမေရိကန် ပြည်ထောင်စု အသံလွင့် လုပ်ငန်းများဆိုင်ရာ အုပ်ချူပ်ရေးဘုတ်အဖွဲ့က မနေ့ကစီစဉ်ကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ခုမှာ အဲဒီလို သုံးသပ်ပြောဆိုသွားကြတာပါ။ “ မီဒီယာ အသစ်၊ ဆင်ဆာအသစ်၊ သတင်းလွတ်လပ်ခွင့် ပေါ်အာဏာပိုင်တို့၏ တိုက်ခိုက်မှု” လို့ ခေါင်းစဉ်တပ်ထားပါတယ်။ ဒီဆွေးနွေးပွဲမှာ အင်တာနက်ကိုဆင်ဆာလုပ်တာနဲ့ ဆင်ဆာလုပ်တာကို တန်ပြန်တာတွေနဲ့ ပတ်သတ်ပြီး နည်းပညာ ထောင့်ကနေသုံးသပ်ပြောဆိုသွားသူက ကမ္ဘာလုံးဆိုင်ရာ အင်တာနက် လွတ်လပ်ရေး အဖွဲ့ချူပ်က ဒုတိယ ညွန်ကြားရေးမှုး ရှီးယုဂျောင် ( Shiyu Zhou) ပါ။
အင်တာနက်ဟာ မြန်မာနိုင်ငံလို လွတ်လပ်ပွင့်လင်းမှုမရှိတဲ့လူ့အဖွဲ့အစည်းတွေမှာ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကိုဆောင်ကြဉ်းပေးမယ့် အရေးပါထိရောက်လာတဲ့ မာလ်တီမီဒီယာ ကိရိယာ တစ်ခုဖြစ်လာနေတယ်လို့ ရှီးယုဇော်က ပြောပါတယ်။
ဒါကြောင့်လည်း လွတ်လပ်ပွင့်လင်းမှုမရှိတဲ့ လူအဖွဲ့အစည်းတွေကို အစိုးရတွေဟာ အင်တာနက် ကိုဆင်ဆာလုပ်ဖို့ ငွေကြေးတွေ၊ လူအင်အားတွေ၊ နည်းပညာ တွေသုံးပြီးအပြင်းအထန် ကြိုးစားလာကြတာပါ။ တဘက်မှာလည်း ရှီးယုဂျောင်တို့ရဲ့ကမ္ဘာလုံးဆိုင်ရာအင်တာနက် လွတ်လပ်ရေး အဖွဲ့ချူပ်အပါအ၀င် အဖွဲ့အစည်းအသီးသီးက နည်းပညာတွေ ဖြန့်ဝေထောက်ပံ့ပြီးတော့ ဆင်ဆာ လုပ်တာကို ကျော်လွားပြီးအသုံးပြုဖို့ တန်ပြန်လုပ်ဆောင်ကြပါတယ်။
အခု လက်ရှိအချိန်မှာ ဆင်ဆာ လုပ်တာကို ကျော်လွားနိုင်တဲ့ကျွန်တော်တို့ ရဲ့ကွန်ရက်ကိုကမ္ဘာတစ်ဝန်းက လွတ်လပ် ပွင့်လင်းမှုမရှိတဲ့ လူ့အဖွဲ့အစည်း ၄၀ ကျော်က နေတရက်ကို အကြိမ်ပေါင်း သန်း ၅၀၀ ကျော် အသုံးပြုနေကြပါတယ်..ဒီထဲမှာ တရုတ်နိုင်ငံက သန်း ၂၂၀၊ အီရန်က သန်း ၁၂၀၊ အာရပ်စော်ဘွားများပြည်ထောင်စု ကသန်း ၄၀၊ ဆော်ဒီအာရေးဗီးယားနိုင်ငံက ၂၅ သန်း၊ ဆီးရီးယားနိုင်ငံက သန်း ၂၀ နဲ့ မြန်မာနိုင်ငံက ၄ သန်း အသီးသီး အသုံးပြုနေကြပါတယ်…
ပိတ်ဆို့တဲ့နိုင်ငံ တစ်ခုခုမှာ ထူးခြားတဲ့ ဖြစ်ရပ်တခုခု ဖြစ်ပျက်ပြီဆိုရင်ဆင်ဆာကို ကျော်တဲ့ ကွန်ရက်ကို အဲဒီနိုင်ငံကနေ အသုံးပြုတဲ့ အရေအတွက်ဟာ တိုးတက်သွားတယ် လို့လည်း ရီးယုဂျောင်က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာတုန်းက မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေး လှုပ်ရှားမှုကြီးကို အစိုးရက နှိုမ်နင်းဖြိုခဲ့တဲ့ အချိန်မှာ ကျွန်တော်တို့ရဲ့ ကွန်ရက်ကို အသုံးပြုတဲ့ အရေအတွက် ဟာ လေးဆ တိုးသွားခဲ့ပါတယ်။
