ရာပေါင်း များစွာသော လူများသည် ခါးလောက်သာ နက်သောရွံ့များ ပြည့်နေသော ရေထဲတွင် ရွှေကျင်လျက် ရှိကြသည်။ ယင်းတို့သည် မြန်မာပြည် နေရာ အနှံ့အပြားမှနေ၍ ဧရာဝတီမြစ်အစ မေခနှင့်မလိခ မြစ်ပေါင်းဆုံရာသို့ လာရောက်၍ ရွှေကျင်လျက်ရှိရာ ကံကောင်းသောနေ့များတွင် ဒေါ်လာ (1000) တန်ဖိုးရှိသော ရွှေများ ရရှိခဲ့ ကြသော်လည်း အဆိုပါနေ့များ လွန်မြောက်ခဲ့ပြီ ဖြစ်သည်။
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း မြေပုံမြစ်တစ်ဖက်ကမ်းတွင် သံမဏိဖြင့် ပြုလုပ်ထားသော တန်းလျားများသည် နေ့ခင်း နေရောင်တွင် အရောင်များ ပြန်လျက် ရှိသည်။ ယင်းတန်းလျား များတွင် မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းအတွက် လာရောက်အလုပ်လုပ်နေသော ရာပေါင်း များစွာသော တရုတ်အလုပ်သမားများ နေထိုင်လျက်ရှိသည်။ မြန်မာအစိုးရ၏ အဆိုအရ ယခုရေကာတာသည် ကမ္ဘာပေါ်တွင် ဆဋ္ဌမအကြီးဆုံး ဖြစ်ပြီး တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် (6000) ထုတ်လုပ်နိုင်မည်ဟု သိရှိရသည်။
အဆိုပါ စီမံကိန်းသည် ၂၀၁၉ တွင် ပြီးစီးမည်ဖြစ်ရာ ရွှေ ရှာဖွေသော နေရာများ ရေဖုံးလွှမ်းသွားမည် ဖြစ်ပြီး အနည်းဆုံး လူ (၁၀၀၀၀)ခန့် ရွေ့ပြောင်းပေးရမည် ဖြစ်သည်။ ထွက်ရှိသော လျှပ်စစ်ဓာတ်အား အားလုံးကို တရုတ်နိုင်ငံသို့ ရောင်းချမည် ဖြစ်သည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုရေးဆိုင်ရာ သက်ရောက်မှုများ အတွက် လေ့လာရေး ပြီးဆုံးခဲ့ပြီ ဆိုလျှင် တောင်ထိခိုက်ခဲ့သော ရွာသားများကို မေးမြန်းထားခြင်း မရှိသည်ကို တွေ့ရသည်။
ဒေသခံ ကက်သလစ် ရဟန်းတစ်ပါးက ပြောကြားရာတွင် ယင်း၏ ဘုရားကျောင်းသို့ လာရောက်သော ရွာသားများသည် စံပြရွာသို့ ပြောင်းရွေ့ ရပြီး အိမ်သေးသေးလေး တစ်လုံးနှင့် စိုက်ပျိုးရန် မြေအနည်းငယ်သာ ရရှိသည်ဟု ဆိုသည်။ မြန်မာခေါင်းဆောင်များ ထံသို့ ထိုဘုန်းတော်ကြီးက စာရေးသား ခဲ့သော်လည်း စာပြန်ခြင်း မရှိပေ။ ဘုန်းတော်ကြီးက ပြောကြားရာတွင် ယင်းသည် ယင်း၏ သမိုင်းဝင်ဘုရားကျောင်းတွင် တံခါးရှေ့ ရေများ တက်လာ သည် အထိ နေထိုင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ပရောဂျက်ကို စိုးရိမ်ပူပန်သူများမှာ နေရာရွေ့ပြောင်း ခံရသူများသာ မဟုတ်ပေ။ အဆိုပါ ပရောဂျက်သည် နှစ်ပေါင်းများစွာကပင် အစိုးရနှင့် တိုက်ခိုက်နေသော ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) ထိန်းချုပ်ထားသော နယ်မြေအထိ ရောက်သည်။ ပြီးခဲ့သည့်နှစ် မေလက ရေကာ တာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ဗုံးများကွဲခဲ့ပြီး ဆောက်လုပ်ရေး မရပ်ပါက ပြည်တွင်းစစ် ဖြစ်နိုင်သည်ဟု KIO က သတိပေးခဲ့သည်။ KIO ၏ လက်နက်ကိုင် တပ်သည် မကြာသေးမှီက အပစ်အခတ် ရပ်ထားသော်လည်း အစိုးရတပ်ဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ KIO သည် အစိုးရ နယ်ခြားစောင့်တပ် အစီအစဉ်ကို လက်မခံခြင်းကြောင့် ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲတွင် ပါဝင်ခွင့် မရရှိခဲ့ပေ။ ယင်း၏ ခြိမ်းခြောက်မှုများသည် အရပ်သား အစိုးရသစ် သမ္မတ ဦးသိန်းစိန် တရုတ်နိုင်ငံသို့ သွားရောက်ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
