Monday, December 7, 2009

မြတ်စွာဘုရားရဲ့သာသနာတော်ကို မြေလှန်ပြီးဖျက်ဆီးနေတဲ့ ဘုန်းကြီးတစ်ချို့နဲ့ သာသနာရေးဝန်ကြီးဌာနအကြောင်း အပိုင်း (၂)

ကိုသီလ
ကျွန်တော်ဟာ ပြီးခဲ့တဲ့ရက်တုန်းက သာသနာကိုဖျက်ဆီးတဲ့ ၀န်ကြီးဌာနအကြောင်းကို သိသလောက်တင်ပြထားပါတယ်။ အခု ဆက်ပြီးဖော်ပြမှာကတော့ ဘုရားသားတော်၊ သကျတို့၏ သားတော်ဆိုတဲ့ ဂုဏ်ပုဒ်ကိုမထောက်၊ ကိုယ်ဝတ်ထားတဲ့ သင်္ဃန်းကိုမှအားမနာ၊ မြတ်စွာဘုရား၏ သာသနာကို ကိုယ် ကိုတိုင်စောင့်မထိန်းနိုင်ဘဲနဲ့ ထမင်းစားလို့လွယ်ရုံ၊ ပိုက်ဆံရလွယ်လို့ သင်္ဃန်းစီးလာတဲ့ အောက်တန်းကျတဲ့ ဘုန်းကြီးတစ်ချို့ကြောင့် သာသနာတော်ရဲ့ ဂုဏ်ကျက်သရေ နဲ့ တကယ်ကို ၀ိနည်းကို အသက်နဲ့ထပ်တူတန်ဖိုးထားတဲ့ ဘုန်းဘုန်းတွေရဲ့ ကျက်သရေ တို့ကို အလွန်ပဲ အရုပ်ဆိုးစေပါတယ်။


ကျွန်တော်ဟာ ဒီသတင်းတွေကို ရန်ကုန်မြို့ပေါ်က နာမည်ကြီးတဲ့ ဘုန်းကြီးကျောင်းတွေကို တစ်ကျောင်းဝင် တစ်ကျောင်းထွက် စုံစမ်းပြီးမှ ဒီဆောင်းပါးလေးကိုရေးလိုက်တာပါ။ ရေးရတဲ့ ရည်ရွယ်ချက်ကတော့ ရဟန်းရှင်လူ ပညာရှိတို့ နဂါးမှန်းသိအောင် တစ်ခုခုတော့လုပ်ပြသင့်ပြီလို့ထင်လို့ပါ။ ဘာလို့လဲဆိုတော့ လူမိုက်တွေဟာ မိုက်လို့ရလို့မိုက်နေတာပါ။ ဒီလိုမိုက်တဲ့လူတွေ စိုးမိုးနေလို့လည်း သူတို့နဲ့တန်တဲ့ အစိုးရက တည်မြဲနေတယ်ပါ။ ပြည်တင်းရင် မင်းမခံနိုင်ဆိုပေမယ့် လူမိုက်တွေစိုးမိုးနေတဲ့ နေရာတစ်ခုမှာ ပြည်တင်းတယ်ဆိုရင် ဒါဟာ ရမ်းကားမှုတစ်ခုလို့ပဲ စာရင်းသွင်းမှာပါ။ သီလရှိတဲ့လူတစ်ယောက်ရဲ့ ပြောစကားနဲ့ ဂုဏ်သတင်းတွေဟာ အလွန်ကို ထိရောက်ပါတယ်။ သူတို့တွေလို အမှန်တွေစုပြီး ပြည်တင်းမယ်ဆိုရင် မှန်ဘီလူးခုံးတစ်ခုနဲ့ နေရောင်ကိုစုလိုက်သလိုပါပဲ ချက်ချင်း မီးရောင်တောက်လာပါလိမ့်မယ်။


