Friday, December 25, 2009

ယခုနှစ် အတွင်းခရီးသည်တင် ယာဉ်များ၏ ယာဉ်တိုက်မှု ဖြစ်စဉ်များ ပိုမိုများပြားလာပြီး သေဆုံးသည့်အရေအတွက်အများဆုံးဖြစ်

ယခုနှစ် အတွင်း ဇန်န၀ါရီလမှ နိုဝင်ဘာလလ ကုန်အထိ ဖြစ်ပွား ခဲ့သော ယာဉ်တိုက် မှုများတွင် ခရီး သည်တင် ယာဉ်များ၏ ယာဉ်တိုက်မှု ဖြစ်စဉ်များ ပိုမို ပါဝင် လာခဲ့ပြီး အထူးသဖြင့် ဒဏ်ရာ ရရှိသူ နှုန်းထား တွင် ယခင်နှစ်ကထက် ပိုမို မြင့်တက် လာခဲ့ သည်ဟု ရန်ကုန်တိုင်း ကြိုးမဲ့ ကြေးနန်းနှင့် ယာဉ်ထိန်း တပ်ဖွဲ့မှူး ရုံးမှ တရားဝင် ထုတ်ပြန် ထားသော စာရင်း ဇယားများအရ သိရှိရပါသည်။

၂၀၀၉ ခုနှစ်၏ ဇန်န၀ါရီလမှ နိုဝင်ဘာလအထိ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် ၃၃ မြို့ နယ်အတွင်း ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှု စာရင်းဇယားများအရ ကိုယ်ပိုင်ယာဉ်များ၏ ယာဉ်တိုက်မှု ဖြစ်စဉ်များ အများဆုံးပါဝင်လျက် ရှိပြီး သေဆုံးသူများမှာလည်း ကိုယ်ပိုင်ယာဉ်များကြောင့် သေဆုံးမှု အများဆုံးဖြစ်ကြောင်း သိရသည်။


ကိုယ်ပိုင်ယာဉ်များ၏ ယာဉ်တိုက်မှုမှာ ၃၆၅ မှု၊ သေဆုံးသူ ၉၂ ဦးနှင့် ဒဏ်ရာရရှိ သူ ၅၆၃ ဦး ရှိခဲ့သည်။ ဒုတိယအများဆုံး ယာဉ်တိုက်မှု ဖြစ်ပေါ်ခဲ့သော ယာဉ်များမှာ ခရီးသည်တင်ယာဉ် များဖြစ်ကြပြီး မ.ထ.သ ယာဉ်လိုင်းမှ ယာဉ်တိုက်မှု ၆၆ မှု၊ သေဆုံးသူ ၁၁ ဦးနှင့် ဒဏ်ရာရရှိခဲ့သူ ၁၆၃ ဦးရှိခဲ့ ပြီး အခြားသော မြို့တွင်း ခရီးသည်တင် ယာဉ်လိုင်းများမှ ယာဉ်တိုက်မှု ၁၉၆ မှု၊ သေဆုံးသူ ၄၈ ဦးနှင့် ဒဏ်ရာရရှိသူ ၅၈၅ ဦးအထိ ရှိခဲ့သည်ဟု သိရသည်။

ယင်းနောက်တွင် အငှားကုန်တင်ယာဉ်များ၏ ယာဉ်တိုက်မှုမှာ ၇၅ မှု၊ သေဆုံးသူ ၂၃ ဦးနှင့် ဒဏ်ရာ ရရှိသူ ၈၈ ဦး၊ တက္ကစီယာဉ်များ၏ ယာဉ်တိုက်မှုမှာ ၇၅ မှု၊ သေဆုံးသူ ကိုးဦးနှင့် ဒဏ်ရာရရှိသူမှာ ၁၀၅ ဦး အစဉ်လိုက် ရှိခဲ့သည်ဟု သိရသည်။ ဌာနဆိုင်ရာ ယာဉ်များ၏ ယာဉ်တိုက်မှုမှာလည်း ယခင်နှစ်ကထက် ပိုမို ဖြစ်ပွားလာသည်ကို တွေ့ရှိရပြီး သေဆုံးသူနှင့် ဒဏ်ရာရရှိသူမှာ လည်း ပိုမိုများပြားလာသည်ဟု သိရ သည်။


ယခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့ သော ယာဉ်တိုက်မှုနှုန်းထားများ သည် ၂၀၀၉ ခုနှစ် နိုဝင်ဘာလအထိ သာဖြစ်ပြီး ဒီဇင်ဘာလအတွင်း ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုများ မပါဝင်သေးသော်လည်း ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်ထက် ယာဉ်တိုက်မှု၊ သေဆုံးမှု နှင့် ဒဏ်ရာရရှိမှု နှုန်းထားတို့မှာ ပိုမိုမြင့်တက် များပြားလာခဲ့သည်ဟု သိရသည်။

အထူးသဖြင့် ယခုနှစ်တွင် ကိုယ်ပိုင်ယာဉ်များ၏ ယာဉ်မတော်တဆမှု ဖြစ်စဉ်များ ပိုမိုများပြားလာခဲ့ပြီး သေဆုံးမှုများ ယခင်နှစ်ကထက် ပိုမိုမြင့်တက်လာခဲ့သည်ဟု သိရ သည်။ ခရီးသည်တင်ယာဉ်များ၏ မတော်တဆ ဖြစ်စဉ်များသည်လည်း ယခင်နှစ်ကထက် သိသာစွာ များပြားလာခြင်းနှင့်အတူ ဒဏ်ရာရရှိမှုနှုန်းတွင် ပိုမိုသိသာစွာ များပြားလာခဲ့ကြောင်း သိရသည်။ တက္ကစီနှင့် အငှားကုန်တင် ယာဉ်များသည်လည်း မတော်တဆမှု ပိုမိုဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်များတွင် ကိုယ်ပိုင်ယာဉ်များ ပါဝင်ပတ်သက် နေမှုများမှာ ထိပ်ဆုံးမှ ပါဝင်လေ့ရှိ ပြီး သေဆုံးမှုမှာလည်း အများဆုံး ဖြစ်သည်။ သို့သော် ခရီးသည်တင် ယာဉ်များ၏ ယာဉ်မတော်တဆမှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်နေမှုမှာလည်း ဒုတိယအများဆုံး ဖြစ်ပေါ်နေခြင်းနှင့်အတူ သေဆုံးမှုမှာလည်း မြင့်မားလာခဲ့ပြီး အထူးသဖြင့် ဒဏ်ရာရရှိမှု နှုန်းထားတွင် အခြားသော ယာဉ်များထက် ပိုမို ဖြစ်ပေါ်လေ့ရှိ သည်ကိုတွေ့ရှိရသည်။

ယင်းကြောင့် အခြားသော ယာဉ်များထက် အများ ပြည်သူ စီးနင်းလိုက်ပါမှု များပြား သော ခရီးသည်တင်ယာဉ်များ ယာဉ် မတော်တဆမှု ဖြစ်ပေါ်ပါက ဆုံးရှုံး မှုများ ကြီးမားနိုင်သောကြောင့်အထူး ဂရုပြု ဆောင်ရွက်ကြရမည့် အရေးကိစ္စဖြစ်ကြောင်း ကျွမ်းကျင်သူများ က သုံးသပ်ကြသည်။

ယာဉ်မတော်တဆမှု ဖြစ်စဉ် များဖြစ်ပွားရခြင်း၏ အဓိကအကြောင်း ရင်းများတွင် ယာဉ်မောင်းသူများ၏ မဆင်မခြင်၊ အရှိန်ပြင်း၊ ပေါ့လျော့ မောင်းနှင်မှုများကြောင့် အများဆုံး ဖြစ်ပေါ်နေပြီးလမ်းကူးသူများကြောင့် ဒုတိယအများဆုံး ဖြစ်ပေါ်နေသည် ဟု စာရင်းဇယားပြုစုသုံးသပ်မှုများ ကြောင့် သိရှိရသည်။

သို့ရာတွင် အများပြည်သူ စီးနင်းနေသည့် ယာဉ်များကို သတိ ပြုမောင်းနှင်ခြင်းအပြင်၊ ယာဉ်များ ၏သစ်လွင်မှု၊ ကြံ့ခိုင်မှုတို့မှာလည်း အထူး အရေးပါ လှသည်ဟုလည်း သုံးသပ်လျက်ရှိသည်။

အိရွှေစင်ဝင်း


No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။