Tuesday, June 21, 2011

ကရင်ပြည်နယ်တွင် ၀ါးတား၍ ကောက်သော်ဂိတ်များ ကျန်ရှိနေသေး

ကရင်ပြည်နယ်တွင် ဝါးလုံးတား၍ အခွန်များကောက်ခံခြင်းများ ပြုလုပ်ခြင်းများ မပြုလုပ်ရန် ကရင်ပြည်နယ် ဝန်ကြီးချုပ်မှ ညွှန်ကြားထားသော် လည်း ယင်းသို့သော ဝါးတားဂိတ်များ ဆက်လက်ရှိနေသေးကြောင်း အဝေးပြေးယာဉ်မောင်းများ၏ ပြောပြချက်အရ သိရသည်။

တောင်ငူမှ သံတောင်သို့သွားရာ အဝေးပြေးလမ်းတစ်လျှောက်တွင် နယ်မြေခံတပ်ရင်းများမှ ဝါးလုံးများတား၍ အကောက်ဂိတ်များ ဖွင့်လှစ်ထားကြောင်း သိရှိရသည်။
တောင်ငူမှ သံတောင်မြို့သို့ နေ့စဉ်ပြေးဆွဲနေသော အဝေးပြေးယာဉ်မောင်းတစ်ဦးမှ အရင်တုန်းက ကားတစ်စီး ကို ငါးရာတောင်းတယ်၊ အခု လည်း ငါးရာပဲ၊ ဘာမှတော့မထူးပါဘူး။ တောင်ငူ - သံတောင်ကားလမ်းက နည်းနည်း အန္တာရာယ်ရှိတော့ လုံခြုံရေးကြေး ပေးနေရသလိုပါပဲဟု ဆိုသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်မှ ဝါးလုံးဖြင့်တားထားသော အကောက်ဂိတ်များ ဖွင့်လှစ်ခြင်းမပြုရန် မေလအတွင်းက စတင်ညွှန်ကြားထားသော်လည်း ယခုအထိ ဝါးတားဂိတ်များ ဆက်လက်ရှိနေသေးကြောင်း သိရှိရသည်။


ကရင်ပြည်နယ်မှ အုပ်ချုပ်ရေးဝန်ထမ်းတစ်ဦးကလည်း ပြောရမှာတော့ ခက်တယ်၊ အကောက်ဂိတ်ကို ဖွင့်နေတာက တိုင်းမှူးတပ်မမှူးဒကစမှူး တို့ရဲ့လက်အောက်ခံ၊ စစ်ဘက်လက်အောက်ခံဆိုတော့ ပြည်နယ်ဝန်ကြီးချုပ်ရဲ့စကားကို သိပ်နားမထောင်ချင်ကြဘူး။ အရင်ကတည်းက တပ်မှူးတွေက ရပ် ရွာအုပ်ချုပ်ရေးမှာ တာဝန်ယူခဲ့ကြတာဆိုတော့ အခုအသစ်ပေါ်လာတဲ့ အစိုးရရဲ့ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းတွေကို သူတို့ရဲ့အပေါ်မှာ နေရာမပေး ချင်ကြတော့ ကျွန်တော်တို့ လုပ်ရတာတော်တော်ခက်ခဲတယ်ဟု ပြောပြခဲ့သည်။

ကရင်ပြည်နယ်သည် အမည်မဖော်နိုင်သော အကောက်ဂိတ်များ ဖွင့်လှစ်ထားသည့် ပြည်နယ်တစ်ခုဖြစ်ကာ၊ ကော့ကရိတ်၊ မြဝတီ၊ သံတောင်၊ ဖာပွန်မြို့နယ်များသည် တရားမဝင် အကောက်ဂိတ်များ စွာဖွင့်လှစ်ထားရှိသည့် မြို့နယ်များဖြစ်ကြောင်း သိရသည်။

ကျော်စွာ

(U.V.I)

No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။