ကိုလိုနီခေတ်က လုပ်ထုံးတွေကို ဆက်သုံးနေတဲ့ မြန်မာပြည်က လူဝင်မှုကြီးကြပ်ရေးဌာန
မြန်မာပြည်မှာ ဗီဇာသက်တမ်းတိုးဖို့ Visa Extention လုပ်ဖို့လုပ်ရတာဟာ အမေရိကန်မှာ
သေဒဏ်အပြစ်ပေးခံတဲ့သူကို ဆေးထိုးမသတ်ခင်
ပြင်ဆင် မှတ်တမ်းတင်ရတာထက်တောင် အတော် အလုပ်များနေပါတယ်။
ဖြည့်လိုက်ရတဲ့ လျှောက်လွှာကလဲ အစောင်စောင်
ထိုးလိုက်ရတဲ့ လက်မှတ် သွားလိုက်ရတဲ့ ရုံးကလဲ တမြို့လုံး နှံ့နေအောင်ပါ။
ဒါတွေက တကယ်ရော လိုလို့လား... တကယ်ရော လုံခြုံရေးအရရော အလုပ်ဖြစ်လို့လား... အထောက်အကူ ဖြစ်လို့လား... လိုအပ်တဲ့ အထောက်အထားတွေဟာ ခဏနဲ့ပဲ ဟိုဂျောင် ဒီဂျောင်ရောက်သွားမှာပဲ
မဟုတ်လား...
သူများနိုင်ငံတွေမှာ စာရွက်တရွက်
၅ မိနစ် လောက်နဲ့ ပြီးစီးတဲ့ ဗီဇာတိုးရတဲ့အလုပ်ကို မြန်မာပြည်က
ကိုရွှေလ၀က ရုံးမှာတော့ တနေကုန် တနေကန်းနဲ့ ၀န်ထမ်းပေါင်း၁၅ဦး
လောက်ကို နေရာပေါင်းများစွာမှာ လှည့်ပတ် လုပ်ရတာ အတော်ပဲ စိတ်ပျက်စရာပါ။ လ၀ကရဲ့
လုပ်ထုံး လုပ်နည်းတွေလဲ မပြောင်းသလို လ၀က ၀န်ထမ်းတွေရဲ့ အကျင့်
Attitude တွေကလည်းအရင်ပုံစံအတိုင်းပဲ ဖြစ်နေသေးပါတယ်။ အောက်ခြေမှာတော့
မပြောင်းသေးတဲ့အထဲမှာ လ၀က လည်း ထိပ်ဆုံးပါနေဆဲပါ။
ဗီဇာလျှောက်တဲ့အချိန်မှာလည်း ဆွေ
၇ဆက် မျိုး၇ဆက်နဲ့ လျှောက်လွှာတွေ ကိုယ်ရေးအချက်အလက်တွေကို ယူပြီးလို့ ရဲသတင်းတပ်ဖွဲ့နဲ့
နိုင်ငံခြားရေးရုံးက ထောက်ခံလို့ ဗီဇာ ထုတ်ပေးပြီးကာမှ မြန်မာပြည်ရောက်တော့လဲ
ဘာမှ မလိုအပ်တဲ့ မေးခွန်းတွေ လျှောက်လွှာတွေကို အချိန်ကုန်
ငွေကုန် စာရွက်အကုန်ခံ လက်ညောင်းခံပြီး ထပ်ဖြည့်ခိုင်းပြန်တာ ဘယ်လိုများ
ရွှေဥာဏ်တော် စူးရှသလဲ မစဉ်းစားတတ်ပါ။ ဒီလျှောက်လွှာတွေကလဲ လပိုင်းတွင်း
Recycle
လုပ်ဖို့ ရောင်းစားပစ်မှာပဲ မဟုတ်လား... ဘာကြောင့် ရုံးမှာ
အရှုပ်ခံပြီး စာရွက်တွေ အများကြီးမှာ အလုပ်မဖြစ်တဲ့အရာတွေကို ထပ်ရေးဖို့
လိုအပ်နေတာလဲ မစဉ်းစားတတ်ပါ။
မြန်မာပြည်ဖွား မြန်မာနိုင်ငံသားအဟောင်းတွေ မြန်မာတိုင်းရင်းသားအဟောင်းတွေ နိုင်ငံခြားသား