လူတွေရဲ့ အလိမ်အညာတွေကြားမှာ တရားကိုရှာရင် ဒီဘ၀မှာရတဲ့အချိန်လေးက တအားတိုလွန်းတော့ မရလိုက်မှာဆိုးလို့ သင်္ဃန်းကို ရာသက်ပန်စည်းပြီး နိဗ္ဗာန်ဆိုတဲ့ အရသာကို ခံစားမယ်ဆိုတဲ့ အာသီသပြင်းထန်နေတဲ့ ပုဂ္ပိုလ်တစ်ယောက် ဘုန်းကြီးဝတ်မယ်ဆိုလို့ ကိုယ့်အသိကျောင်း တွေကို လိုက်စုံစမ်းရင်း ဒီအဖြစ်အပျက်လေးတွေကိုသိလာရတာပါ။ တစ်ချို့ ဘုန်းဘုန်းတွေရဲ့ ရင်ဖွင့်သံလေးတွေလည်းပါပါတယ်။


အရင်ဆုံးရောက်တဲ့ ကျောင်းကတော့ ၉ ထပ်ကြီးဘုန်းကြီးကျောင်းပါပဲ….အဲဒီမှာ ကျော်မကောင်း ကြားမကောင်း ကျောင်းထိုင်လုပွဲဖြစ်နေပါတယ်…လက်ရှိထိုင်နေတဲ့ ကျောင်းထိုင်နဲ့ အရင်ထိုင်ခဲတဲ့ ကျောင်းထိုင်နဲ့ တရားရုံးတက်ပြီး ဒီကျောင်းကို ငါပိုင်တယ်၊ သူပိုင်တယ်ဆိုပြီးတရားစွဲပါတယ်။ ဒါပေမယ့် အရင်ကျောင်းထိုင်ဆရာတော်က နိုင်ပေမယ့် အမှုရုံးတဲ့ ဆရာတော်က အခုထိမိုက်ကြေးခွဲပြီး မဆင်းပေးလို့ သူလည်း ဘာလုပ်လို့လုပ်ရမလဲမသိဘူးဖြစ်နေပါတယ်တဲ့…….လို့ အမှုနိုင်တဲ့ ဆရာတော်က မိန့်ပါတယ်..အကယ်လို့ သူကျောင်းထိုင်ဆရာတော်ဖြစ်ခဲ့ရင်တော့ ကျောင်းမှာ လာပြီးဝတ်ပါတဲ့…၉ ထပ်ကြီးကျောင်းနောက်မှာ တစ်ပါးတည်းနေတဲ့ ကျောင်းတစ်ခုရှိသေးတယ်ဆိုတော့ သွားမေးကြည့်တော့ ကိုရင်လေးက အဲဒီကျောင်းက ဘုန်းကြီးက သူ့ကျောင်းကို လူစိမ်းဝင်တာမကြိုက်ဘူးတဲ့…….ဘာလို့လဲဆို တော့ မိန်းမအ၀င်အထွက်ရှိလို့တဲ့……ဒါကြောင့် သူတစ်ပါးတည်းနေတာတဲ့………


ဒါနဲ့ သကေတက အသိဘုန်းကြီးကျောင်းတစ်ကျောင်းကိုဆက်သွားပါတယ်။ အဲဒီဘုန်းကြီးကျောင်းက ကျောင်းထိုင်က သံဃာနာယကအဖွဲ့ဝင်တစ်ယောက်ပါ။ ဘွဲ့နာမည်တော့ မရေးတော့ပါဘူး။ ဘုန်းဘုန်းက ဗုဒ္ဓဂါယာကို ဘုရားဖုးသွားရင်းနဲ့ ကားမှောက်ပြီးပျံလွန်တော်မူသွားတယ် လေ…အဲဒါနဲ့ ဘုန်းဘုန်းရဲ့ဆွေမျိုးတွေလည်တအားကို အလုပ်ရှုပ်နေကြတယ်လေ…ဘာတွေလဲလို့ စပ်စုကြည့်တာနဲ့………အခုကျောင်းမှာ သီတင်းသုံးနေတဲ့ ဘုန်းကြီးတွေအားလုံးကိုပါးစပ်ကချိုချိုသာသာ လေးနဲ့ တုတ်နဲ့ မရိုက်ဘဲ ထွက်သွားခိုင်းကိုပဲ ကျေးဇူးတင်ရမလိုတောင်ဖြစ်နေတယ်…ဘာလို့လဲဆိုတော့ ဒီကျောင်းက ကျောင်းထိုင်ရာထူးကို သားစဉ်မြေးဆက်ပဲဆက်ခံတယ်လေ…အဘိုးကလည်း ကျောင်းထိုင်၊ အဖေကလည်းအရင်က ကျောင်းထိုင်၊ အခုသားလည်းကျောင်းထိုင်ပဲလေ…အခုရုတ်တရက်ကြီးဆုံးသွား တော့ သူတို့ဆွေမျိုးတွေ အားလုံးရင်းနှီးမြုပ်နှံထားတဲ့ ဘုန်းကြီးကျောင်းကြီး သူများလက်ထဲပါသွားမှာအရမ်း ကိုစိုးရိမ်တာပေါ့…အဲဒီထက် ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ သတင်းတစ်ခုကတော့ ဘုန်းဘုန်းရဲ့ လက်ရှိပိုင်ဆိုင်မှုပါပဲ……ဘုန်းကြီးရဲ့ တုတွေသားတွေမြေးတွေဟာ ဘယ်ကိစ္စအတွက်နဲ့ ပျာယာခတ်နေလဲဆိုတော့ အရမ်းကိုမြေရှားပါတဲ့ ဆိုပြီးနာမည်ကြီးတဲ့ စင်ကာပူမှာ ရှိနေတဲ့ ဘုန်းကြီးပိုင်မြေကွက် ကြောင့်ပါပဲ…ပြီးတော့ ဘုန်းကြီးရဲ့ နိုင်ငံခြားဘဏ်အကောင့်ထဲကငွေကလည်း တော်တော်လေး သရေကျစရာကောင်းနေတော့…..လောဘသားတွေ လုကြပေါ့…..


