Friday, June 24, 2011

တရုတ်က တောင်တရုတ်ပင်လယ်တွင် ၃ ရက်ကြာ စစ်ရေး လေ့ကျင့်

တရုတ်နိုင်ငံနှင့် ယင်း၏ အိမ်နီးချင်းများနှင့် တင်းမာမှုများ ကြီးထွားလာခြင်းကြောင့် တောင် တရုတ် ပင်လယ်တွင် ၃ရက်ကြာ စစ်ရေး လေ့ကျင့်မှု ကို တရုတ်နိုင်ငံက ပြုလုပ်ခဲ့ပြီး ယင်း၏ ကမ်းလွန် ရေပြင် ကင်းလှည့် တပ်ဖွဲ့ကိုလည်း အားဖြည့်ရန် စီစဉ်လျက် ရှိသည်။
  တောင်တရုတ်ပင်လယ်ပြင်ကို ပိုင်ဆိုင်ကြသည့်နိင်ငံများ၏ မြေပုံ

တောင်တရုတ် ပင်လယ်ပြင်ရှိ အလားအလာ ကောင်း၍ သယံဇာတ ကြွယ်ဝသော ဧရိယာ များအား ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ထိုင်ဝမ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်း စသော နိုင်ငံများနှင့် တရုတ်နိုင်ငံတို့ အပြိုင်အဆိုင် ငြင်းခုန်လျက် ရှိကြရာ ယခု သီတင်းပတ်များ အတွင်း ပိုမို ကြီးထား ကျယ်ပြန့်လာခြင်း ဖြစ်သည်။


ယခု သီတင်းပတ်တွင် ဖိလစ်ပိုင် နိုင်ငံက အမေရိကန် ပြည်ထောင်စု ထံမှ အကူအညီ တောင်းခံခဲ့သလို၊ ဗီယက်နမ် နိုင်ငံကလည်း လက်တွေ့ ပစ်ခတ် စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး နောက်တွင် ဘီဂျင်းက အဆိုပါ မပြီးဆုံးနိုင်သည့် ရေပြင် ပိုက်နက် အငြင်းပွားမှုများကို ဖြေရှင်းရန် အင်အား သုံးမည် မဟုတ်ပါဟု ကတိပြုခဲ့သည်။
    
    ပင်လယ်ပြင်တွင် ကမ်းတက်တပ်ဖွဲ့များ စစ်ရေးလေ့ကျင့်နေစဉ်


Global Times ၏ သတင်းဖော်ပြချက်အရ တရုတ်ရေပြင် တောင်ပိုင်း ဟိုင်နန်ကျွန်း အနီးတွင် တရုတ် စစ်သင်္ဘော ၁၄ စင်း လတ်တလော စစ်ရေး လေ့ကျင့်မှု ပြုလုပ်ရာတွင် ရေငုပ် သင်္ဘော တိုက်ဖျက်ရေး လေ့ကျင့်ခန်းများနှင့် ကမ်းတက် လေ့ကျင့်ခန်းများ ပါဝင်သည်ဟု သိရှိရသည်။ တောင်တရုတ် ပင်လယ်ပြင်မှ တရုတ် ရေတပ် လေ့ကျင့်မှုသည် သန္တာ ကျောက်တန်း ကျွန်းစု များနှင့် ပင်လယ် ရေလမ်းကြောင်းများကို ကာကွယ်ရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု သတင်းများက ဖော်ပြသည်။

တရုတ် ရေပြင် ကင်းလှည့်တပ်ဖွဲ့ကိုလည်း လက်ရှိ အင်အား ၉၀၀၀ မှ သက္ကရာဇ် ၂၀၂၀ နောက်ဆုံးထား၍ တပ်ဖွဲ့ဝင် ၁၅၀၀၀ အထိ တိုးမြှင့် သွားမည်ဟု China Daily သတင်းစာက ဖော်ပြထားသည်။

AFP သတင်းကို ဘာသာပြန်သည်။

(U.V.I)

No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။