ခံယူပြီး မြန်မာပြည်ကို Social Visit နဲ့
အလည်ပြန်တဲ့အခါ သံရုံးက
ဗီဇာရဖို့ အနည်းဆုံး ၃ ပတ်ကနေ တချို့ဆိုရင် ၃-၄လတောင် ကြာတတ်ပါသည်။
ဗီဇာရလို့ မြန်မာပြည်ကို ၀င်လာတော့လည်း
၂၈ ရက်ပဲ နေထိုင်ခွင့်
ပထမအဆင့် ပေးပါတယ်။ ခက်တာကရန်ကုန်လေဆိပ်မှာဝင်လာတဲ့အခါ ဘာ သတင်းအချက်အလက်
ဘာ Information
နဲ့ ညွှန်ကြားချက် စာရွက်စာတမ်းမှ ထုတ်မပေးတဲ့အပြင်
ဗီဇာဝင် တုံးထုပေးတဲ့ Immigration တွေကလည်း
ဘာတခွန်းမှ မပြောပဲ တုံးပဲ ထုပေးတတ်ပါသည်။
Social Visit နဲ့ဝင်လာသူတွေဟာ ၂၈ ရက် ကုန်ခါနီးမှ
သက်တမ်းတိုးရမှာလား... သက်တမ်းတိုးရင်လည်း ဘယ်မှာ ဘယ်လို သက်တမ်းတိုးရမယ်
ဘာ အထောက်အထားနဲ့ ဘာစာရွက်စာတမ်းတွေ ပါရမယ်ဆိုတာလည်း ဘာ တခုမှ
တိတိကျကျ ညွှန်ကြားတာ ရှင်းပြတာ မရှိတဲ့အပြင် တနေရာမေးရင် တမျိုးပြောတယ်
တဦးမေးရင် တပုံစံဖြစ်တဲ့ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ကတော့ အတော်ကို
ခက်ပါသည်။
တကယ်တော့ Social
Visit နဲ့ဝင်လာသူတွေဟာ မြန်မာပြည်ကို ရောက်ပြီး
၂၄ နာရီ ပြည့်တာနဲ့ ဧည့်စာရင်းတိုင်ပြီးတာနဲ့ နောက်ထပ် ၃လ သက်တမ်းကို
ကြိုတင် တိုးထားလို့ရတာကို ဘယ်သူကမှ မပြောကျတော့ မသိတဲ့သူက များပါသည်။၂၈ ရက် ကုန်ခါနီး သက်တမ်းပြည့်ခါနီး ဗီဇာသက်တမ်းတိုးရမည့်အချိန်ရောက်တဲ့အခါ
ဘယ်ကို
ဆက်သွယ်လို့ ဆက်သွယ်ရမှန်းလည်း မသိ...
ဘယ်လို လုပ်ရမှန်းလည်း မသိ...
ဘာတွေ
လိုမှန်းလည်း မသိ...
မြန်မာပြည်မှာ ဗီဇာတွေ လျှောက်ပေးနေတဲ့ ခရီးသွား Tour
Agencies တွေတောင် ကောင်းကောင်း မသိတာက များပါသည်။ ဒါတောင် မြန်မာစကားတတ်တဲ့
မြန်မာပြည်ဘွားတွေ ရန်ကုန်မှာ ပြန်ကြုံရတဲ့ ဒုက္ခတွေပါ။
တကယ်တော့ မြန်မာပြည်ဖွား နိုင်ငံခြားသား Passport ကိုင်ဆောင်သူတွေဟာ ကိုယ်နေထိုင်ရာ
ရပ်ကွက်က ဧည့်စာရင်းတိုင်တဲ့ ရပ်ကွက် လူကြီးဆီကနေ ထောက်ခံစာ ယူရပါတယ်။
အဲဒီအတွက် ရပ်ကွက် လူကြီးကို ကျပ် ၁၀၀၀ လောက် ပေးရပါတယ်။ ဇာတ်လမ်းက
ဒီမှာ စပါပြီ။
ရပ်ကွက်လူကြီး ထောက်ခံစာကို ယူပြီး Passport Size ဓာတ်ပုံ
