Thursday, December 17, 2009

နိုင်ငံပိုင် သိမ်းဆည်း ထားသော နိုင်ငံအနှံ့ရှိ အိမ်ခြံ မြေ များ ရောင်းချမည်

နိုင်ငံပိုင် သိမ်းဆည်းထားသော ပစ္စည်းများ စီမံခန့်ခွဲမှု ကော်မတီမှ အိမ်ခြံ မြေများ ကို ရောင်းချရန် အဆို ပြုလွှာများ ခေါ်ယူလျက် ရှိနေကြောင်း သတင်း ရရှိ ပါသည်။ ရန်ကုန် နှင့် မန္တလေးမြို့များ တွင် အများဆုံး တည်ရှိသည့် တိုက် ခန်း၊ မြေကွက်၊ မြေနှင့် အဆောက် အအုံ စုစုပေါင်း ၁၃၇ ခုကို ရောင်းချ ရန် စီစဉ် ထားခြင်းဖြစ်ပြီး ရန်ကုန်၊ မန္တလေး အပြင် ပဲခူး၊ ပြည်၊ တာချီလိတ်၊ ပြင်ဦးလွင်၊ မိတ္ထီလာ၊ လား ရှိုး၊ သံတွဲ၊ တောင်တွင်းကြီး မြို့များ ၌ တည်ရှိသည့် အိမ်ခြံ မြေများ လည်း ပါဝင်သည်ဟု သိရသည်။

မြေကွက်နှင့် အဆောက်အအုံ တွဲလျက် ၄၄ ခု၊ မြေကွက်သီးသန့် ၈၆ ကွက်၊ တိုက်ခန်း ခုနစ်ခန်းပါဝင် ပြီး ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားကာ အဆိုပြုလွှာများကို နေပြည်တော်၊ ရုံးအမှတ် ၃၂ သို့ တင်သွင်းရမည် ဖြစ်သည်ဟု သိ ရသည်။

လက်ရှိ ရန်ကုန်အိမ်ခြံမြေ ဈေးကွက်အနေအထား၊ ရင်းနှီးမြှုပ်နှံသူ များ၏ လက်ရှိငွေကြေး အသုံးပြုပုံ အနေအထားများအရ တန်ဖိုးငယ် အိမ်ခြံမြေများကို ပို၍ ၀ယ်ယူသည် ဟု အိမ်ခြံမြေဈေးကွက် ကျွမ်းကျင် သူများက သုံးသပ်ကြပါသည်။

''အိမ်ခြံမြေက အခုပုံမှန်ရောင်း ပုံမှန်ဝယ် အနေအထားရှိတယ်။ ၀ယ်တဲ့သူက နှစ်မျိုးရှိတယ်။ ပထမတစ်မျိုးက တခြားဈေးကွက်က ပြောင်း လာတာ။ ဥပမာ-ရွှေဈေးတက်တယ်။ ရွှေကို ပြန်ရောင်း ကြတယ်။ ငွေမာ ဈေးကျ တယ် တက်တယ် ဖြစ်နေတော့ နည်းနည်းလေး တက်တုန်း ငွေမာကို ကိုင်မထားဘူး ပြန်ရောင်း ပြီး အိမ်ခြံမြေဈေးကွက်ထဲ ၀င်လာတယ်။ ဒီလိုပြောင်းလာတဲ့ ရင်းနှီးမြှုပ်နှံသူတွေက အများဆုံး ကျပ် သိန်း ၃၀၀၀ ၀န်းကျင်လောက်ပဲ ၀ယ်နိုင်ကြတာ များတယ်။

နောက် တစ်မျိုးကတော့ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း ဈေးကွက်ကို မျော်ပြီး ၀ယ်ကြတာ။ သူတို့ကျတော့ လမ်းမတန်း နဲ့ အချက်အချာကျနေရာကို ပိုပြီး ရွေးဝယ်တယ်။ တန်ဖိုးကြီးလည်း ၀ယ်တယ်။ ဒါပေမယ့် ဒီလိုဝယ်ယူ ရင်းနှီးမြှုပ်နှံနိုင်တဲ့ သူကျတော့ နည်းပါးလွန်းတယ်လေ။ နှစ်မျိုးစလုံးက တော့ အရမ်း လိုက်ဝယ်ကြတာမျိုး မဟုတ်ဘူး။ တစ်ဖြည်းဖြည်း လက်ထဲ ငွေသားသက်သက် ကိုင်ထား တဲ့သူက နည်းလာလို့ပါ။ အခုနှစ်ပိုင်းမှာဆိုရင် ကားလေလံဆိုလည်း ဆက်တိုက်၊ အိမ်ခြံမြေ၊ စက်ရုံတွေ လေလံတင်တာ ပုဂ္ဂလိကပိုင် လုပ်တာများတော့ ရင်းနှီးမြှုပ်နှံတဲ့သူ တွေလက်ထဲမှာ ကား၊ မြေကွက်၊ ရွှေ၊ ငွေမာတွေပဲ ရှိတော့တာပေါ့။