ပိုစိတ်ဝင်စားစရာကောင်းတာက ဖြစ်ရက်တခုခု ဖြစ်ပျက်တာက ပြီးသွားပေမယ့် အသုံးပြုတဲ့ အရေအတွက် တိုးသွားတာက ပြန်ကျမသွားဘဲ အဲဒီအတို်င်း ဆက်ပြီးရှိနေတာ ပါပဲ လို့လည်း ရီးယုဂျောင်က ပြောပါတယ်။ ဒါကြောင့်လည်း အင်တာနက်ဟာ လွတ်လပ်ပွင့် လင်းမှု မရှိတဲ့လူ့အဖွဲ့အစည်းတွေပြောင်းလဲမှုအတွက်အင်မတန်အရေးပါတယ်လို့ဆိုပါ တယ်…
သတင်း လွတ်လပ်ခွင့်၊ အထူးသဖြင့် အင်တာနက် လွတ်လပ်ခွင့်ဟာ ပွင့်လင်းမှုမရှိတဲ့ လူ့အဖွဲ့အစည်းတွေကို ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့် တွေရရှိဖို့ အတွက် အထိရောက်ဆုံး၊ စရိတ်အသက်သာဆုံး နည်းလမ်းဖြစ်တယ်လို့ ကျွန်တော်တို့မြင်ပါတယ်။
အင်တာနက်ကို ထိန်းချူပ်ဖို့ ကြိုးစားကြတဲ့ အစိုးရတွေကို နည်းပညာပိုင်း အထောက်အပံ့ပြုနေတဲ့ ကုမ္မဏီတွေဟာ အနောက်နိုင်ငံတွေရဲ့ နည်းပညာ ကုမ္မဏီကြီး တွေဖြစ်ပါတယ်။ ဒါကြောင့်လည်း သတင်းနဲ့ အင်တာနက် လွတ်လပ်ခွင့် အတွက်လှုပ်ရှား နေကြတဲ့ အဖွဲ့အစည်းတွေကို အဲဒီ ကုမ္မဏီတွေက ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေမကြာခဏ လုပ်လေ့ရှိပါတယ်။သိပ်မကြာသေးခင်က ဆိုရင်ထင်ရှားတဲ့ Yahoo. Google. တို့လို ကုမ္မဏီကြီးတွေ တရုတ်အစိုးရရဲ့အင်တာနတ် ထိန်းချူပ်ရေး မှာအကူအညီပေးကြတာ ကြောင့်အကြီးအကျယ်ဝေဖန်ခဲ့ကြရပါသေးတယ်။
မြန်မာနိုင်ငံဖြစ်ရပ်မှာဆိုရင်လည်း ပြီးခဲ့တဲ့ စက်တင်ဘာတော်လှန်ရေးကြီးမှာ လောင်စာဆီဈေးနှုန်းတက်တာကို ကန့်ကွက်ဆန္ဒပြပုံတွေ၊ ရွေဝါရောင် တော်လှန်ရေးရဲ့ ရုပ်ပုံတွေဟာ ဘလော့ စာမျက်နှာတွေကတဆင့် ကမ္ဘာတစ်ဝန်း ချက်ခြင်း ဆိုသလို ပြန့်သွားခဲ့တာကြောင့် မြန်မာအစိုးရ အငိုက်မိသလို ဖြစ်သွားခဲ့ပါတယ်။ဒီရုပ်ပုံတွေကြောင့်ပဲ ဂျပန်သတင်းထောက် ခန်းဂျိနာဂအိ သေနတ်နဲ့ အပစ်ခံရတဲ့ ပုံကလည်း ကမ္ဘာတလွားထင်ရှားခဲ့ပါတယ်။
အခု လက်ရှိမြန်မာ အစိုးရဟာ ထင်ရှားတဲ့ လူရွင်တော် ကိုဇဂနာနဲ့ ဘလော့ဂါ ကိုနေဘုန်းလတ် အပါအ၀င် ဘလော့ဂါတစ်ချို့ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ လွတ်လပ်ခွင့်ဆိုင်ရာ လှုပ်ရှားတဲ့ အဖွဲ့အစည်းတွေက ပြောကြပါတယ်။ ဒီအတွက်လည်း မြန်မာအစိုးရဟာ နိုင်ငံတကာက အဆက်မပြတ် ဝေဖန်တာကို ခံနေရပါတယ်။
ဒါပေမယ့် မြန်မာ အာဏာပိုင်တွေကတော့ ဒီနေ့အချိန်ထိ သူတို့ရဲ့ တင်းကျပ်မှုကို လာမဲ့ လပိုင်းနဲ့ နှစ်ပိုင်းတွေမှာ လျှော့ပေါ့ပေးမဲ့ အရိပ်လက္ခဏာ မတွေ့ရသေးပါဘူး။ တဘက်မှာလည်း ရီးယုဂျောင် ပြောသလို အင်မတန် ထိရောက်ပြီး ကုန်ကျစရိတ်သက်သာလာတဲ့ဒီအင်တာနက် ကိရိယာကိ အသုံးပြုပြီး လွတ်လပ်မှုနဲ့ ဒီမိုကရေစီဖော်ဆောင်ဖို့ကြိုးစားကြသူတွေလည်း ဆက်ရှိနေဦးမှာပဲဖြစ်ပါတယ် ခင်ဗျာ….
No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။