Sunday, May 27, 2012

ကောင်းခြင်း၊ မကောင်းခြင်းများနှင့်ပြည့်နှက်နေသော မြ၀တီ အပိုင်း(၁)

 မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးကုန်သွယ်ရေးမြို့ဖြစ်သော ထိုင်း - မြန်မာနယ်စပ်လည်းဖြစ်၊ ကရင်ပြည်တွင်းဖြစ်သော မြ၀တီမြို့သည် ကောင်းသောဂုဏ်၊ မကောင်းသော ဂုဏ် များနှင့်ပြည့်နှက်နေသော မြို့တစ်မြို့ဟုဆိုလျှင်ကား မှားမည်မထင်ပါ... မြန်မာနိုင်ငံတော်ကြီး မည်သို့ပင်ပြောင်းလဲနေစဉ်ကာမူ အရင်အတိုင်းမပြောင်းလဲ အဟောင်းများ အသစ်ဖြစ်နေသည်ကိုကြည့်မယ်ဆိုလျှင် မြ၀တီကို လက်ညှိုးထိုးမည်ကား လွယ်မည်မထင်ပါ...


မြ၀တီမှာရှိနေကြသော ၀ိသမလောဘသားများကလည်း လိမ်စရာလူတွေ ဆေးရုံမှမွေးနေသမျှကာလပတ်လုံး ထမင်းမငတ်ဘူးဟု ဆိုကြသည်။ ရိုးရိုးလောဘသားများကလည်း လူတွေဆိုလျှင် လုံးဝ (လုံးဝ)ကို မယုံတော့ဘူးဟု ဆိုလာကြသည်။ တစ်ရွာတစ်ကြည်ဆောက်မည်၊ ထိုင်းမှာ ပိုက်ဆံရှာမည်ဟု အားခဲပြီးလာသူများလည်း အလိမ်ခံရပါများလာသောအခါ လူတွေကိုမယုံတော့... စာရွက်စာတမ်းတွေပြမှ အစစ်ဟု ထင်လာကြပြန်သည်။ ဒါနှင့်ပင် များစွာသော စာမတတ်၊ ပေမတတ် နွားကျောင်းသားများ၊ လယ်သမားများ ရာပေါင်းများစွာ ခံကြရပြန်သည်။ ဘာမှမဟုတ်သော ရဲပြုတ်၊ ထောက်လှမ်းရေးပြုတ်များသည်လည်း ငါကွ လို့အော်ပြီး အဓ္ဓမကိစ္စမျိုးစုံကို ပြုလုပ်လာကြသည်။ တစ်ချို့ ၀န်ထမ်းအပြုတ်များသည်လည်း ပွဲစား၊ ပွဲစား ချိတ်ပေးမယ်ဆိုတဲ့ လောကထဲကို ၀င်လာကြပြန်သည်။


သူတို့တင်လားတော့ မဟုတ်ပေ... ၆ လတစ်ခါ၊ ၃လတစ်ခါ၊ ၁ လတစ်ခါ၊ မထင်ရင် မထင်သလို ရက်ပိုင်းအတွင်းပင် လဲလှယ်တတ်သော မြ၀တီအာဏာပိုင်အဖွဲ့အစည်းပေါင်းစုံသည်လည်း မည်သို့ပင်လဲနေစဉ်ကာမူ စားနည်းမျိုးစုံ၊ ဖြဲနည်းမျိုးစုံ၊ အာဏာပြနည်းမျိုးစုံဖြင့် သူနိုင်ရာ သူထောင်းနေကြသည်။


ဒါသည် ဘယ်တော့ပြောင်းလဲမလဲ...
ဒါတွေကို ဘယ်သူပြောင်းလဲမလဲ...
ဒါတွေဖြစ်နေတာ ဘယ်သူ့ကြောင့်လဲ...
ဒီအဖြေတွေသည် မသိသူအဖို့ မရေမရာနှင့် အဖြေပေါင်းများစွာ ရှိနေသော်လည်းပဲ....
သိသူတွေဖြစ်ကြသော သီလ၊ သမာဓိ၊ ပညာရှိသော သူတော်ကောင်း ကမူ တစ်ခွန်းပဲ မိန့်ကြားတော်မူသည်။


ဒါတွေကို ပြောင်းလဲနိုင်ပါသည်ဟုဆိုသော ဓမ္မစက်၊ အာဏာစက်၊ သူဌေးသူကြွယ်တို့သည် 
လောဘအား ကြီးလွန်းလှသည်။
မောဟအား ကြီးလွန်းလှသည်။
ဒေါသ အား ကြီးလွန်းလှသည်။ ဆိုသော အဖြေကို ပေးခဲ့ပါသည်.... ဒါတွေကို မလျှော့မခြင်း သွေးချောင်းတွေစီးဦးမည်... ဒုက္ခပေါင်းမြောက်မြားစွာနှင့် ပင်လယ်ဝေနေဦးမည်...