ပြီးတော့ ဒဂုံမြို့သစ်အရှေ့ပိုင်း (၁၇) ရပ်ကွက် က ဘုန်းကြီကျောင်းကျတော့လည်း ဘာမှအရှုပ်အရှင်းတော့မရှိပါဘူး….ဒါပေမယ့် အခုဝတ်မယ့်လူက တရားကိုတကယ်လုပ်ပြီး၊ အဟောအပြောလေးကလည်း ကောင်းတော့ နောက်ဆိုရင် ငါတို့ကျောင်းကို သူနာမည်ကြီးလာပြီးသိမ်းသွားလိမ့်မယ်ဆိုတဲ့ အတွေးလေးနဲ့ ဟိုဟာကြောင့်၊ ဒီဟာကြောင့် အကြောင်းမျိုးစုံပြနေတာ နောက်မှသိရတာက အခု လက်ရှိ ဘုန်းကြီးက တရားဟောပြီး ဒီကျောင်းရဲ့ ဆွမ်းစရိတ်၊ ကျောင်းရဲ့ သုံးစရိတ်တွေကိုထိန်းထားတာဆိုတော့ အခုလူကို သူ့ကျောင်းမှာ မ၀တ်စေချင်တာ သဘာဝကျပါတယ်….ဆိုပြီး ဖြစ်သမျှအကြောင်း အကောင်းချည်းပဲလို့ တရားမှတ်ပြီး နေ့ရက်တွေကို ကုန်ဆုံးစေခဲ့ပါတယ်……..


အဲဒါနဲ့ ဒဂုံတောင်ပိုင်းနဲ့မြောက်ပိုင်းကျောင်းတွေကို သွားစုံစမ်းကြည့်တော့အရက်ဝိုင်းနဲ့ သွားတိုး မမြင်ချင်ယောင်ဆောင်ပြီးပြန်လာခဲ့ရသလို၊ တခြားကျောင်းကျတော့လည်း ညက ဘောလုံးပွဲလောင်းပြီး အိပ်ပျော်နေလို့ မတွေ့ခဲ့ရသလို၊ ကျောင်းထိုင်ကိုယ်တော်ကလည်း ချဲတွက်နေလို့ မအားလို့ ညနေကျမှပြန် လာခဲ့ပါတဲ့…..ညနေကျတော့လည်း မပေါက်လို့ ဒေါသတွေတအားထွက်နေလို့ အလှုငွေလေးကပ်ပြီး အိမ်ကိုသာပြန်လာခဲ့ပါတော့တယ်။


