ရန်ကုန်မြို့ ကားလမ်းမများတွင် အချိန်ပြည့် နေရာယူလျှက်ရှိသော ဓါတ်ဆီတန်းစီသည့် ကားတန်းများသည် ညဘက် ဆိုင်ပိတ်ချိန်တွင် ဆိုင်ရှေ့၌ ညအိပ်တန်းစီလေ့ရှိရာ အချို့သော ဖြုတ်ရလွယ်သည့် ကားများ၏ နောက်မီးလုံးများ၊ ကားတံဆိပ်များ ခိုးယူခြင်းခံနေရကြောင်း ဓါတ်ဆီဆိုင် အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။
ဓာတ်ဆီကားတန်းစောင့်နေစဉ်
ဓာတ်ဆီကားတန်းစောင့်နေစဉ် ပါပလေကာ၊ ဆန်နီ စသည့် ကားများ၏ နောက်မီးလုံးများမှာ ဖြုတ်ရလွယ်ကူသောကြောင့် မကြာခဏ ခိုးယူခြင်း ခံနေရပြီး ဆူပါဆလွန်း၊ ကိုရိုနာ စသည့် ဆလွန်းကားများ၏ ကားတံဆိပ်များလည်း ဖြုတ်ယူခံနေရကြောင်း ညအိပ် ဆီတန်းစီသည့် ကားပိုင်ရှင်အချို့က ပြောကြားခဲ့သည်။
အချို့သော ဓါတ်ဆီဆိုင်များ၌ ဆိုင်ပိုင်လုံခြုံရေး ဝန်ထမ်းများ ထားရှိပြီး ညအိပ်တန်းစီသည့် ယာဉ်များအား လိုက်လံ စစ်ဆေးမှုများ ရှိသော်လည်း တန်းစီသည့် ကားတန်းမှာ အစီး ၃၀မှ ၅၀ခန့်အထိ ရှည်လျားသောကြောင့် ထိရောက်သော လုံခြုံရေးဝန်ဆောင်မှုများ မပေးနိုင်ကြောင်း၊ အချို့သော ဆီဆိုင်များတွင်မူ လုံခြုံရေး ဝန်ထမ်းများပင် မထားရှိကြောင်း ဗဟန်းမြို့နယ်ရှိ ဓါတ်ဆီဆိုင် တစ်ခုမှ ဝန်ထမ်းတစ်ဦးကဆိုသည်။
ပါပလေကာ၊ ဆန်နီ စသည့်ကားများ၏ နောက်မီးခွက်များမှာ ဈေးကွက်တွင်း ဘားမားမိတ် အသစ်တစ်စုံလျှင် ကျပ်ငွေ ထောင်ဂဏန်းသာ ရှိကြောင်း၊ ဆလွန်းကား တံဆိပ်များမှာမူ ကား၏ အနေအထားပေါ်လိုက်၍ ကျပ်သောင်း ဂဏန်းထိ ရှိကြောင်း၊ ယင်းကဲ့သို့ ကားတံဆိပ်များအား ကားပစ္စည်းဆိုင်များမှ ဝယ်ယူလေ့ရှိကြောင်း၊ တခါတရံတွင် ယာဉ်ပိုင်ရှင်က မှာထားသဖြင့် ကားပစ္စည်း အရောင်းဆိုင်များကလည်း လိုက်လံရှာဖွေခိုင်းလေ့ရှိကြောင်း တာမွေ အခွန်လွတ်ဈေးအနီး ကားပစ္စည်း အရောင်းဆိုင်များတွင် ပွဲကြိုလုပ်နေသော အသက် ၂၀အရွယ် လူငယ်တစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံ၏ စက်သုံးဆီ ဈေးနှုန်းများသည် သမိုင်းတစ်လျှောက် အမြင့်ဆုံးဈေးနှုန်းသို့ ရောက်ရှိနေပြီး မှောင်ခိုဈေးသည် ဆိုင်ထုတ်ဈေးထက် ကျပ်၁၀၀၀ ခန့် အမြတ်အစွန်း ရနေသဖြင့် ပင်စင်စားများ၊ အိမ်ရှင်မများနှင့် မော်ဒယ်၊ အက္ခရာနိမ့် ကားပိုင်ရှင်များသည် ဆီဆိုင်များ၌ ဆီတန်းစီ၍ မှောင်ခိုပြန်လည် ရောင်းချနေကြပြီး တစ်လလျှင် ၃သိန်းခန့် အသားတင် အမြတ်ငွေ ကျန်သော ကြောင့် စီးပွားရေးတစ်ခုအနေဖြင့် လုပ်ကိုင်လာကြကြောင်း ကားပိုင်ရှင်များ အသိုင်း အဝိုင်းက ဆိုသည်။
ယူနီဗာဆယ်

No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။