Saturday, June 4, 2011

ရန်ကုန်လောင်းကစားမှုများနှိမ်နှင်းရန် နေပြည်တော် အထူးအဖွဲ့စေလွှတ်

 ရန်ကုန်တိုင်းဒေသကြီးအတွင်း လောင်းကစားမှုများအား စစ်ဆင်ရေးတစ်ရပ်အနေဖြင့် နှိမ်နှင်းရန်အတွက် နေပြည်တော်မှ အထူးအဖွဲ့ကို မေလ လယ်က စေလွှတ်လိုက်ကြောင်း ဒုစရိုက်နှိမ်နှင်းရေး(ဒန)ဌာနမှ အရာရှိတစ်ဦးက ဆိုသည်။

ယင်းအရာရှိက "နေပြည်တော်က လုပ်ဆောင်တဲ့ စစ်ဆင်ရေးက နှစ်လုံး၊သုံးလုံး ဒိုင်တွေအတွက်က အဓိကထားတာပါ။ အထူးအဖွဲ့က မေလလယ်က ရန်ကုန်ရောက်တယ်ဆိုပေမယ့် စစ်ဆင်ရေးကို ချက်ချင်းမစသေးဘဲ တိုင်းဒေသကြီးတစ်ခုလုံးရဲ့ သတင်းအချက်အလက်ကို အရင်တောင်းတယ်။ စစ်ဆင် ရေးကို မေလကုန်လောက်ကနေစပြီး အနောက်ပိုင်းခရိုင်ကနေ စတင်လုပ်ဆောင်တယ်"ဟု ဆိုသည်။
    ထိုင်းချဲစာရွက်တစ်ခု


ယင်း အထူးအဖွဲ့သည် မြို့နယ်ရဲတပ်ဖွဲ့စခန်းများတွင် တည်းခိုကာ စစ်ဆင်ရေးကို စတင်ခဲ့ပြီး မေလနောက်ဆုံး ပတ်တွင် အနောက်ပိုင်းခရိုင်ရှိ ချဲ ထီဒိုင် ၁၀ ဦးခန့်အား ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်းတရားခံများကို တရားစွဲဆိုရန် ပြင်ဆင်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီးမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

မြို့နယ်ရဲတပ်ဖွဲ့မှူးတစ်ဦးကလည်း "မြို့နယ်တစ်မြို့နယ်ကို ဇွန်လကုန်ရင် ချဲထီအမှု ၃၀ ရအောင်တင်ဖို့ နေပြည်တော်က ညွှန်ကြားချက်လည်း ထုတ်ထားတယ်။ ဒီညွှန်ကြားချက်ကို မလုပ်ဆောင်နိုင်ရင် တာဝန်ရှိသူတွေကို ပြင်းပြင်းထန် ထန်အရေးယူမယ်ဆိုတဲ့ နောက်ဆက်တွဲ ညွှန်ကြားချက်လည်း ပါတယ်"ဟု ဆိုသည်။



"ဒီအဖွဲ့က မိပြီဆိုရင် တရားစွဲဖို့ပဲ စလုပ်တာ၊ နယ်မြေခံရဲတွေလို အမှုပေါ့အောင် လုပ်လို့မရဘူး"ဟု ဖမ်းဆီးခံရသည့် ချဲဒိုင်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ "ဆိုင်ကယ်တွေနဲ့ပတ်ပြီး ဝင်ဖမ်းတာ ကျွန်တော့်သူငယ်ချင်းမှာ ရှောင်ချိန်တောင်မရလိုက်ဘူး"ဟု ဆက်လက် ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းလောင်းကစားမှု ပပျောက်ရေးအတွက် ပြင်းထန်စွာ နှိမ်နှင်းမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတင်း ထုတ်ပြန်ပြီးနောက်တွင် ယခုကဲ့သို့ လောင်းကစားမှု နှိမ်နှင်းသည့် စစ်ဆင်ရေး စတင်ခြင်းဖြစ်ပြီး၊ မေလအတွင်းထုတ်ဝေသော ပြည်တွင်းဂျာနယ်များတွင် လည်း ချဲထီကြောင့် ပြည်သူများ ဒုက္ခရောက်နေရပုံကို တိကျသေချာစွာ ပုံဖော်ရေးသားမှုများ ရှိခဲ့ကြောင်း ပြည်တွင်းဂျာနယ်တစ်ခုမှ သတင်းထောက်တစ် ဦးက ဆိုသည်။


(U.V.I)

1 comment:

  1. ရဲစခန်းမှာတည်းတယ်ဆိုရင်ဘဲ အဓိကဒိုင်တွေကိုတော့ ဖမ်းမိမယ်မထင်တော့ဘူး။ အင်း... ကိုယ်စားလှယ်နဲ့ လက်ခွဲဒိုင်တွေလောက်တော့ မိမှာပါ။

    ReplyDelete

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။