Monday, January 4, 2010

၂၀၀၉ ခုနှစ် မြ၀တီ၊ မဲဆောက်နယ်စပ်ကုန်သွယ်ရေး မှ ကုန်သွယ် မှု ပမာဏ အမေရိကန် ဒေါ်လာ ၇၂၄ သန်း ရရှိ

၂၀၀၉ ခုနှစ်တွင် ထိုင်း-မြန်မာ နယ်စပ်ရှိ မြ၀တီ၊ မဲဆောက် နယ်စပ် ကုန်သွယ် ရေးမှ ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၇၂၄ သန်း ရရှိခဲ့ပြီး ၂၀၀၈ ခုနှစ် အလားတူ ကာလထက် ၂၇ ရာခိုင်နှုန်း တိုးတက် ခဲ့ကြောင်း ထိုင်းနိုင်ငံ ဘက်မှ ထုတ်ပြန်သော ကြေညာ ချက်များ အရ သိရသည်။''ဒီနှစ် ထဲမှာ မြန်မာနိုင်ငံ က ထွက်တဲ့ လယ်ယာကုန် ပစ္စည်းတွေ အထူးသဖြင့် ဆန်နဲ့ ကြက်သွန် တွေဟာ တရုတ် ဘက်က အ၀ယ် လိုက်လာတဲ့ အတွက် အဲဒီ ဘက်ကို ၀င်သွားပြီး ထိုင်းဘက်ကို အ၀င် နည်းသွား ပါတယ်။

အဲဒီလို နည်းသွားရတဲ့ အဓိက အကြောင်းက ထိုင်းဘက်က ကုန်သည်တွေက ၂၀၁၀ ဇန်န၀ါရီလ ၁ရက် နေ့မှာ စပြီး အသက်ဝင် လာမယ့် အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေး သဘော တူညီချက် အရ ကုန်ပစ္စည်း တော်တော် များရဲ့ အခွန်ကို ၀ ရာခိုင်နှုန်း အထိ လျော့ချ ပေးမှာကို သိတဲ့ အတွက် အခွန် ကျမယ့် အချိန်ကို စောင့် နေရင်း တရုတ် ဘက်ကို ကုန်ပစ္စည်း အ၀င် များသွား ပါတယ်''ဟု မဲဆောက် အကောက်ခွန်ရုံး ညွှန်ကြားရေးမှူးဖြစ်သူက ပြောကြားခဲ့သည်။

ယင်းအာဆီယံလွတ်လပ်သော ဒေသ FTA အား ယခင် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်းဖြစ်သူ Anand Panyarachun က ကွာလာလမ်ပူ တွင်ကျင်းပသော အာဆီယံစီးပွားရေး ၀န်ကြီးများ အစည်းအဝေးတွင် သဘောတူ လက်မှတ် ရေးထိုးခဲ့ပြီး ၁၉၉၂ ခုနှစ် ဇန်န၀ါရီတွင် အာဆီယံ အဖွဲ့ဝင် နိုင်ငံများ အားလုံး က နောက် ၁၅ နှစ်အတွင်း FTA အား အကောင် အထည် ဖော်မည်ဟု စင်ကာပူ ကြေညာ ချက်အား လက်မှတ် ရေးထိုး ခဲ့ကာ ယင်းကြေညာချက်မှာ ဒေသတွင်း နိုင်ငံ များအတွင်း အကောက်ခွန် လျော့ချ ရေးနှင့် ပတ်သက်ပြီး မြင်သာအောင် ရေးဆွဲခဲ့သော အစီအစဉ်ဖြစ်သည်။

အဆိုပါအစီအစဉ်အရ လယ် ယာ ထွက်ကုန်ပစ္စည်းများ ဖြစ်သော ဆန်အား အာဆီယံနိုင်ငံများအနေ ဖြင့် ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီတွင် အခွန်နှုန်းအား သုညရာခိုင်နှုန်းသို့ လျော့ချပေးရမည် ဖြစ်သည်။ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံသို့ စားသုံးဆီ၊ ဓာတ်ဆီ၊ တစ်ပတ်ရစ်ကား၊ ကော်ဖီ၊ ကော်ဖီဖျော် စက်၊ ဆေးနှင့်လျပ်စစ်ပစ္စည်းများ အဓိကတင်ပို့နေပြီး မြန်မာနိုင်ငံမှ ရေထွက်ပစ္စည်း၊ ပရိဘောဂပစ္စည်း၊ စိုက်ပျိုးရေး ထုတ်ကုန်များတင်သွင်း နေကြောင်း သိရှိရသည်။

ယခုနှစ် အစောပိုင်းတွင် ထိုင်း နိုင်ငံဘက်၌ ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ပြီး ထိုင်းနိုင်ငံ ဒုတိယစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးတက်ရောက်ခဲ့ကာ နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာကိစ္စများ ဆွေးနွေးခဲ့ ကြသည်။ အလားတူပင် ကုန်သွယ် ရေးနှင့် ရင်းနှီးမြှုပ်နှံရေး လုပ်ငန်းများ အား (၅)ကြိမ်မြောက် ထိုင်း-မြန်မာ ပူးတွဲကော်မတီ ကျင်းပပြီး ပြန်လည် စတင်တော့မည့် အကြောင်းနှင့် ယင်းအစည်းအဝေးအား ၂၀၁၀ပြည့်နှစ် ပထမ လေးလပတ်အတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ် တွင် လက်ကားဈေးကွက်နှင့် ပို့ကုန် ဈေးကွက် တည်ဆောက်သွားမည်ဟု သိရှိရသည်။

အငယ်ထွေး

No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။