၃ ပုံနဲ့ ကိုယ်နေထိုင်တဲ့ မြို့နယ် လ၀က ရုံးကို လျှောက်လွှာတွေ ၀ယ်ပြီး
ကော်ပီကူးပြီး လျှောက်လွှာ ၃ စောင်ကို ဖြည့်စွက်ရပါတယ်။ အဲဒီမှာ ရပ်ကွက်မှာ
ဧည့်စာရင်း တိုင်ထားတဲ့ အထောက်အထားနဲ့အတူ ထောက်ခံစာကိုပါ ပူးတွဲတင်ပြရပါတယ်။
ကိုယ့်ကိုလိုက်ပြီး ထောက်ခံပေးမည့် မြန်မာပြည်ကမိသားစုဝင်ပဲဖြစ်ဖြစ်၊
သူငယ်ချင်းပဲဖြစ်ဖြစ်၊ တဦးဦးကလည်း သူရဲ့မှတ်ပုံတင်ကော်ပီ
သူရဲ့ အိမ်ထောင်စုဇယားကော်ပီတွေနဲ့ အတူ လျှောက်လွှာတွေကို
မိတ္တူ ကူးပြီး လျှောက်လွှာအစုံ ၃ စုံကို ဖြည့်ရပါတယ်။
ပြီးလျင်
မြို့နယ် လ၀က အရာရှိက လက်မှတ်ထိုးပြီး အဲဒီလျှောက်လွှာတွေကို ကိုယ်တိုင်
ယူဆောင်ပြီး ခရိုင်လ၀က ရုံးကို သွားရပါသည်။ မြို့နယ်လ၀က အရာရှိကိုလည်း
လက်ဖက်ရည်ဖိုး ၅၀၀၀ ကျပ် လောက်ပေးမှ သေသေချာချာနဲ့ လိုနေတာတွေရှိရင်
မရစ်တော့ပဲ အဆင်ပြေအောင် လုပ်ပေးလိုက်ပါတယ်တဲ့။ မြို.နယ်ရုံးပြီးတော့
လျှောက်လွှာတွေ ကိုယ်ပြီး ခရိုင်ရုံး အရှေ့ပိုင်းခရိုင်
အနောက်ပိုင်းခရိုင် စတဲ့ ရန်ကုန်က ခရိုင် လ၀က ရုံးကို သွားရပါတယ်။
အဲဒီမှာ ဗီဇာသက်တမ်းတိုးတဲ့ လ၀က အရာရှိက ပါလာတဲ့ လျှောက်လွှာ
၃ စုံကို စစ်ဆေးပြီး သူအထက်က ခရိုင်လ၀ကမှူး လက်မှတ် မထိုးခင် စစ်ဆေးပါတယ်။
ပြီးတော့ ဒါမပါဘူးလား ဟိုဟာ လိုနေတယ် ဒီဟာ ကျန်နေတယ်ဆိုပြီး အစကတည်းက
လိုအပ်တာတွေကို မြို့နယ်ရုံးကတည်းက ပြီးအောင် မပြောပဲ မတောင်းပဲ သူ့ရုံးရောက်နေမှ
ဒါလိုတယ် ဘာလိုတယ်ဆိုတာ ပြောပြီး လက်ဖက်ရည်ဖိုး ရဖို့ ရစ်တတ်ပြန်ပါသည်။
အဲဒါ ကျပ် ၃၀၀၀ လောက် ညှပ်ပေးလိုက်ရင် အဆင်ပြေပြီး သူတို့ရဲ့အဘ
ခရိုင် လ၀ကမှူးအတွက် ကျပ် ၅၀၀၀ လောက် ထည့်ပေးလိုက်တာနဲ့ လိုတာတွေ
အကုန် ပျောက်ပြီး အဘ ဆိုသူရဲ့ လက်မှတ် ထိုးပေးတာကို ရရှိပါသည်။
အဲဒီခရိုင်မှူး ထိုးပေးလိုက်တဲ့ လျှောက်လွှာတွေကို ကိုင်ပြီး လူကိုယ်အရင်မဆလ
ခေတ်က ပြည်သူ့ရင်ပြင်နဲ့ ပြည်သူ့ဥယျာဉ်မှာရှိတဲ့ မဆလ လွတ်တော် အဆောက်အဦး
