Friday, December 11, 2009

မြန်မာနိုင်ငံတွင် မိခင်သေနှုန်း အလွန်ကိုမြင့်တတ်နေကြောင်း UNFPA ကိုယ်စားလှယ်ပြောကြား

မြန်မာနိုင်ငံ၏ မိခင်သေပျောက်နှုန်း မှာ အရှင်မွေးတစ်သိန်းလျှင် ၃၈၀ နှုန်း ရှိသဖြင့် ကျန်းမာရေးဝန်ကြီး ဌာန၏ ၂၀၀၄-၀၅ ခုနှစ် စာရင်းများအရ တစ်သိန်းလျှင် ၃၁၆ ဦးနှုန်းနှင့် နှိုင်းစာ ပါက ၂၀၀၉ ခုနှစ်အတွင်း မြင့်မားလာကြောင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေ အဖွဲ့ (ယူအင်န်အက်ဖ်ပီအေ)၏ ၂၀၀၉ ခုနှစ် ကမ္ဘာ့ လူဦးရေအခြေအနေ အစီရင်ခံစာတွင် ဖော်ပြသည်။

ရာသီဥတုပြောင်းလဲမှုနှင့်ဆိုင်သော သဘာဝဘေးအန္တရာယ်များ၏ဆိုးကျိုးကို အမျိုးသမီးများ ပိုမိုခံစားရ သည့် အပြင် အမျိုးသမီးများအတွက် ကျန်းမာ ရေးစောင့်ရှောက်မှုမှာလည်း အားနည်းနေသေးကြောင်း နေပြည်တော်၌ နိုဝင် ဘာလ ၃၀ ရက်နေ့က ကျင်းပသော ၂၀၀၉ ခုနှစ်၊ ကမ္ဘာ့လူဦးရေ အစီရင်ခံစာ ထုတ် ဝေခြင်း အထိမ်းအမှတ် အခမ်းအနားတွင် ယူအင်န်အက်ဖ်ပီအေ ဌာနေကိုယ်စားလှယ် Mr Mohamed Abdel-Ahad က ပြောကြားသည်။

မြန်မာနိုင်ငံတွင် အမျိုးသမီးများ၏ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ သားဆက်ခြားလုပ်ငန်းများကို ခေတ်မီ နည်း စနစ်များဖြင့် ၃၃ ရာခိုင်နှုန်းဆောင်ရွက်ပေးနိုင်ပြီး အခြားနည်းလမ်းများဖြင့် ၃၇ ရာခိုင်နှုန်း ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း၊ အသက် ၁၅ နှစ်မှ ၄၉ နှစ် ကြားရှိ မြန်မာအမျိုးသမီးများအတွက် အိပ်ခ်ျအိုင်ဗီရောဂါပိုး ကူးစက်မှုဆိုင်ရာ အသိပညာပေး ဆောင်ရွက်နိုင်မှုမှာ သုည ဒသမ ၇ ရာခိုင်နှုန်းသာရှိကြောင်း အဆိုပါ အစီရင်ခံစာအရ သိရသည်။

မြန်မာနိုင်ငံ၏ စုစုပေါင်းလူဦးရေ သန်း ၅၀ တွင် လူဦးရေတိုးပွားနှုန်းမှာ ၂၀၀၅ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အ တွင်း သုည ဒသမ ၉ ရာခိုင်နှုန်းသာရှိနိုင်ပြီး မြန်မာနိုင်ငံ၏ ပျမ်းမျှလူ့သက်တမ်းမှာ အမျိုးသား ၅၉ ဒသမ ၉ နှစ်နှင့် အမျိုး သမီး ၆၄ ဒသမ ၄ နှစ်ဖြစ်ကြောင်း အဆိုပါအစီရင်ခံစာအရ သိရသည်။

နေရာဌာနမျိုးစုံမှလာသော သတင်း အချက်အလက်များကို အခြေခံထားပြီး သက်ဆိုင်ရာဌာနများ၏ ကိန်း ဂဏန်း သတ်မှတ်ချက်များနှင့် ကွဲပြားခြားနားမှု ရှိနိုင်သည်ဟု ဆိုထားသည့် အဆိုပါ အစီရင်ခံစာအရ

မြန်မာ နိုင်ငံတွင် ကျန်းမာရေးစောင့်ရှောက်မှု အသုံး စရိတ်မှာ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး၏ သုံးရာ ခိုင်နှုန်းသာရှိပြီး ငါးနှစ်အောက် ကလေးသေနှုန်းမှာ အရှင်မွေး ၁၀၀၀ လျှင် ယောက်ျား လေး ၁၂၀ နှင့် မိန်းကလေး ၁၀၂ ဦး ဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံတွင် လူဦးတစ်ဦးချင်းစီ၏ နှစ်စဉ်အစာအာဟာရစားသုံးနိုင်မှုမှာ တစ်ဦးလျှင် ၂၉၅ ကီလိုဂရမ်ဖြစ် ပြီး သန့်ရှင်းသော သောက်သုံးရေရရှိမှုမှာ ၈၀ ရာခိုင်နှုန်းဖြစ်ကြောင်း အဆိုပါအစီ ရင်ခံစာအရ သိရသည်။
ရာသီဥတုပြောင်းလဲလာမှုကို ဦးတည် ထားသည့် ၂၀၀၉ ခုနှစ် ကမ္ဘာ့လူဦးရေ အစီရင်ခံစာ အထူးထုတ်စာ စောင် ထုတ်ဝေခြင်း အထိမ်းအမှတ်အဖြစ် ကျင်းပသည့် အဆိုပါအခမ်းအနားတွင် လူဦးရေအခြေအနေ၊ အမျိုးသမီးများနှင့် ရာသီဥတုဆိုင်ရာ စာတမ်းများကို ပညာရှင်များက ဖတ်ကြားခဲ့ကြပြီး ကုလ သမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများနှင့် အစိုးရဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အောင်ရှင်

No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။