ထို့ကြောင့် နှစ်ပေါင်းများစွာ ရှင်သန်လာခဲ့ပြီး ယခုထိ မပြောင်းလဲသေးသည့် မြ၀တီက ပုံရိပ်များနှင့် အဖြစ်အပျက်များကို ဒီခေါင်းစဉ်အောက်မှာပင် အပိုင်း များစွာနှင့် စာဖတ်သူကိုတင်ပြပါ့မည်...



ယခု ဒီခေါင်းစဉ်အောက်တွင် ဖေ့ဘုတ်စ် မိတ်ဆွေ တစ်ယောက် မှတ်တမ်းတင်ထားနိုင်လိုက်သည့် ပုံရိပ်များကို စာဖတ်သူများသိအောင် တင်ပြလိုက်ရပါတယ်ခင်ဗျာ....


                     သင်္ကန်းညီနောင်က တပ်ကြပ် ကျားကြီးဦးဆောင်သော ဗျုဟာဂိတ်...

သင်္ကန်းညီနောင်က တပ်ကြပ် ကျားကြီးဦးဆောင်သောဗျုဟာဂိတ်သည်မြန်မာပြည်တွင် ၀င်ငွေအကောင်းဆုံးဂိတ်လို့ ပြောလို့ ရပါတယ် ။ ဒီဂိတ်ကိုဖြတ်ဖို့ ကျွန်တော်တို့  ၂နာရီကျော်   နေပူထဲမှာနေပြီးမှဖြတ်ရပါတယ်ရှေ့ မှာလဲကားတွေအများကြီး တန်းစီနေရသလို ကျွန်တော်တို့ နောက်တွေမှာလဲကားတွေအများကြီးမြင်မကောင်းအောင်တန်းစီနေတာမြင်တွေ့ ပါတယ်။ ကားတစ်စီးချင်းသာ ကောက်ခံပြီးမှဖြတ်သန်းခွငိ့ပေးပါတယ် ။ အဲ့ဒီဂိတ်ကနေပြီးနောက်ဆုံးကားထိကို
 ၁ မိုင်ခွဲ ၂ မိုင် လောက်ထိရှည်လျားပါတယ် ။ဇိမ်ခံကားလေးတစ်စီးကို အနည်းဆုံး
ကျပ် ၂၀၀၀၀(နှစ်သာင်း)ထိကောက်ခံပါတယ် ။ မပေးနိုင်ရင်တော့လမ်းဘေးချရပ်ပြီးနေခဲ့ရပါတယ် ။ ကုန်တင်ကား (၁၂ ဘီးကား) တစ်စီးဆိုရင် ကျပ် သိန်းကျော် ပေးရတယ်လို့ သိရှိရပါတယ် ။တစ်ရက်ကိုကားအစီးရေ တစ်ထောင်ကျော်သွားလာနေရတဲ့နေရာပါ ။ဒီဂိတ်ဟာ နအဖ ခေတ်ကတည်း ကရှိနေခဲ့ပြီး ဘယ်သူမှ အရေးယူလို့ မရခဲ့သလို နိုင်ငံတော်အစိုးရ တရားဝင်တောင်းခွင့်လည်း မရှိတဲ့နေရာတစ်ခုပါ... ဒါကို အစိုးရ အာဏာရအရာရှိတွေလည်း သိပေမယ့် ၀င်ငွေကောင်းလွန်းတာကြောင့် ခွင့်ပြုထားတယ်လို့သိရပါတယ်...

