ကျွန်တော်တို့သိထားသင့်တဲ့ အချက်လေးတွေပါ။
အလုပ်သမားတစ်ယောက်အနေနဲ့ (၂၀၁၂)ခုနှစ်ကစပြီး ထိုင်းနိုင်ငံမှာ ဆက်လက်လုပ်ကိုင်နေထိုင်မည်ဆိုပါက အောက်ပါ အချက်အလက်များကို လေ့လာထားရပါမည်။
၁။ အလုပ်သမားအမျိုးအစား
(က) တစ်နှစ်ခံလက်မှတ် ( ၃ နှစ်အထက်သက်တန်းဆက်တိုက်တိုးလာသူ)
(ခ) ၂၀၁၁ ခုနှစ်တွင် စတင်ပြီး တစ်နှစ်ခံ လက်မှတ်ပြုလုပ်သူ
ဟူ၍ လူဟောင်း၊လူသစ် ခွဲခြားသတ်မှတ်ထားပါတယ်။
လူဟောင်းများအတွက်။
လူဟောင်းများသည် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် လက်မှတ်အားလုံးသက်တန်းကုန်ဆုံး တော့မည်ဖြစ်ပါသည်။ထို့အချိန်မတိုင်မှီ လက်မှတ်များကို သက်တမ်းတိုးကြရန် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများနှင့် မြန်မာ လူမူ့ရေးအဖွဲ့အစည်းများမှ လိုက်လံကြော်ငြာလျှက်ရှိပါသည်။
သို့သော် လက်မှတ်သက်တန်းတိုးရာတွင် ယခင်နှစ်များကဲ့သို့ မဟုတ်ပါ။ မြန်မာနိုင်ငံမှ ပြုလုပ်ပေးသော ယာယီအလုပ်သမားပါတ်စပို့ ရှိမှသာလျှင် တစ်နှစ်နေထိုင်ခွင့် (ဘတ်) သက်တမ်းဆက်လက်တိုးမြှင့်နိုင်မည်ဖြစ်ပါသည်။
ပါတ်စပို့ပြုလုပ်ခြင်း
လူဟောင်းများပါတ်စပို့ပြုလုပ်ရန်အတွက် လိုအပ်သောအချက်များမှာ
၁) သက်တန်းမကုန်ဆုံးသေးသော တစ်နှစ်ခံ(ဘတ်)များအပြည့်အစုံရှိရပါမည်။
၂) မြန်မာနိုင်ငံသားဖြစ်ကြောင်း သက်သေပြစရာ (မှတ်ပုံတင်၊အိမ်ထောင်စုစာရင်း၊ထောက်ခံချက်)စသည် တစ်ခုခုရှိရပါမည်။
၃) မိမိအားခေါ်ယူပြီး လုပ်ငန်းလုပ်ကိုင်စေသော လုပ်ငန်းရှင် (ထိုင်းလူမျိုး)၏ လက်မှတ်အထောက်အထား များလိုအပ် ပါသည်။
၎)ပါတ်စပို့အရွယ် ကာလာဓါတ်ပုံ (၆) ပုံ ပါရှိရပါမည်။
၅) ပြည့်စုံပါက သက်ဆိုင်ရာ အေးဂျင့် များသို့ဆက်သွယ်ပြီး အနဲဆုံး ဘတ်ငွေ (၅၀၀၀) ပေးချေပြီး ရက် (၂၀) နှင့် (၄၀) အတွင်း ပါတ်စပို့စာအုပ် ၊ဗီဇာ များရရှိနိုင်ပါသည်။
