Friday, June 17, 2011

တရုတ်၏ ရန်လိုသော်လုပ်ရပ်ကြောင့် ဗီယက်နမ်စစ်ရေးလေ့ကျင့်မူစတင်

 တောင်တရုတ် ပင်လယ်ပြင်မှ ဗီယက်နမ်တို့၏ ရေနံရှာဖွေမှု အားလုံးကို ရပ်ဆိုင်းရန် တရုတ်နိုင်ငံက တောင်းဆိုမှုကို တုန့်ပြန်သည့် အနေဖြင့် ဗီယက်နမ်က လက်တွေ့ ပစ်ခတ် စစ်ရေး လေ့ကျင့်မှု ပြုလုပ်မည်ဟု သောကြာနေ့တွင် ကြေညာခဲ့ရာ တောင်တရုတ် ပင်လယ် ပိုင်နက် အငြင်းပွားမှု ပြဿနာ ပိုမို ကြီးထွားလာခဲ့သည်။

နိုင်ငံပေါင်း များစွာက အလားအလာ ကောင်းသည့် ရေနံနှင့် ဓာတ်ငွေ့သိုက်များကို မျက်စိကျနေ ကြသည့် တောင်တရုတ် ပင်လယ်ရေပြင်၏ အခြား နေရာ တစ်ခုတွင် ယခု သီတင်းပတ် အစောပိုင်းက တရုတ်နှင့် ဖိလစ်ပိုင် နိုင်ငံတို့ အလားတူ အငြင်းပွားခဲ့ကြပြီးနောက် ယခုတစ်ဖန် အိမ်နီးချင်း ကွန်မြူနစ် နှစ်နိုင်ငံအကြား အခြေအတင် အငြင်းပွားမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။
  ဗီယက်နမ်ရေတပ်

အဆိုပါ အငြင်းပွားမှုများကြောင့် တရုတ်နှင့် အိမ်နီးချင်း နိုင်ငံများ၏ အားပြိုင်မှုကို ဖြစ်ပေါ်စေသည့် အပြင် ကျွဲကူးရေပါ ပါဝင်လာသော အမေရိကန် ပြည်ထောင်စုကလည်း တရုတ် နိုင်ငံ၏ ရေပြင်ပိုင်နက် တောင်းဆိုမှုများသည် နိုင်ငံတကာ ရေပြင် ဥပဒေကို ချိုးဖောက်ရာ ရောက်ခြင်း နှင့် နိုင်ငံတကာ ကုန်သွယ်ရေးကို ထိခိုက်ရန် အလားအလာ ရှိနေခြင်းတို့ကြောင့် ၀ါရှင်တန်က အလေးထား စဉ်းစား သုံးသပ်နေသည်ဟု ပြောကြားခဲ့သည်။


ဗီယက်နမ်က သောကြာနေ့တွင် ကြေညာရာ၌ နိုင်ငံ အလယ်ပိုင်း ကွမ်နမ် ပြည်နယ် အပြင်ဖက် ရေပြင်တွင် စုစုပေါင်း ၉ နာရီ ကြာမြင့်မည့် စစ်ရေးလေ့ကျင့်မှု နှစ်ခုကို တနင်္လာနေ့တွင် ပြုလုပ်မည်ဟု ဆိုသည်။ နိုင်ငံပိုင် Northern Maritime Safety Corp ၏ ၀က်ဘ်ဆိုက်တွင်လည်း သင်္ဘောများ၊ လှေများ အနား ကပ်မလာရန် သတိပေးထားသည်။ ဗီယက်နမ် နိုင်ငံက ရေတပ် စစ်ရေး လေ့ကျင့်မှုနှင့် ပတ်သက်၍ သတိပေးချက် ထုတ်ပြန်သည်မှာ ယခု ပထမဆုံး အကြိမ် ဖြစ်သည်။

တရုတ် နှင့် ဗီယက်နမ်တို့သည် သူတို့ ပိုင်ဆိုင်ကြောင်း ကြေညာထားသည့် ရေပြင်များမှ လက်ရှောင်ကြရန် အပြန်အလှန် တောင်းဆိုခြင်းဖြင့် သံတမန်ရေး အငြင်းပွားမှုများ ဖြစ်ပွားပြီး နောက်တစ်ရက်တွင် ဗီယက်နမ်တို့၏ စစ်ရေး လေ့ကျင့်ခန်း အစီအစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

တရုတ်နိုင်ငံက ယင်း၏ ရေလုပ်သားများ အသက်အန္တရာယ်ကို ဗီယက်နမ်က ခြိမ်းခြောက်နေသည် ဟု စွပ်စွဲ ပြောဆိုထားသည်။ ကြာသပတေးနေ့ အစောပိုင်းတွင် ဗီယက်နမ်က ဗီယက်နမ် ကမ်းလွန် အလယ်ပိုင်းရှိ ဆိုက်စမစ် တိုင်းတာမှု လုပ်ငန်းများကို တရုတ်က အနှောက်အယှက် ပေးခဲ့ကြောင်း ပြစ်တင် ရှုတ်ချ လိုက်ပြီး အစောင့် သင်္ဘော နှစ်စင်း လိုက်ပါလာသော တရုတ် ငါးဖမ်း သင်္ဘောက ဗီယက်နမ် နိုင်ငံပိုင် သုတေသန သင်္ဘော၏ ရေအောက် ရှာဖွေရေး ကေဘယ်ကို ဖျက်ဆီး ခဲ့သည်ဟု ပြောကြားခဲ့သည်။

Associated Press မှ သတင်းကို ဘာသာပြန်သည်။

(U.V.I)

No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။