အဟောင်းထဲမှာ ဟို ကြောင်ကြို ကြောင်ကြားမှာ လျှပ်စစ်မီးတောင် ကောင်းကောင်းမရှိ
သေသေခြာခြာလည်း လမ်းညွှန်တွေ မရှိတဲ့ တိုင်းလ၀က ရုံးကို တက်ရပြန်ပါသည်။
အဲဒီမှာလည်း လ၀က
အရာရှိ ၂ ပွင့် တွေက ပြန်စစ်ပြီး ရောက်တုန်းက
ဝင်လာတုန်းက လ၀က ကို ဧည့်စာရင်းမတိုင်ဘူးလား... လ၀ကဆီက ဧည့်စာရင်း တိုင်တဲ့
စာရွက် မပါဘူးလား... ဘာညာနဲ့ တခါ ထပ်ရစ် ပြန်ပါသည်။
လေဆိပ် ၀င်လာတုန်းက
ဒါတွေ လိုအပ်တယ် ဧည့်စာရင်းကို ရပ်ကွက်တင် မဟုတ်ပဲ မြို့နယ်လ၀ကမှာ
သွားပြီး ဧည့်စာရင်း တိုင်ရမယ်ဆိုတာကို ဘယ် Immigration
Officer ကမှ သတိမပေး မပြောပြ မရှင်းပြပဲ ဗီဇာ သက်တမ်းတိုးဖို့ မြို့နယ်နဲ့ ခရိုင်
လ၀က အဆင့် ရုံးတွေတောင် ကျော်ပြီး အခု တိုင်း လ၀က ရုံးအထိ ရောက်နေတော့မှာ
ဒါတွေ လိုတယ် ဟိုဟာ ကျန်တယ် ဒီဟာ မပါဘူးလို့ ပြန်ပြီး ပြောနေတော့.... တကယ်လိုအပ်ရင် ၀င်လာကတည်းက
ရှင်းရှင်းလေး ပြောပြ သတင်းအချက်အလက်တွေကို ပေးမထားပဲ တိုင်းရုံးရှေ့
လူရောက်နေမှ ဘာ အထောက်အထားတွေလိုတယ် ဘယ်ကို ဧည့်စာရင်းတိုင်ရမယ်လို.
ပြောနေချင်းဟာ မြန်မာပြည်က လ၀က အလုပ် မလုပ်တာလား...
မဟုတ်ရင်
အကြောင်းပြပြီး ငွေချူဖို့ အကွက်ဖန်တီးထားတာလား လ၀က ၀န်ထမ်းတွေပဲ အသိဆုံးပါ...
ဒီတော့လည်း အမရာ အကိုရာ အဆင်ပြေအောင် လုပ်ပေးပါ... အရမ်းလည်း
ပူတယ် အရမ်းလည်း အိုက်တယ်... တနေလည်း ကုန်တော့မယ်... ဗီဇာသက်တမ်းတိုးဖို့
ရပ်ကွက်က လူကြီးရုံးအပါအ၀င် အခုဆို နေရာ ၄ ခုကို လှည့်ပတ်ပြီး
မြန်မာပြည်က နေပူကျဲကျဲမှာ သွားနေရတာ စိတ်လည်း တိုစရာ စိတ်အနှောက်အယှက်လည်း
ဖြစ်ရတာ တကယ်ပါ။ ဒီတော့ အဘအတွက် ကျပ် ၅၀၀၀ လောက်ထည့်ပေးပြီး
လက်မှတ်ထိုးခိုင်း လျှောက်လွှာ စစ်ခိုင်းတော့မှပဲ... ဗီဇာသက်တမ်းတိုးတဲ့
File
No နဲ့ သက်တမ်းတိုးတဲ့ နေ့စွဲနဲ့ အတူ ဘယ်ကို ဖုန်းဆက် ရမယ် ဆိုတဲ့
ဖုန်းနံပါတ်ပေးပြီး
၂ပတ် ၃ ပတ်ကြာတဲ့အခါ ပန်းဆိုးတန်းက အရင်
Passport
ရုံးရှိ Stay Office ကို
ဓာတ်ပုံ ၂ ပုံနှင့် အတူ သွားဖို. လမ်းညွှမ်မှု
ပေးလိုက်ပါတယ်။
ဒီတော့