* အကယ်၍ အေးဂျင့်များနှင့် မဆောင်ရွက်လိုပါက ကိုယ်တိုင်ရုံးဌာနများသို့ သွားရောက်လုပ်ကိုင်နိုင်သော်လည်း ဘာသာစကားမကျွမ်းကျင်ခြင်း၊ဘန်ကောက်ကဲ့သို့ သံရုံးရှိရာသို့ တိုက်ရိုက်သွားရောက်ရန် လွန်စွာခက်ခဲခြင်း၊ အချိန်လွန်စွာ ကြံ့ကြာခြင်း တို့ကြောင့် ထိုင်းအစိုးရ တရားဝင်အသိအမှတ်ပြု ပါတ်စပို့ကိုယ်စလှယ်များမှတဆင့်သာ ဆောင်ရွက်ကြရပါသည်။ ကိုယ်တိုင်ပြုလုပ်ပါက ဘတ်(၁၅၀၀)ခန့်သက်သာကြောင်းစာကားအဖြစ်သာကြားသိရသည်။
** ပါတ်စပို့ရရှိပြီး တရားဝင် ဗီဇာတုံး ပြုလုပ်ပြီးပါကလည်း ၂လ ၊ ၃လ၊(သို့) ၆ လ တစ်ကြိမ် ထိုင်းလူဝင်မှု့ သို့သွားရောက် လက်မှတ်ရေးထိုးနေရမည်ဖြစ်သည်။
*** ဤပါတ်စပို့စာအုပ်ရရှိပြီးပါကလည်း ထိုင်းနိုင်ငံအတွက် အလုပ်သမား တစ်နှစ်ခံလက်မှတ် မရှိပါက နေထိုင်၍ မရပါ ။
ပါတ်စပို့စာအုပ်ဖြင့် အလုပ်သမားလက်မှတ်သက်တန်းဆက်ခြင်း
၁) ပါတ်စပို့ စာအုပ်ရရှိလာပြီး ဗီဇာ ရရှိသည်နှင့် တစ်နှစ်ခံ အလုပ်သမားလက်မှတ်လျှောက်ထားရမည်။
၂) ပါတ်စပို့ မိတ္တူ၊လုပ်ငန်းရှင် (ထိုင်းလူမျိုး) ၏ အထောက်အထားများ လိုအပ်ပါသည်။
၃) သွေးစစ်ဆေးခြင်း အတွက် (၁၉၀၀) ဘတ်
၎) လက်မှတ်သက်တန်းဆက်ခြင်း (တစ်နှစ်အတွက် ဘတ် ၁၀၀၀)
အထက်ပါအတိုင်းဆောင်ရွက်ပြီးပါက ပါတ်စပို့နှင့်အတူ တစ်နှစ်နေထိုင်အလုပ် လုပ်ခွင့် ရရှိပါမည်။
*** အရေးကြီးမှတ်သားလိုက်နာရန်။
၁) ပါတ်စပို့ နှင့် တစ်နှစ်ခံ(ဘတ်) ၂မျိုးလုံးကိုင်ရမည်။တစ်ခုမရှိလျှင် ထိရောက်စွာအရေးယူခံရမည်။
၂) အလုပ်သမားလက်မှတ်တွင် ဖော်ပြသော လုပ်ငန်းကိုသာ လုပ်ကိုင်ရမည်။
၃) ဤပါတ်စပို့လက်မှတ်ဖြင့် အခြားသော မြို့သို့ခရီးသွားလျှင် အခွင့်တောင်းရမည် (တရားဝင် ငွေသွင်းရမည်) ရက်ပြည့်လျှင် ပြန်လာ၍ လူဝင်မှု့ ရုံးတွင် လက်မှတ်ထိုးရမည်။
၎)ဤပါတ်စပို့လက်မှတ်ကိုင်ဆောင်သူများသည် လက်မှတ်တွင်းအမည်ပါ ထိုင်းလူမျိုးတွင်သာ အလုပ်လုပ်ကိုင်ရမည်။ လက်မှတ်တွင်း အမည်ပါ ထိုင်းလူမျိုးလုပ်ငန်းရှင်ခွင့်ပြုချက်မရှိဘဲ အခြား တစ်ဦးတစ်ယောက်ထံတွင် လုပ်ကိုင်နေကြောင်း တွေရှိပါကထိရောက်စွာအရေးယူမည်။ အမည်ပါထိုင်းလူမျိုးက သဘောတူလျှင် အခြားလုပ်ငန်းရှင်ထံသို့ အလုပ်ပြောင်း လုပ်ခွင့်ကို တရားဝင်လုပ်ထုံးလုပ်နည်းများဖြင့် စနစ်တကျ လုပ်ဆောင်ပြီး လုပ်ငန်းပြောင်းရမည်။