ဒီလိုနဲ့ ရန်ကုန်က အသိကျောင်းတွေကုန်တော့ ရန်ကုန်အပြင်ဘက်က ကျောင်းတွေစုံစမ်းကြည့်ဦးမှပဲဆိုတော့ သွားရော သန်လျှင်မှာရှိတဲ့ဘုန်းကြီးကျောင်းက ကိုယ်တော်က ဒုံလ္လဘ ပဲလက်ခံတယ်တဲ့…တသက်လုံးဝတ်ရင် လက်မခံဘူးတဲ့..ဘာလို့လဲဆိုတော့ ဒုံလ္လဘ ကအလှုငွေရတယ်တဲ့…သူတို့လိုဘုန်းကြီးတွေက စားဖို့မရှိ ရင်ခွဲပေးနေရဦးမယ်တဲ့… ငါတို့တောင် ငတ်နေတာတဲ့…တစ်ခါတည်းစကားကပြတ်ရော……..


ဒါနဲ့ မင်္ဂလာဒုံ ၀ိုင်ယာလက်က ကျောင်းမှာ သွားစုံစမ်းတော့ ကျောင်းက အပုပ်နဲ့က တအားဟောင်နေလို့ နှာခေါင်းတောင်ပိတ်ပြီးထွက်လာရတယ်။ ကျောင်းကိုရောက်ရောက်ချင်း ရပ်ကွက် ဒေသခံတွေနဲ့ကိုရင်တွေက ကျောင်းထိုင်အပေါ် ချီးကျူးလိုက်တဲ့သတင်းတွေကြောင့် ဘုန်းကြီး ၀တ်ချင်တဲ့စိတ်ကို ကုန်ခန်းသွားတော့ပါတယ်..ဘာလဲဆိုတော့ ကျောင်းထိုင်က မနက်ဘဲကျောင်းထိုင်တ်ာတဲ့ ညကျရင် လူတဲ့…သူ့မိန်းမ က ကျောင်းရှေ့မှာ အသုတ်ရောင်းတယ်လေ….သူ့သားတွေသမီးတွေ လည်း ကျောင်းမှာဘဲနေတာ…………ဟူး…………………


ကျွန်တော်လည်း နိဂုံးကို ရင်ထဲမှာပြောချင်တဲ့စကားတွေ ပြည့်သိပ်နေလို့ ဘယ်လိုရေးရမှန်းတောင် မသိတော့ပါဘူး….တရားရဲ့ပိုင်ရှင်လည်းဖြစ်ပြန်၊ ဂုဏ်တော်ကိုးပါးနဲ့လည်းပြည့်စုံလှတဲ့၊ မေတ္တာရှင် ဂေါတမမြတ်စွာဘုရားရှင် ဟာ လူဝတ်ကြောင်ကိုစွန့်ပြီး၊ သံသရာကိုသာသနာတော်နဲ့ကြုံကြိုက်တုန်း ဖြတ်ကြတော့၊ သံသရာစက်ဝိုင်းကို ရပ်အောင် အားထုတ်ကြလော့။ ဒါကြောင့် ပါရမီရှိသူ၊ သီလရှိသူ၊ သံသရာဝဋ်ဆင်းရဲမှ လွတ်ချင်သူ မည်သူမဆို လာကြလော့၊ ရဟန်းဘောင်ထဲ ၀င်ကြလော့။ ဆိုပြီး မိန့်မြွက်ခဲ့ပါတယ်…မြတ်စွာဘုရားရဲ့ ကြီးပွားကြောင်း (၇) ပါးထဲမှာလည်း သီလရှိတဲ့အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများကို ၀မ်းပန်းတသာကြိုဆိုလော့ ဆိုပြီး ဆုံးမထားပါတယ်………