 ဂိတ်ကြေးတွေကိုအများကြီးကောက်ခံနေပြီး လမ်းတွေကိုတော့ သည်အတိုင်းပစ်မထားသင့်ပါဘူး ။ လမ်းတွေအတော်ကိုဆိုးရွားနေပါတယ်။ နေ့ စဉ်ခရီးသွားနေတဲ့ပြည်သူတွေအတွက်စိုးရိမ်စရာ
အန္တာရယ်တစ်ခုဖြစ်နေပါပြီ။ တောင်အတက်ကနေပြီးဆင်းသည်အထိ တစ်နေရာတည်းသာပြင်ဆင် ဖာထေး နေတာတွေ့ မြင်ရပါတယ် ။ ယခုလိုမိုးရာသီဆိုလျှင် အင်မတန်မှ အန္တာရယ်များတဲ့အတွက် ခရီးသွားသူအချိုးနည်းပါးလာတာတွေ့ မြင်ရပါတယ် ။ယခုလိုဆိုးရွားနေတဲ့ တောင်တက် လမ်းတွေကို ပြင်ဆင်ဖို့ အထူးအရေးကြီးကြောင်းသိစေအပ်ပါတယ်။

                 သင်္ကန်းညီနောင်မှ ပုံစံအမျိုးမျိုးနဲ့ အတောင်းရမ်းထူသော ၀ါးတားဂိတ်ပါ ...။

အဖွဲ့စုံ လား၊ လူစုံလားတော့မပြောတတ်ပါဘူး... AK လမ်းတံတားပြုပြင်ကြေးလို့ အမည်ခံထားပေမယ့် လမ်းကို တစ်ချက်မပြင်ဘဲ အမြင်ကတ်လောက်အောင်တောင်းပြီး  မိုက်မိုက်ရိုင်းရိုင်းနဲ့ လူပြောများသော ဂိတ်တစ်ခုပါ။ ကျွန်တော်ကိုယ်တိုင်လဲ ကိုယ်တွေ့ မြင်ခဲ့ပါတယ်။ စိတ်ပျက်စရာကောင်းသောဂိတ်ပါ။ လူမြင်မကောင်းအောင် ကားနောက်ကပြေးလိုက်ပြီးတောင်းနေတာတစ်မျိုး ၊ ချိန်းခြောက်ပြီးတောင်းနေတာတစ်မျိုး၊ မျက်နှာကြောတင်းတင်းနဲ့  ရင့်ရင့်သီးသီးပြောပြီးတောင်းတာတစ်မျိုး ဂိတ်တစ်ခုတည်းမှာပဲ ဂိတ်ကြေးတောင်းတဲ့ပုံစံအမျိုးမျိုးတွေ့ နေရပါတယ် ။


 
သင်္ကန်းညီနောင် တောင်တက်လမ်းရှိ ဗျုဟာ ဂိတ် အနီးက တံတားကြေးကောက်ခံနေသူပါ ။ 
၇ ပေ၊ ၈ ပေ လောက်သာရှိတဲ့ကွန်ကရစ်တံတားကိုဘယ်သူ့ အားကိုးနဲ့ ကောက်ခံနေလဲမသိပါ။ ကားတစ်စီးကို ၅၀၀ ကျပ် ပေးဆောင်ရပါတယ်တစ်ရက်လျှင် ကားအစီးရေ ၁၀၀၀(တစ်ထောင်) ကျော်သွားလာသည်ဟုသိရပါတယ် ။ဒီ ၇ ပေ ၈ ပေ လောက်သာရှိတဲ့ တံတားကြေးကောက်ခံနေတာဟာဘယ်လောက်ကြာပြီလဲတော့မသိပါ။
 ကောက်ခံနေတဲ့အဖွဲ့ အစည်းတွေကတော့ချမ်းသာနေပြီလို့ တော့ကြားသိရပါတယ်..။ ဒီတံတားကြေးကောက်ခံနေတာကိုရပ်သင့်တော့ပြီလို့ ကျွန်တော်မြင်ပါတယ်...


ဇာသပြင် ( ကရင်ပြည်နယ် ) ကအချိန်မရွေးပြိုကျပျက်စီးနိုင်သော ချောင်းကူးတံတားလေးပါ။   မြ၀တီသွားသောခရီးသည်တင်ကားများသာသည်လမ်းကိုဖြတ်လမ်းအဖြင့် အသုံးပြုနေဆဲပါ။  နေ့ စဉ်လိုလို အသုံးပြုဖြတ်သန်းနေပါတယ် ။ တံတားဖြတ်ကျော်ပြီးမှ သက်ပြင်းချမိပါတယ်။  ကြောက်စရာအလွန်ကောင်းတဲ့တံတားတစ်ခုပါ ။တာဝန်ရှိသူများသိစေလိုပါသည်။
 
 ပုံများကို  Infinity Power မှ ကူးယူဖော်ပြသည်။
  
(U.V.I)

No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။