၅)ဤပါတ်စပို့ကိုင်ဆောင်သူအနေဖြင့် အိမ်၊ခြံ၊မြေ၊ကား နှင့် စီးပွားရေးလုပ်ငန်းများ အား တရားဝင်(လုံးဝ) မပိုင်ဆိုင် စေရ။တရားဝင် ယဉ်မောင်းလိုင်စင်များ နှင့် ဘဏ် နှင့်ငွေကြေးဆိုင်ရာ ကိစ္စရပ်များတွင်လည်း အကြုံးမ၀င် ဟု သိရသည်။
၆) ဤပါတ်စပို့သည် ထိုင်းနိုင်ငံတစ်ခုတည်းအတွက်သာဖြစ်သည်။
လူသစ်များ
လူသစ်များသည် လုပ်ရိုးလုပ်စဉ်မှာ လူဟောင်းများအတိုင်းဖြစ်သည်။ သို့သော် လုပ်ငန်းလုပ်ဆောင်ရမှု့ ခက်သည့်အတွက်ဟု ဆိုပြီး ပါတ်စပို့ လုပ်ဆောင်လိုပါက (၈၀၀၀)ဘတ် အထက်တွင်သာ ပြုလုပ်ပေးကြပြီး ကြာမြင့်ချိန် (၄၅)ရက်မှ(၇၀) ရက်အထိကြာနိုင်ကြောင်းသိရသည်။
မဲဆောက်က သိသမျှ
အယ်ဒီတာ အာဘော်
အထက်ပါ နေထိုင်ခွင့် ဘတ် ပြုလုပ်ပုံ အဆင့်ဆင့်သည် တိုတောင်းရှင်းလင်းစွာ ရေးသားထားခြင်းဖြစ်သည်။ ထို အဆင့်တွေကို အမှန်တကယ်လုပ်သောအခါတွင် ခက်ခဲမူပေါင်းမြောက်မြားစွာ ရှိနေပါသည်။ ထို လုပ်ငန်းများကို လွယ်ကူအောင်ဆိုပြီး မြန်မာများကိုလုပ်ပေးနေသည် ဆိုသည့်အရာတွင် မြန်မာစကားတတ်သူ များကို မခန့်ဘဲ လိုက်လံပြောဆိုလုပ်ဆောင်ပေးသော အေးဂျင့် (ပွဲစား) များကို ကန်ထရိုက်ခ ထိုက်ထိုက်တန်တန် ယူက လုပ်စေလေသည်။ ထို တရားဝင် လုပ်ပေးသဖြင့် ပတ်စ်ပို့ ပွဲစားများသည် ပွဲစားခကို တနင့်တပိုး ယူကာ လုပ်ပေးတော့သည်။
ဈေးသက်သာရအောင် အဖွဲ့လိုက် (သို့) တစ်ဦးချင်း သွားလုပ်ပါက မည်သို့မျှအဆင်မပြေနိုင်ပါချေ။ အလုပ်သမားများ၏ ဒုက္ခများကို အသံမထွက်လာသည့်အကြောင်းရင်းများတွင် ထိုသို့ ဈေးကြီးကြီးရိုက်ပြီးလုပ်ပေးသော ပွဲစားများထဲတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ကူညီနေပါသည်ဟုဆိုသော အလုပ်သမားအဖွဲ့အစည်းမှ လူများလည်း ပါရှိသောကြောင့်လည်းဖြစ်သည်။
