Thursday, December 17, 2009

တိုင်းပြည်တည်ငြိမ်အေးချမ်းလျှင် ဘိန်းစိုက်ပျိုးမှု ကျဆင်းမည်ဟု

မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားဒေသများ၌ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ကျဆင်းရေး အကောင်အထည်ဖော်ရာတွင် နအဖ စစ်အစိုးရသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တိုင်းပြည် တည်ငြိမ်အေးချမ်းရေးကို အရင်ဦးဆုံး လုပ်ဆောင်မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း ဒေသခံ မူးယစ်ဆေးဝါး စောင့်ကြည့်လေ့လာသူများက ပြောဆိုသည်။

အဓိကမှာ နိုင်ငံရေးအခြေအနေနှင့် အခင်းအကျင်းများကို နအဖစစ်အစိုးရက ပြောင်းလဲရန်လိုအပ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ရှမ်းမူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့မှ တာဝန်ခံ ဦးခွန်ဆိုင်းက ပြောသည်။

၎င်းက “နအဖက သူတို့နဲ့ မတူတဲ့သူတွေကို ရန်သူလို့ သတ်မှတ်ထားတာတွေ ဖျောက်ပစ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး အောင်မြင်လာရင် တိုင်းရင်းသားဒေသတွေမှာ ထားရှိတဲ့ သူတို့စစ်တပ်တွေ လျော့လာမယ်။ အဲဒီလိုရန်သူမရှိတော့ရင် တပ်ရင်းလည်း နည်းလာမယ်။ နအဖက သူတို့စစ်တပ်တွေကို ဒေသခံပြည်သူတွေကို ကျွေးမွေးခိုင်းထားတာ။ သူတို့က ကျွေးနေတာမဟုတ်ဘူး။ ဒါကြောင့် စားဝတ်နေရေး အကျပ်အတည်းကြားက အစဉ်တစိုက် ရုန်းကန်နေကြတဲ့ ဒေသခံပြည်သူတွေက ကုန်ကျစရိတ်အားလုံးကို ကာမိအောင် ဘိန်းစိုက်မယ်။ ဘိန်းစိုက်ပျိုးမှုမှာ အကျိုးစီးပွား အများဆုံး စံစားရတဲ့လူတွေက နအဖစစ်တပ်တွေနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေ ဖြစ်နေလို့ပဲ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

လွန်ခဲ့သည့် (၂) နှစ်မှစ၍ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း တိုင်းရင်းသားဒေသများတွင် ဘိန်းစိုက်ပျိုးမှု (၂) ဆ တိုးပွားလာကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ၏ အစီရင်ခံစာ ယမန်နေ့က ထုတ်ပြန်ခဲ့သည်။


နအဖ စစ်အစိုးရက အပြုသဘောမဆောင်ဘဲ အမိန့်အာဏာဖြင့် အတင်းအကျပ် စိုက်ခိုင်းနေသော ဘိန်းအစားထိုးသီးနှံ စီမံကိန်းမှာ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကြောင့် အဟန့်အတားဖြစ်လာက တောင်သူများက ၎င်းတို့ဘ၀ ရပ်တည်နိုင်ရေး အတွက် ဘိန်းပြန်လည်စိုက်ပျိုးလာခြင်းဖြစ်ကြောင်း၊ လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေ၏ မသေချာ၊ မရေရာမှုများကလည်း ဘိန်းစိုက်ပျိုးမှု ပိုမိုများပြားလာအောင် ဒေသခံတို့အား တွန်းပို့နေသကဲ့သို့ ဖြစ်နေကြောင်း မူးယစ်စောင့်ကြည့်လေ့လာသူတို့က ပြောဆိုကြသည်။

ကချင်သတင်းဌာနမှ အယ်ဒီတာချုပ် ကိုနော်ဒင်းက “မြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေ တည်ငြိမ်လာမှသာ ဘိန်းပပျောက်ရေးကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်မှာ ဖြစ်တယ်။ နအဖက သူတို့ လုပ်ချင်တာ လုပ်နေတော့ အဆိုးဘက်ကို ဦးတည်နေတယ်။ တိုင်းပြည်ငြိမ်းချမ်းပါမှ ဘိန်းစိုက်ပျိုးတာ ပပျောက်သွားအောင် လုပ်နိုင်မှာပါ။ အခုပုံအတိုင်းသာဆိုရင် ဘိန်းက ပိုများလာဖို့ပဲ ရှိတယ်။ ဘာလို့လည်းဆိုတော့ စီးပွားရေးကျပ်တည်းလာနေတဲ့ အခုအချိန်မျိုးမှာ ကချင်ဒေသမှာဆိုရင် ဘိန်းအစားထိုးသီးနှံတွေရဲ့ ဈေးကျဆင်းနေတော့ နောက်ဆုံးထွက်ပေါက်အနေနဲ့ ဘိန်းကိုပဲ ပြန်စိုက်လာကြတာပေါ့” ဟု ပြောကြားသည်။

ဘိန်းအစားထိုးသီးနှံများ ဈေးနှုန်း ကျဆင်းနေချိန်တွင် ဘိန်း (၁) ကီလိုဂရမ်လျှင် အမေရိကန် ဒေါ်လာ (၁,၃၂၇) အထိ ရှိနေသဖြင့် တောင်သူတို့အား ပြန်လည်၍ ဘိန်းစိုက်ရန် တွန်းအားပေးသကဲ့သို့ ဖြစ်နေကြောင်း ယမန်နေ့က ထုတ်ပြန်လိုက်သည့် ကုလသမဂ္ဂ၏ “အရှေ့တောင် အာရှအတွင်း ဘိန်းစိုက်ပျိုးမှုများ” အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယခုနှစ်အတွင်း ဘိန်းထုတ်လုပ်မှု (၁၁) ရာခိုင်နှုန်း တိုးပွားလာသည့် မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု ဟက်တာပေါင်း (၃၁,၇၀၀) အထိရှိကြောင်း ထိုအစီရင်ခံစာက ဆိုသည်။

ကုလသမဂ္ဂအဖွဲ့၏ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်တွင် အာဖဂန်နစ္စတန်သည် ဘိန်းထုတ်လုပ်မှု အများဆုံးနိုင်ငံ ဖြစ်ပြီး ဒုတိယအများဆုံးမှာ မြန်မာနိုင်ငံ ဖြစ်သည်။

oီရ


No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။