Tuesday, December 15, 2009

ဲမြန်မာပြည်သူတွေ အခွင့်အရေးကိုတောင်းတတ်လာပြီ...ဧရာဝတီတိုင်း ဘိုကလေးမြို့ပေါ်မှာရှိတဲ့ ပျံကျဈေးသည် ၁၅ဝလမ်းလျောက်ချီတက် ဆန္ဒဖော်ထုတ်

ဧရာဝတီတိုင်း ဘိုကလေးမြို့ပေါ်မှာရှိတဲ့ ပျံကျဈေးသည် ၁၅ဝ လောက်ဟာ သူတို့ လက်ရှိ ရောင်းချနေတဲ့ ပျံကျဈေး နေရာကနေ မရွှေ့မပြောင်းရဘဲ ဈေးရောင်းချနိုင်ရေးအတွက် ဒီဇင်ဘာလ ၁၃ ရက်နေ့ မနက်ပိုင်းမှာ မယကရုံးနဲ့ ကွပ်ကဲရေးရုံးတွေဆီ သူတို့ဆန္ဒတွေ ဖော်ထုတ်ဖို့ လမ်းလျှောက် ချီတက်ခဲ့တယ်လို့ အာအက်ဖ်အေက စုံစမ်းသိရှိရပါတယ်။

ဘိုကလေးမြို့ပေါ် ရွှေသွယ်ယံလမ်းမှာရှိတဲ့ အခွန်လွတ်ဈေး၊ ဒွါရာကျောင်းလမ်းမှာရှိတဲ့ တောဈေးတန်း၊ မြို့တော်ခမ်းမရှေ့မှာရှိတဲ့ ပျံကျဈေးနဲ့ ဦးသိန်းဦးလမ်းမှာရှိတဲ့ ပျံကျဈေး စတဲ့နေရာတွေမှာ ရောင်းချနေတဲ့ ဈေးသည်တွေကို အဲဒီနေရာတွေကနေ ဖယ်ပေးဖို့၊ မဖယ်ဘူးဆိုရင် တည်ဆဲဥပဒေအရ အရေးယူမယ်လို့ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ မြို့နယ်အာဏာပိုင်တွေက အသံချဲ့စက်နဲ့ ကြေညာခဲ့ပါတယ်။

အဲဒီလို ကြေညာခဲ့တာကြောင့် ပျံကျဈေးသည်တွေ မခံမရပ်နိုင်ဖြစ်ပြီး သူတို့ ဆန္ဒတွေကို ဖော်ထုတ်ဖို့ အခုလို လမ်းလျှောက် ချီတက်ခဲ့တာဖြစ်ပါတယ်။ ပျံကျဈေးသည်တွေ လမ်းလျှောက်ချီတက်ခဲ့တဲ့ အခြေအနေတွေကို မျက်မြင်ဒေသခံတဦးက အခုလို ပြောပြပါတယ်။

မျက်မြင်ဒေသခံ။ ။'မနက်ပိုင်း ကိုးနာရီလောက်ကပေါ့။ ဈေးသည်အမျိုးသမီးချည်းပဲ တရာ့ငါးဆယ်လောက် စုပြီးတော့ ကွပ်ကဲရေးရုံးကို သွားကြတာ။ ကွပ်ကဲရေးရုံးမှာ လူကြီးက မရောက်တဲ့အခါ မယကရုံးဘက်ကို သွားတဲ့အခါကျတော့ လမ်းထိပ်မှာ ရဲတပ်ဖွဲ့ကနေ တားထားတယ်။ ရဲတပ်ဖွဲ့ကနေပြီးတော့ မင်းတို့ ဘာလုပ် မလို့လဲပေါ့၊ လူစုလူဝေးနဲ့ဆိုတော့။ အဲဒီတော့ ဈေးသည်တွေက ပြောတယ်။

ကျမတို့ နေရာ တည်မြဲရေးအတွက် ဈေးရောင်းရေးအတွက်ကို လူကြီးတွေကို အသနားခံဖို့ တင်ပြဖို့အတွက်ကို လာတာပါလို့ အဲလိုပြောတယ်။ အဲလို ပြောရင်းနဲ့ သူတို့ အဲဒီမှာ နောက် ၁၅ ရက်အတွင်းမှာ ခုနက ထုတ်ပြန်ထားတဲ့ တည်ဆဲဥပဒေအရ အရေးယူဖို့ ဘာညာကိစ္စ မလုပ်ပါဘူးလို့ စခန်းမှူးက ပြောပြီးတော့ လူစုခွဲပြီး ပြန်ခိုင်းလိုက်တယ်'

အာဏာပိုင်တွေ လူစုခွဲပြီး ပြန်ခိုင်းလိုက်ပေမယ့် တကယ့်လက်တွေ့မှာ ပျံကျဈေးသည်တွေ နဂို ပုံမှန် ရောင်းချနေတဲ့ နေရာတွေမှာ ပြန်လည်ရောင်းချခွင့် တရားဝင်ခွင့်ပြုမယ် မပြုဘူးဆိုတာကိုတော့ ဘယ်သူမှ သေသေချာချာ မသိသေးသလို အာဏာပိုင်တွေဘက်ကလည်း အမိန့်ထုတ်ပြန်တာမရှိသေးတဲ့အတွက် ပျံကျဈေးသည်တွေကတော့ စိုးရိမ်နေကြတုန်းပဲလို့သိရပါတယ်။

ဘိုကလေးမြို့ပေါ်မှာရှိတဲ့ ပျံကျဈေး ၄ နေရာမှာ ရောင်းချနေတဲ့ ဈေးသည် တထောင်နီးပါးရှိပါတယ်။ အဲဒီ ပျံကျဈေးသည်တွေ အားလုံးကို လက်ရှိရောင်းချနေတဲ့ နေရာတွေကနေ ဖယ်ပြီး မြို့ပြင် ရွှေ့ပြောင်း ရောင်းချဖို့ကို မြို့နယ်အာဏာပိုင်တွေ ပြီးခဲ့တဲ့ လဆန်းပိုင်းကတည်းက အမိန့်ထုတ်ခဲ့ပါတယ်။

အာဏာပိုင်တွေ ပြောင်းရွှေ့ ရောင်းချခိုင်းတဲ့နေရာဟာ ဘိုကလေးမြို့ရဲ့ သောက်သုံးရေကန်ဖြစ်တဲ့ ကန်တော်ကြီးဘေးမှာဖြစ်ပြီး အဲဒီနေရာဟာ မြို့စွန်ကျပြီး လူခေါင်တဲ့နေရာမို့ ပျံကျဈေးသည်တွေ ပြောင်းရွေ့ ရောင်းချလိုစိတ် မရှိဘူးလို့ သိရပါတယ်။

ဘိုကလေးမြို့ပေါ်မှာရှိတဲ့ ပျံကျဈေး ၄ နေရာထဲက အခွန်လွတ်ဈေးဟာ ၁၉၉၇ ခုနှစ်က ဗိုလ်ချုပ်ကြီးတင်ဦး ဖွင့်လှစ်ပေးခဲ့တဲ့ ဈေးဖြစ်ပြီး တောဈေးတန်းကတော့ ၁၉၈၇ ခုနှစ်ကတည်းက ရောင်းချနေတဲ့ဈေးဖြစ်တယ်လို့ သိရပါတယ်။

RFA

No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။