ထို ခက်ခဲမူကို လုပ်ပြီးပါကလည်း အောက်ပါ အချက်များကို မြန်မာ အလုပ်သမားများ လုံးဝ (လုံးဝ) မရရှိပါ။ ရရှိပါသည်ဟု ပြောပါက ထိုင်း အလုပ်သမား ၀န်ကြီး ဌာန အရှက်မရှိ လိမ်ညာနေခြင်းသည်ဖြစ်သည်။
*** စိတ်ချရသည့် ထိုင်းမှတ်ပုံတင်ကိုင်ဆောင်ထားသူ ထိုင်းနိုင်ငံသားကို ရှာဖွေရခက်ခဲခြင်း၊ ထို ထိုင်းနိုင်ငံသားကို အာမခံခ ဈေးကြီးပေးရခြင်း၊ ထို့နောက် ထိုနိုင်ငံသား ကောင်းသည်၊ ဆိုးသည်ကို ခါးစည်းခံရခြင်း၊ စိတ်လိုက်မာန်ပါ လုပ်မိပါက အကုန်အကျခံထားရသည့် ငွေကြေး အားလုံး ဆုံးသည့်အပြင်၊ ကိုယ်ကိုင်ဆောင်ထားသော လတ်မှတ်သည်လည်း အသုံးမ၀င်တော့ခြင်း၊ ထို နိုင်ငံသားက ရဲကို ဖမ်းခိုင်းပါက ကိုယ်သည် ထောင်ကျသွားသည့် ဖြစ်ရပ်များအထိ ရှိနေခြင်း၊
*** ကျန်းမာရေး အာမခံထားသော်လည်း အမှန်တကယ်တွင် ကျန်းမာရေးအာမခံ မရရှိပဲ အနိုင်ကျင့် ပိုက်ဆံတောင်းခံရခြင်း
*** လတ်မှတ်ကိုင်ဆောင်ထားသော်လည်းပဲ ထိုင်းရဲများသည် ဆိတ်ကွယ်ရာ အရပ်များနှင့် ညဘက်အချိန်များတွင် စစ်ဆေးသောအခါ ထုတ်ပြသော လတ်မှတ်ကိုပင် ဆုတ်ဖြဲခံရပြီး အနိုင်ကျင့် ပိုက်ဆံတောင်းခံရခြင်း
*** ကိုင်ဆောင်ထားသူ မြန်မာပြည်သားသည်လတ်မှတ်အစစ်အမှန်ဖြစ်သော လည်းပဲ ဆေးလတ်မှတ်(အနာမိုင်) (သို့) ပိုက်ဆံသွင်းထားသည့် ဘောင်ချာ တစ်ခုခု မေ့လျှော့ကျန်ခဲ့မိပါက ပိုက်ဆံတောင်းခံရသည်သာမက ထိုးကြိတ်ပြီး အချူပ်ထဲ ထည့်ထားခံရခြင်း အထိ ခံရတတ်ခြင်း
*** တရားဝင်လတ်မှတ်ကိုင်ဆောင်ထားသော်လည်းပဲ လုပ်အားခ နှင့် အလုပ်သမားအခွင့်အရေးများကို သူဌေးပေးသည့်အတိုင်းပင် ခံနေရခြင်း
*** အာမခံပေးသော သူဌေးသည် လတ်မှတ်များကို သိမ်းဆည်းထားပြီး အလုပ်ထွက်လျှင်လည်း ညစ်ပတ်စွာဖြင့် ထုတ်မပေးခြင်း
*** လတ်မှတ်ကိုင်ဆောင်ထားလျှက်ပင် ဒဏ်ရာအနာတရ နှင့် ကိုယ်လက်အင်္ဂါများဆုံးရူံးသွားသော အလုပ်သမားများ နစ်နာကြေး မရရှိခြင်း
စသည့် ပြဿနာပေါင်းမြောက်မြားစွာသည် တာဝန်ရှိသူများ မသိလိုက်သော အဆင့်နှင့်တင် ကျေနပ်လိုက်ရပြီး တိတိကျကျတိုင်လာသော နစ်နာသည့် အမူကိစ္စများကိုလည်း ထိုင်းအလုပ်သမားအဖွဲ့အစည်းများက