Wednesday, March 9, 2011

၂၀၁၁- ၂၀၁၂ ဘဏ္ဍာနှစ်တွင် ရေချိုငါး မွေးမြူထုတ်လုပ်ရေး ပမာဏ လေးဆယ်ရာခိုင်နှုန်း လျော့ချမွေးမြူမည်

မြန်မာနိုင်ငံ GDP စတုတ္ထအဆင့်ဝင်ငွေရှိသော ရေချိုငါးမွေးမြူထုတ်လုပ်ရေး ပမာဏကို ယခု ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် လေးဆယ် ရာခိုင်နှုန်း အထိ လျော့ချမွေးမြူတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
 
ရေချို ငါးမွေးမြူရေးလုပ်ငန်းတစ်နေရာကိုတွေ့ရစဉ်
 
မြန်မာနိုင်ငံ၏ ရေချိုငါး မွေးမြူထုတ်လုပ်မှုကဏ္ဍ လုံးဝပြိုလဲသွားသည်အထိ အရှုံးပေါ်နိုင်သည့်အတွက် ကြောင့် ယင်းသို့ စဉ်းစားရခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် ရုံးတွင် မတ်လ ၆ ရက်နေ့၊ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည့် ငါးလုပ်ငန်း အစည်းဝေး၌ ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်သည်။

မလျော့ရင် ရှုံးမယ်။ တိုးမွေးရင် ဈေးကျမယ်။ ရှုံးသူချင်း ညှိပြီးလျှော့မွေးဖို့ ဆုံးဖြတ်တာပါ။ ဟု မြန်မာနိုင်ငံ ငါး မွေးမြူရေး အသင်းဥက္ကဌ ဦးသန်းလွင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ရေချိုငါး မွေးမြူထုတ်လုပ်ရေးကို နိုင်ငံအနှံ့ ဧကနှစ်သောင်းနှစ်ထောင်ခန့် မွေးမြူ ထုတ်လုပ်နေပြီး ယင်းအနက် ရန်ကုန်တိုင်း ပတ်ဝန်းကျင်တွင် ဧကတစ်သိန်းခွဲခန့် မွေးမြူကြောင်း သိရသည်။ ရေချိုငါး မွေးမြူထုတ်လုပ်ရေး စုစုပေါင်း၏ ရှစ်ဆယ်ရာခိုင်နှုန်း မှာ ငါးမြစ်ချင်း မွေးမြူထုတ်လုပ်ခြင်း ဖြစ်သည်။

 
ယခုနှစ် ပြည်ပသို့ ရေချိုငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၁၁၀ ရရှိနိုင်ပြီး ယင်းပမာဏမှာ စံချိန်တင် ဈေးရရှိသည့် နှုန်းထားဖြစ်သည်ဟု ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အခုနှစ် မတ်လ ၃၁ မှာ ရနိုင်တဲ့ အမေရိကန်ဒေါ်လာ သန်း ၁၁၀ က စံချိန်တင်ဈေးရတဲ့ ပမာဏ ဖြစ်ပါတယ်။ မနှစ်က ၁၀၃.၆၆ သန်းရတယ်။ နှစ်အလိုက် တိုးတက်ရလာတဲ့ ဈေးနှုန်းပမာဏကို ကြည့်ရင် ၂သန်းလေးသန်းခြောက်သန်း တဖြည်းဖြည်းနဲ့ တိုးလာတာပဲ။ အခုနှစ်ဆိုရင် ခြောက်သန်းကျော်တက်ပြီး ရလာတယ်။ နိုင်ငံခြားကို ပို့လို့ရမယ့် ဈေး ကွက် သတ်မှတ်ချက်အနေနဲ့လည်း အခုက အများဆုံးရနိုင်တဲ့ ပမာဏ ဖြစ်တယ်။ အဲထက်တော့ မကျော်နိုင်တော့ဘူး။ဟု ရေချိုငါး တင်ပို့ရောင်းချမှုမှ နှစ်စဉ် တိုးတက်ရရှိငွေကို အထက်ပါ ပုဂ္ဂိုလ်က သုံးသပ်ပြသည်။

လက်ရှိ ငါးမွေးကန်များတွင် ကုန်လက်ကျန်များ ရှိနေသေးပြီး ဆက်လက် မွေးမြူမည်ဆိုပါက ငါးလုပ်ငန်း ကဏ္ဍ တစ်ခုလုံး လဲပြိုသွားသည်အထိ အရှုံးပေါ်နိုင်ကြောင်း ငါးမွေးမြူရေး လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ ငါးလုပ်ငန်းကဏ္ဍတွင် ထုတ်လုပ်နိုင်စွမ်းက ဈေးကွက် လိုအပ်ချက်ထက် ပိုလွန်နေသည့် အတွက်ကြောင့်လည်း ထုတ်လုပ်မှု ပမာဏကို လျှော့ချ ရန် စဉ်းစားရခြင်းဖြစ်ကြောင်း ယင်းက ဆိုသည်။

အစက တစ်ဧကကို ငါးသားပေါက် နှစ်ထောင်ထည့်မွေးရင် အခုက ၁၂၀၀ လောက်ပဲ ထည့်မွေးတော့မယ်။ အဲလို လျှော့လိုက်တဲ့အတွက် တစ်ဧက ထွက်ကုန်လျော့မယ်။ ကုန်ချိန်ပိုမထွက်ဘူး။ တစ်ဧက ကုန်ကျစရိတ် သက်သာတဲ့အတွက် အစာလိုအပ်ချက်လဲ လျော့သွားမယ်။ အစာလိုအပ်ချက် လျော့သွားတဲ့ အတွက် ငါးစာဖြစ်တဲ့ ဖွဲနု၊ ပဲဖတ်၊ နှမ်းဖတ် ဈေးနှုန်းတွေမှာ ဈေးကျ လာမယ်။ ထုတ်လုပ်မှု လျော့လိုက်တဲ့ အတွက်ကြောင့် ပြည်ပ ပို့ကုန်အတွက်ရော၊ ပြည်တွင်း စား သောက်ကုန်အတွက်ပါ ကွက်တိ ဖြစ်သွားမယ့် အတွက်ကြောင့် ဈေးကွက်အတွင်းမှာ ထိခိုက်စရာ အကြောင်း မရှိပါဘူး။ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးဖြစ်သော ဦးဝင်းကြိုင်က ပြောကြားသည်။

ရေချိုငါးမွေးမြူထုတ်လုပ်ရေးသည် စုစုပေါင်းရေထွက်ပစ္စည်း တင်ပို့မှု တန်ဖိုး၏ ၂၀ ရာခိုင်နှုန်းခန့်ကို နှစ်စဉ် တင်ပို့ ရောင်းချနေသည်။

ယူနီဗာဆယ်

No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။