ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုရှိ ဌာန ၃ ခု၏ အကြီးအကဲများ အသစ်ပြောင်းရွှေ့သွားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန သတင်းရပ်ကွက် မှ သိရသည်။
ဆန္ဒပြသူများနှိမ်နှင်းရန် အထူးလေ့ကျင့်ထားသည် ရဲအဖွဲ့များ
ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက “ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရယ်၊(စစစ)လို့ အများက ခေါ် နေကြတဲ့ အထူးစုံစမ်းစစ်ဆေးရေးဌာနရယ် ပြီးတော့ နိုင်ငံရေးမှုတွေကို အများဆုံးကိုင်တွယ်တဲ့ (SB)လို့ သိကြတဲ့ ရဲသတင်းတပ်ဖွဲ့ရယ်က အကြီး အကဲတွေ အစိုးရသစ် မတက်ခင်အချိန်မှာ ပြောင်းသွားကြတယ်။ သူတို့ပြောင်းသွားတာကို အစိုးရသစ် မတက်ခင်အချိန်မှာ သက်ဆိုင်ရာဌာန အသီးသီးကို ပြန်တမ်း ပို့ခဲ့ပေမယ့် ပြည်သူလူထု ကိုတော့ ရဲချုပ်ရာထူးနေရာ ပြောင်းလဲသွားတာကိုပဲ ထုတ်ပြန်ကြေညာခဲ့တယ်”ဟု ဆိုသည်။
Bureau of Special Investigation(BSI) အထူးစုံစမ်းစစ်ဆေးရေးဌာန၏ ညွှန်ကြားရေးမှုးချုပ်ရာထူးနေရာအား ဗိုလ်မှူးမောင်မောင်ကျော် မှ ပြောင်းလဲတာဝန်ယူခဲ့ပြီး ၎င်း၏ရှေ့တွင် တာဝန်ထမ်းဆောင်ခဲ့သူအား မည်သည့်နေရာသို့ ပြောင်းလဲခဲ့သည်ကိုမူ သိရှိရခြင်း မရှိကြောင်း သိရှိရသည်။ ဗိုလ်မှူး မောင်မောင်ကျော်သည် ဘားအံမြို့တွင် ရဟတ်ယာဉ်ပျက်ကျ၍ ကျဆုံးသွားခဲ့သော စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးတင်ဦး၏သမက် ဖြစ် သည်ဟု သိရှိရပြီး ၎င်း၏ ဇနီးမှာ ဟယ်ပင်လမ်းတွင် ဂျပန်နိုင်ငံမှ ပို့ဆောင် လိုက်သော ပါဆယ်ဗုံးကြောင့် သေဆုံးသွားခဲ့သည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ရဲချုပ်ရာထူးအား ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒု-တိုင်းမှူးရာထူးအား ၂ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်မှုးချုပ် ကျော်ကျော်ထွန်းအား ဧပြီ ၁ ရက်နေ့က ခန့်အပ်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ကြေညာခဲ့သည်။ ထို့ပြင် ရဲသတင်းတပ်ဖွဲ့(Special Branch) ၏ သတင်းတပ်ဖွဲ့မှူးနေရာအား အစားထိုးတာဝန်ပေးခဲ့သည် ဟူသည့် သတင်းများ ထွက်ပေါ်လာခဲ့သည်။ ရန်ကုန်တိုင်း ကြိုးမဲ့၊ ကြေးနန်းနှင့် ယာဉ်ထိန်း တပ်ဖွဲ့၏ ဒု-တိုင်းမှူး ရာထူးနေရာတွင်လည်း တပ်မတော်မှ ယာဉ်ထိန်းသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့သူ ဒု-ရဲမှူးကြီး ဦးအောင်နိုင်အား ရာထူးမှ အနားပေးကာ ဒု-တိုင်းမှူးအသစ် ပြောင်းလဲခန့် အပ်ခဲ့ကြောင်း ယာဉ်ထိန်းးတပ်ဖွဲ့မှ သိရှိရသည်။
ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာနများ၏ တာဝန်ခံများသည် နိုင်ငံရေးအရ ပြောင်းလဲမှုများစွာရှိပြီး ဌာနများအား အမှန်တကယ် ကွပ်ကဲသူမှာ ဒုတိယတာဝန်ခံများပင် ဖြစ်ကြောင်း သိရှိရသည်။
ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်တွင်....
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဌာန၊
အကျဉ်းဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဟူ၍ ဌာနကြီး ၄ ခုရှိပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လက်အောက်တွင်မူ ရဲသတင်း တပ်ဖွဲ့၊ ရဲတပ်ရင်းများကွက်ကဲမူဌာနချုပ် စသည်ဖြင့် လုံခြုံရေး ဌာနများစွာ ဖြန့်ခွဲထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှထုတ်ပြန်သော ထုတ်ပြန်ချက်များ အရသိရှိရသည်။
ကျော်စွာ
ယူနီဗာဆယ်

No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။