တနေကုန်ပြီး တက္ကဆီသမားကို အငှားလာရင် ကားခက
၃သောင်း လောက် ကုန်နေပြီး အဘ တွေ အမတွေကို လက်ဖက်ရည်ဖိုးက ၁၉၀၀၀ ကျပ်လောက်
ကုန်နေပြီး ဒီတော့ ၅သောင်းနီးပါးလောက် ကုန်သွားပြီ။တခါ ၂ပတ် ၃ ပတ်ကြာလို့ stay
Office ကို ဖုန်းဆက်ပြီး ဗီဇာရပြီလားလို့ မေးလို့ ရတယ်ဆိုရင်
သွားရပြန်ပြီ ပန်းဆိုးတန်းက အရင် Passport ရုံးဟောင်းကို အဲဒီမှာလည်း
ပြန်ပြီး လျှောက်လွှာတွေ ၀ယ်ခိုင်း မိတ္တူတွေကူးခိုင်းနဲ့ လျှောက်လွှာတွေ
ပြန်ဖြည့် ငွေစာရင်းသွင်းခိုင်းပြီး ဗီဇာ သက်တမ်း ၃လအတွက် ကန်ဒေါ်လာ
၃၆ ဒေါ်လာ ပေးရတယ်။
တကယ်လို့ သက်တမ်းတိုးတာ ရက်ကျော်ရင် တရက်ကို ၃ဒေါ်လာနှုန်းနဲ့
ဒဏ်ငွေဆောင်ရတယ်။
၃လ သက်တမ်းတိုးရင် ထပ်ပြီး FRC လျှောက်ရမယ်ဆိုရင်...
တခြားတနေရာကို ပြန်လွတ်ပါရော... တကယ်လို့ FRC မလျောက်ဖူးဆိုရင်
နောက်တကြိမ် သက်တမ်းတိုးမယ်... မြန်မာပြည်မှာနေတာ
ရက် ၆၀ ထက် ကျော်မယ်ဆိုရင်
ဒဏ်ငွေ ၁၈ ဒေါ်လာ ပေးရဦးမှာတဲ့။
အဲဒီလို ငွေတွေပေး လျှောက်လွှာတွေ
ဖြည့် မိတ္တူတွေကို အပြင်မှာ ပြန်ထွက် ကူးနဲ့ ရှုပ်ယှက်ကို ခတ်နေတာပဲ။
ပြီးတော့ နောက် ၁ နာရီ ၂ နာရီမှ ပြန်လာပါတဲ့... ဒီလိုနဲ့ ဒီနေ့လည်း နေ့တ၀က်
ကုန်သွားတယ်။ အဲဒီတော့မှ ၃လစာ သက်တမ်းတိုးပေးတာ ပြီးတယ်... အဲဒီအတွက်လည်း
နောက်ထပ် ကျပ် ၅၀၀၀ လောက် ညှပ်ထားခဲ့ရပြန်တယ်။ ကားခကလည်း အပြတ်ငှားရင်
၁နာရီကို ၆၀၀၀ ကျပ် ဆိုရင် နောက်ထပ် ကျပ် ၂သောင်းလောက်က ကုန်သွားတယ်။
စာရွက်နဲ့ ဖြည့်ရတဲ့ လျှောက်လွှာပေါင်းကလည်း စုစုပေါင်း မိတ္တူ
ကူးရတာတွေ တွက်ကြည့်ရင် စာရွက် ၅၀ လောက် ကုန်တယ်။ ဒီအတွက် အလုပ် လုပ်ရတာက
လူက ၁၅ဦး လောက် ကုန်တယ်... နောက် ၂ရက် လောက်တော့ အချိန် ပေးလိုက်ရတယ်။သူများနိုင်ငံမှာ ၀န်ထမ်း ၁ဦးက ၅ မိနစ် လောက်နဲ့ ပြီးတဲ့ ဗီဇာ သက်တမ်းတိုးရတဲ့အလုပ်ကို
မြန်မာပြည်က ကိုရွှေ လ၀ကနဲ့ အစိုးရက ဒီလောက်အထိ အချိန်လည်း
ကြာ၊ လူတွေလည်းများ၊ စက္ကူတွေ မှင်တွေလည်းကုန်၊ ကုန်ကျစရိတ် ကလည်း ကားခပါ
တွက်ရင်
၁ သိန်း လောက်ကုန်သွားတော့...