တာဝန်ယူဖြေရှင်းပေးလိုက်ပါသည် ဆိုသည့် အမူများသည် အလွန့်အလွန်ကို နည်းလှပါသည်။ အချို့သော မြန်မာ အလုပ်သမားအဖွဲ့များက လိုက်လံ ဖြေရှင်း တောင်းဆိုသောလည်းပဲ လပေါင်းများစွာကြာပြီး ဒဏ်ရာအနာတရရသူ စိတ်ဓာတ်ကျပြီး ကိုယ့်မွေးရပ် ပြန်သွားရသည့် အမူပေါင်း က မရေမတွက်နိုင်အောင် ရှိနေပေသည်။
ဒါသည် ကြီးကြီးမားမား ဆုံးရူံးမူကို သာ အဓိက ထားတင်ပြထားတာဖြစ်ပါသည်။ မြန်မာနိုင်ငံသား လတ်မှတ်မရှိပါက မည်သို့ ဆိုးရွားသော ဖြစ်ရပ်များကို ရင်ဆိုင်ရမည်ဆိုတာ တာဝန်ရှိသူများ နားလည်စေချင်ပါသည်။ထိုင်း အလုပ်သမား ၀န်ကြီးဌာန က သူ့နိုင်ငံသား ထိုင်း သူဌေးတွေဘက်က ပဲ ရပ်တည်ပြီး ညစ်ပတ်စွာ ပြုလုပ်ထားသော အချက် (၂) ချက်မှာ …….
(၁) ထိုင်းနိုင်ငံကို အခွန်ဆောင်ပြီး ပိုက်ဆံများစွာကုန်ကျခံထားရသော တရားဝင် လတ်မှတ်ရှိ မြန်မာအလုပ်သမားသည် တခြား အလုပ်များကို ရွေးချယ်လုပ်ခွင့်မရှိခြင်း၊ လတ်မှတ်လုပ်ပေးစဉ်အခါက အာမခံပေးသော သူဌေးဆီတွင်ပင် အလုပ်လုပ်ရအောင် ထိုင်းအလုပ်သမားဝန်ကြီးဌာနက သူဌေးပြောင်းလဲလိုလျှင်ဖြင့် ဆိုပြီး ပြဌာန်းထားသော စည်းကမ်းချက်များသည် အလွန်ခက်ခဲပြီး မဖြစ်နိုင်သော အချက်များကို တောင်းဆိုထားခြင်း၊ ခွင့်မတောင်းဘဲ တခြားအလုပ်လုပ်နေသည်ကို တွေ့ရှိ ဖမ်းဆီးမိပါက လတ်မှတ်မရှိမူ၊ တရားမ၀င် နယ်စပ်ဖြတ်ကျော်မူ့စသည့် အမူ့များနှင့် ထောင်ချသည်အထိ အပြစ်ပေးသည်။
(၂) မြန်မာပြည်သားသည် ပတ်စ်ပို့ လုပ်ခွင့်ရရှိပြီး ကိုင်ဆောင်ထားသည်ဆိုသော်လည်း ပဲ ထို ပတ်စ်ပို့ တရားမ၀င်ပါဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက တရားဝင်မပြောသော်လည်းပဲ ထိုင်းရဲများက သက်တမ်းရှိသော နေထိုင်ခွင့် မပါပါက ဖမ်းဆီး နေသည်ကို ကြည့်ခြင်းဖြင့် နှစ်နိုင်ငံ သဘောတူညီချက်အရ တရားဝင်ပါသည်ဟု ပြောသောပတ်စ်ပို့သည် အသုံးမ၀င်သေးသော စာအုပ်တစ်အုပ်မျှသာ ဖြစ်နေပါသည်။
Mr.Zero (U.V.I)
No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။