ဒီထက်လည်း ပြောထားတာ ရာထောင်မက ရှိပါတယ်….နောက်ဆုံး အချိန်မှာတောင်မှ အရှင်တော်မြတ်ကြီးဟာ ချစ်သားတို့ သတိကိုသာ လက်ကိုင်ထားကြလော့ ဆိုပြီး သတ္တ၀ါတွေအပေါ်မှာ အလွန်ကို မေတ္တာကြီးတော်မှုခဲ့ပါတယ်……..အခုချိန်မှာ မြတ်စွာဘုရားရဲ့ ချစ်သားတော်တွေရဲ့ မျက်နှာကိုအိုးမည်းသုတ်မယ့် ဘုန်းကြီးအတုအယောင်တွေပေါ်လာပါပြီ။ ရွေစစ်ရဲ့ အသရေ ညိုးနွမ်းအောင် ရွေတုပဲလုပ်နိုင်ပါတယ်……အခုလက်ရှိ မြန်မာနိုင်ငံရဲ့ အဓိက ဘုန်းကြီးကျောင်းတွေ၊ အဓိက အာဏာတွေယူထားတဲ့ ကျောင်းထိုင်တွေ၊ ကျောင်းအုပ်တွေဟာ အာဏာရှုးနေကြပါပြီ….ဘုရားက ပိတ်ပင်ထားတဲ့ အရာအားလုံးကို မသိချင်ယောင်ဆောင်ပြီးပေါ်ပေါ်ထင်ထင်လုပ်နေကြပါပြီ….ညစာစားခြင်း၊ တီဗွီကြည့်ခြင်း အပြင် ညစ်ညမ်းသောကားများကိုပါအေးဆေးကြည့်နေခြင်း၊ နှစ်လုံး၊ သုံးလုံးများတွင် ရှေ့ဆုံးမှ ပါဝင်နေခြင်း၊ ဘောလုံးလောင်းကစားများတွင်ပင် ဘုန်းကြီးအားပေးသံသည် အကျယ်ဆုံးဖြစ်နေခြင်း၊ ရန်ဖြစ်ခြင်း၊ ဆဲရေးခြင်း စသည့်ကိစ္စများအပြင် တခြားဝိနည်းနှင့်မညီသည့် ကိစ္စပေါင်းမြောက်မြားစွာကို ကျူးလွန်နေခြင်းတို့သည် တကယ်အနစ်နာခံ၊ အပင်ပန်းခံ၊ ပြည်သူတွေအတွက် မားမားမတ်မတ်ရပ်ပြီးသွေးထွက်ခံ၊ ငရဲတမျှနှိပ်စက်လှတဲ့ ထောင်ကြီးထဲမှာ ကိုယ်တော်ရဲ့ ၀ိနည်း၊ အိနြေ္ဓကို အသက်နဲ့လဲပြီးစောင့်ရှောက်ခဲ့သော ဘုန်းဘုန်းများကို အလွန်ပင် သိက္ခာကျစေပါသည်။ သာသနာနှစ်သည် ၂၅၀၀ ပြည့်ပြီး လွန်လာခဲ့လေပြီ…ဘုရားသာသနာသည် ကုန်ဆုံးခဲ့ပြီး သိကြားသာသနာစလေပြီ…..သိကြားမင်း၏ ၀ိရိန်ဇိန်လက်နက်သည် သီလ၊ သမာဓိ၊ ပညာကိုသာ ကြောက်ရွံတတ်သော သဘောရှိလေသည်…ထို့ကြောင့် ဤလက်နက်၏ အစွမ်းသည် သာသနာနှစ် ၅၀၀၀ ထိအောင် ပင်အလွန်ကို အစွမ်းထက်ပေလိမ့်မည်။ ထို့ကြောင့် လူဟုသိတတ်ကာစအရွယ်ကတည်းက လောက၏ ကျရာနေရာမှာ တာဝန်ယူသည့်အချိန်တွင် သီလ၊ သမာဓိ၊ ပညာ တစ်ခုခုကိုအခြေခံမထားလျှင် မည့်သည့်အ၀တ်အစား၊ မည့်သည့်အာဏာ၊ မည့်သည့်လူကိုမဆို သေခြင်းတရားနှင့် ဆုံးမပြီး လောကကြီးကို ဓမ္မလွမ်းမိုးအောင် လုပ်နိုင်ရန် ဗုဒ္ဓရှင်တော်မြတ်ထံမှ နောင်သာသနာနှစ် ၂၅၀၀ ကိုတောင်းထားခဲ့ခြင်းဖြစ်လေသည်………..ကျွန်တော်၏ ဤဆောင်းပါးလေးကိုဖတ်ပြီး ရဟန်းရှင်လူအပေါင်းတို့ အဓ္ဓမနေရာမှာ ဓမ္မအစားထိုးဖို့ကို အစွမ်းကုန်ကြိုးစားကြပါစို့လို့…………………………

Mr.Zero တည်းဖြတ်သည်။


No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။