ဘာကြောင့် လွယ်လွယ်နဲ့ လုပ်လို့ရတဲ့ ဒီခေတ်ကြီးမှာ
ဟို ရှေးပဝေသနီက ကိုလိုနီခေတ်က လုပ်ထုံး လုပ်နည်းတွေကို ဆက်သုံးနေရတာလည်း..
ဝန်ထမ်းတွေအတွက် စားဝတ်နေရေး အဆင်ပြေဖို့အတွက် အကွက်ဖန်ထားတာဆိုရင်လည်း မထူးလည်း
ငွေက ကုန်နေတော့ အခု အစိုးရကို ပေးရတဲ့ ၃၆ ဒေါ်လာ အစား ဒေါ်လာ ၅၀
ယူလိုက်ပြီး ၃၆ ဒေါ်လာကို အစိုးရ ဌာနဆိုင်ရာအတွက် သုံးလိုက် ကျန်တဲ့ ၁၄ ဒေါ်လာကို
ဝန်ထမ်းတွေ သက်သာချောင်ချိရေးအတွက် ဗြောင်ယူပြီး ဗြောင်သုံးရင် မကောင်းဘူးလား။ အခုတော့
ဗီဇာသက်တမ်း တိုးရတဲ့သူအတွက်လည်း ငွေကုန်ပြီး လူပင်ပန်းတယ်
ဝန်ထမ်းတွေအတွက်လည်း သိက္ခာကျတယ် အကျင့်ပျက်တယ်လို့ ဖြစ်နေတယ်...
ဒါတွေကို ဘာကြောင့် မပြုပြင်သေးတာလည်း မပြုပြင်နိုင်သေးတာလည်း
ဘယ်လောက်များ ခက်ခဲတဲ့အရာတွေမို့ ဒီလိုမျိုး စနစ်ဟောင်းနဲ့
လုပ်ထုံး လုပ်နည်းဟောင်းတွေကို မြန်မာပြည်က လ၀က ဌာနက ဆက်သုံးနေတာလည်း...
တကယ်တမ်းက နိုင်ငံခြားသားတွေ၏ လူဝင်မှုကို အနီးကပ် ကြီးကြပ်
ထိမ်းသိမ်းဖို့ မပြောနဲ့ သူတို့ လ၀က ရုံးမှာတောင် တိုင်းရုံးမှာပဲ ကွန်ပြူတာ
သုံးနိုင်ပြီး ပန်းဆိုးတမ်းက Stay Office မှာတောင်
လ၀က
အရာရှိတွေဟာ အခုအထိ လက်ရေးမူနဲ့ စာတွေ ကူးနေရတာမို့ တခြား အပြင်ကို လူဝင်မှုတွေကို
Monitor
လုပ်ဖို့ စီစစ်ကြီးကြပ်ဖို့မပြောနဲ့ သူတို့ရုံးထဲမှာ တခြားသူက
ဓာတ်ပုံ ၀င်ရိုက်တာတောင် မော်နီတာ မလုပ်နိုင် စောင့်မကြည့်နိုင် မထိန်းချုပ်နိုင်သေးဘဲ
ဘယ်လို လုပ်ပြီး အပြင်မှာ ရှိတဲ့ Over Stay Chinese and Korea တွေကို
မြန်မာ လ၀က ဌာနက စောင့်ကြည့် ထိမ်းချုပ်နိုင်မှာလည်း မေးစရာပါ။
တွေးစရာပါ။ ဒါကြောင့်လည်း ရေးဖြစ်လိုက်တာပါ။
မလိုအပ်တဲ့ များပြားလှတဲ့ လျှောက်လွှာဖောင်တွေကို အများကြီး ဖြည့်ခိုင်းပြီး
ပန်းဆိုးတန်း Stay Office က မြန်မာလ၀က ရုံးတဲ့။
သူများနိုင်ငံမှာ ၁ဦး ၂ဦးနဲ့ ပြီးတဲ့အလုပ်ကို ဒီမှာတော့ တပြုံကြီး တပုံကြီးပဲ...
(U.V.I)
No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။