ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၅) ရက်နေ့ည ၇ နာရီလောက်က ကျနော်ရုံးကအပြန် မျက်မြင်တွေ့တာလေးတစ်ခု ပြောပြချင်လို့ပါ။
အဲဒီနေ့ညနေက ကမ္ဘာအေးဘုရားလမ်းအတိုင်း ရုံးအပြန်လမ်းမှာ ရေခဲဆိုင်မှတ်တိုင်နား ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်လမ်းထိပ် ကားမှတ်တိုင်နားအရောက်မှာ ကားတွေပိတ်နေလို့ ကားပေါ်က ဆင်းပြီးကြည့်မိပါတယ်။ အဲဒီမှာ မင်းမဲ့စရိုက်ဆန်ဆန် အဖြစ်အပျက်တစ်ခုကို မျက်မြင်တွေ့ခဲ့ရလို့ တော်တော်လေးလဲ အံ့သြမိပါတယ်။ ဘယ်သူဘယ်ဝါတွေမှန်းမသိရပေမဲ့ ကျနော်တွေ့တာတွေဘဲ ပြောပြပါ့မယ်။
ကျနော်ရောက်သွားတဲ့အချိန်မှာ လေးဘီးကားတစ်စီးက ဆူဇူကီး အာရ်+ ကား နီညိုရောင်ကိုဝင်တိုက်မိထားတယ်ထင်ပါတယ် ဆူဇူကီးကားပေါ်က အသက် ၂၀ ပတ်ဝန်းကျင်လောက်လူငယ် ၄ယောက်ဆင်းပြီး လေးဘီးကားသမားနဲ့ စကားများနေရာက တစ်ယောက်က လမ်းဘေးက အုတ်နီခဲလို့ထင်ရတဲ့ အရာတစ်ခုနဲ့ လေးဘီးကားမှန်ကို ပစ်ခွဲလိုက်တာ လေးဘီးကားမှန်အစိတ်စိတ်အမွှာမွှာကွဲသွားပါတယ်၊ နောက်တော့ လူငယ်လေးယောက်ဟာ လေးဘီးကားမောင်းတဲ့သူကို ဝိုင်းထိုးကြပါတော့တယ်။
အဲဒီအချိန်မှာ အရှေ့မုခ် ရေတာရှည်လမ်းထပ် ယာဉ်ထိန်းရု့လေးနားက အမျိုးသမီးငယ်တစ်ယောက်က သူ့မှာပါတဲ့ ဟန်းဖုန်းလေးနဲ့ အဖြစ်အပျက်တွေကို ဓါတ်ပုံရိုက်ပါတယ်။ အဲတာကို လူငယ်လေးယောက်ထဲ တစ်ယောက်ကတွေ့သွားပြီး အဲဒီအမျိုးသမီးငယ်လေးထံ ပြေးသွားပါတယ်။ ထိုးကြိတ်မဲ့ပုံနဲ့ ပြေးသွားတာကြောင့် အမျိုးသမီးငယ်ခမျာြော့က်လန့်တကြား ယာဉ်ထိန်းရုံလေးဘက်ကိုပြေးပါတယ် အဲဒီမှာတာဝန်ကျတဲ့ ယာဉ်ထိန်းရဲဘော်ကလဲ အမျိုးသမီးငယ်ရဲ့ရှေ့က လက်ကို ဆန့်ပြီး အကာအကွယ်ပေးလိုက်တာတွေ့ရပါတယ်။ ပြေးသွားတဲ့လူငယ်ဟာ အမျိုးသမီးငယ်ကို အကာအကွယ်ပေးနေတဲ့ ယာဉ်ထိန်းရဲဘော်ကို လက်သီးနဲ့ ဆင့်ကာဆင့်ကာထိုးပြန်ပါတယ်။ နောက်က သူနဲ့ အတူပါလာတဲ့ လူငယ်တွေကလဲ ယာဉ်ထိန်းရဲဘော်ဆီပြေးလာပြီး ထိုးကြပြန်ပါတယ်။
အဲသလိုနဲ့ လူငယ်လေးယောက်ဟာ ယာဉ်ထိန်းရဲဘော်ဆီကနေ လေးဘီကားဆီပြန်သွားပြီး ကားဆရာကို ထိုးလိုက် အမျိုးသမီးရှိတဲ့ဘက်ကိုပြန်လာပြီး ရန်ရှာလိုက်နဲ့ ဖြစ်ပျက်နေကြတဲံအချိန်မှာ ကားတွေပေါ်ကလဲ ဘယ်သူမှထွက်လာပြီးမဆွဲရဲကြပါဘူး၊ ရှက်ရှက်နဲ့ပြောရရင် ကျနော်ပါ အပါအဝင်ပေါ့ဗျာ ဘာကောင်ကြီးတွေရဲ့ သားဆိုးတွေမှန်းမသိတော့ ကြောက်ကြောက်နဲ့ ကြည့်နေရုံကလွဲရင် ဘာတတ်နိုင်မှာလဲ။
ခဏကြာတော့ ကရိန်းကားကြီးရောက်လာတယ် ဆူဇူကီးကားက မောင်းလို့မရတော့ဘူးထင်ပါတယ် ကရိန်းကားနဲ့ဆွဲယူသွားပြီး လေးဘီးကားကိုတော့ လမ်းလွတ်တဲ့ဆီတွန်းရွှေ့လိုက်ကြပါတယ်၊ ကရိန်းကားရောက်ပြီး ချက်ချင်းဆိုသလိုပါဘဲ လည်စည်းအနီနဲ့ စစ်သားတွေရောက်လာပြီး ရပ်ကြည့်နေတဲ့သူတွေကို ရှင်းပါတယ်၊ ကားတွေကိုလဲရှင်းပါတယ်၊ နဂိကတည်းက ကြောက်နေကြတဲ့ ပွဲကြည့်ပရိတ်သတ်ဟာ လည်စည်းအနီနဲ့ စစ်သားတွေတွေ့မှတော့ ဘယ်နေရဲတော့မလဲဗျာ ကျနော်လဲ ကျနော့်ကားပေါ်ကျနော်ပြန်တက်ပြေးတော့တာပေါ့။ အဖြစ်အပျက်ကလေးကတော့ ဒါပါဘဲဗျာ ဘယ် မိ မဆုံးမ ဖ မဆုံးမသားသမီးတွေလဲတော့ မသိပါဘူး သူတို့ကားနံပါတ်ကိုမှတ်မလို့ကြည့်လိုက်တော့ ငပါးလေးတွေက ဖြုတ်ထားပြီးကြပြီဗျ။
ကျုပ်တို့ ရန်ကုန်မြို့တော်ကြီးပေါ်က ဖြစ်ပျက်သွားတဲ့ ရုပ်ဆိုးဆိုးအဖြစ်အပျက်ကလေးတစ်ခုပါ၊ ကိုင်း ဘဲ့နဲ့ရှိကြပါစ...
မျိုးချစ်
No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။