အဲဒီအတွက် တန်ဖိုးအရမ်းကြီးတဲ့ အိမ် ခြံမြေဆိုရင်တော့ ချက်ချင်း ပေးဝယ်နိုင်တဲ့သူ နည်းမယ်လေ။ တန်ဖိုးငယ် အိမ်ခြံမြေတွေပဲ အ၀ယ်ပိုများနိုင် တယ်လို့ သုံးသပ်ရပါတယ်။ တန်ဖိုး ငယ်ဆိုတာက အခုရောင်းဖို့ ကြေညာ ထားတဲ့အထဲမှာဆိုရင် ကွန်ဒိုတို့ တိုက်ခန်းတို့ ကိုပြောတာပါ''ဟု အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့ပါသည်။

ရောင်းချမည့်အထဲတွင် ရန်ကုန်၊ မန္တလေးမြို့များရှိ မြေကွက်၊ တိုက်ခန်းများမှာ ပို၍ စိတ်ဝင်စားမှု များနိုင်သော်လည်း ရန်ကုန်ရှိ မြေကွက်များထဲတွင် အိမ်ရာမြေကွက်များ၊ စက်မှုဇုန်မြေကွက်များ ပိုမိုများပြားခြင်း၊ လမ်းမတန်း အချက်အချာ ကျနေရာများ နည်းပါးခြင်း၊ မြို့ပြင် မြို့နယ်များ များပြားခြင်းကြောင့် လည်း ၀ယ်ယူရာတွင် လိုအပ်ချက် နှင့်ကိုက်ညီသူများသာ ၀ယ်ယူမှုများ နိုင်ပြီး အပိုဝယ်ယူမြှုပ်နှံသူ နည်းပါး နိုင်သည်ဟုလည်း သုံးသပ်ကြသည်။

''စက်မှုဇုန်မြေကွက်၊ အိမ်ရာစီမံကိန်း မြေကွက်တွေ များတယ်လို့ ပြောရမယ်။ လှိုင်မြို့နယ်တို့၊ ကမာ ရွတ်တို့၊ အင်းစိန်တို့ပါပေမယ့် လမ်းမတန်း နည်းတယ်။ နောက် ဒဂုံမြို့သစ်၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ တို့လို နေရာတွေများတယ် ပြောရမှာပဲ။ ဈေးပေးဝယ်ပြီး သက်သက်ကြီး မြှုပ်နှံမယ့်သူတွေ ဆိုတာက အချက်အချာကျမယ်၊ တန်ဖိုးတက်လာမယ်ဆိုတဲ့ နေရာတွေကိုပဲ ရွေးပြီး ၀ယ်တာလေ။ ဒီတော့ အဲဒီလို သီးသန့်မြှုပ်နှံသူတွေ ၀ယ်တာ နည်းနိုင်တယ်။

ဥပမာ-ကိုယ့်စက်ရုံနဲ့ ကပ်နေတဲ့ မြေကွက် ကိုယ်နဲ့ ကိုက်တဲ့ မြေကွက်ဖြစ်နေရင် အလုပ်လုပ်လို့ ရတဲ့ အတွက် ၀ယ်တာမျိုးလို ကိုက်ညီမှု ကိုကြည့်ပြီး ၀ယ်တဲ့သူ များနိုင်တယ်'' ဟု ယူနတီ အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီမှ ဈေးကွက်မန်နေဂျာ ဦးဇော်ဇော်က ရှင်းပြခဲ့သည်။

ယခု အိမ်ခြံမြေလေလံတွင် တန်ဖိုးငယ်များကိုသာ ၀ယ်ယူမှုများ နိုင်သကဲ့သို့ ဈေးပေးရာတွင်လည်း ကန့်သတ်ချက် ရှိနိုင်သည်ဟု အိမ်ခြံ မြေဈေးကွက်အတွင်းမှ သုံးသပ်ကြပါသည်။

Eleven


No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။