တရုတ်သည် မြန်မာနိုင်ငံတွင် များစွာ ရင်းနှီးမြှုပ်နှံထားသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် အများဆုံး ဖြစ်သည်။ မြစ်ဆုံ စီမံကိန်းသည် တရုတ် က ရင်းနှီးမြှုပ်နှံထားသော ရေအားလျှပ်စစ် စီမံကိန်းများ၊ သတ္တုတွင်းနှင့် အခြေခံ အဆောက်အဦး စီမံကိန်းများအနက် တစ်ခုဖြစ်သည်။ တရုတ်၏ ရည်မှန်းချက် အထားဆုံးမှာ ယင်း၏ ရေနံစိမ်း သဘောင်္များအတွက် ရေနက်ဆိပ်ကမ်းပင် ဖြစ်သည်။ ယင်းသည် ၂၀၁၃ တွင် ပြီးစီးမည်ဖြစ်ရာ မြန်မာ နိုင်ငံ၏ ရွှေသဘာဝ ဓာတ်ငွေ့လုပ်ကွက်မှ ဓာတ်ငွေ့ကို သယ်ဆောင်နိုင်မည် ဖြစ်ပြီး တရုတ်၏ ရေနံ တင်သွင်းမှု လိုအပ်ချက်၏ ၁၀% ကို သက်သာ စေ မည် ဖြစ်သည်။
ယခုကဲ့သို့ နီးကပ်စွာ ဆက်ဆံရေးသည် နှစ်ဖက်စလုံး အတွက် သက်သာလှသည်တော့ မဟုတ်ပါ။ တရုတ်လူမျိုး တစ်သန်းမှ နှစ်သန်းခန့်သည် မြန်မာနိုင်ငံ မြောက်ပိုင်းသို့ ပြောင်းရွေ့ ၀င်ရောက်လာကြသည်။ ယင်းတို့သည် ကျောက်စိမ်း ရောင်းဝယ်ရေး၊ မြေဈေးများ မြင့်တက်စေခြင်းနှင့် မန္တလေး နှင့် မြစ်ကြီးနားတို့တွင် ယင်းတို့၏ ကြွယ်ဝမှုများကို မြှုပ်နှံ နေကြသည်။ မြစ်ကြီးနားတွင် တရုတ် နံပါတ်ပြား တပ်ထားသော ကားများ တွေ့နေရသည်။ ဒေသခံများ၏ မကျေနပ်မှုများ တိုးပွားလာသည်။ ခရစ်ယာန် ဘုရားကျောင်း အကြီးအကဲများးက တရုတ်လူမျိုးများက လူဦးရေ တစ်ဝက် ရှိနေပြီ ဖြစ်ကြောင်း ပြောသည်။ မြန်မာ အများစုက ပြောကြားရာတွင် မြောက်ပိုင်း ဒေသများသည် တရုတ်၏ ပြည်နယ် တစ်ခု ကဲ့သို့ ဖြစ်နေပြီဟု ဆိုကြသည်။
တရုတ်ကလည်း သူ့အပိုင်းတွင် ယင်း၏ရင်းနှီးမြှုပ်နှံမှုများနှင့် ယင်း၏ လူမျိုးများ အပေါ် စိုးရိမ်ပူပန်မှုများ ရှိနေသည်။ ယခင်က တရုတ်သည် စစ်တပ် နှင့် တိုင်းရင်းသား သူပုန်များကြားတွင် တိုက်ပွဲများ မဖြစ်ရေးအတွက် မြန်မာ အစိုးရ ခေါင်းဆောင်များကို ထောက်ခံ ကူညီခဲ့သည်။ သို့သော် ၂၀၀၉ ခုနှစ်တွင် ကိုးကန့်များနှင့် ပဋိပက္ခ ဖြစ်သောအခါ တရုတ် ဟန်လူမျိုး (၃၇၀၀၀) ကျော်သည် တရုတ်နိုင်ငံသို့ ထွက်ပြေးလာခြင်းကြောင့် မြန်မာစစ် အစိုးရကို ပြင်းထန်စွာ ဝေဖန်ခဲ့သည်။
တရုတ်၏ စီးပွားရေး အကျိုးစီးပွားက ကြီးထွားလာသောအခါ ယင်း၏ဆိပ်ကမ်းသစ်နှင့် ပိုက်လိုင်းများ လုံခြုံရေးကို စောင့်ကြည့်နိုင်ရန် မြန်မာ့ ဆိပ်ကမ်းများနှင့် ရေပိုင်နက်များကို ပိုမို ထိတွေ့ရေး ဖိအားပေးလာသည်။ မြန်မာနိုင်ငံ အနေဖြင့် ယခင်ကတည်းက ယင်း၏အိမ်နီးချင်း တရုတ်အပေါ် သံသယအမြစ်တွယ်ပြီး ဖြစ်နေရာ ယခုကိစ္စမှာ အပ်နှင့် ခပ်ဆတ်ဆတ် ထိုးလိုက်သလို နာကျင်ရမည့် ကိစ္စဖြစ်သည်။
နိုင်ငံခြားသား ကြောက်သော မြန်မာခေါင်းဆောင်များသည် တရုတ်အပေါ် မှီခိုနေရမှုများကို လျှော့ချသည့် အနေဖြင့် အိန္ဒိယနှင့် အနောက်နိုင်ငံ များ အပေါ် ကစားလျက်ရှိသည်။ သို့သော် အိန္ဒိယကလည်း မြန်မာနိုင်ငံတွင် ခြေကုတ်ရရေး ကြိုးစားမှု နှေးကွေးလျက် ရှိပြီး၊ အမေရိကန်နှင့် ဥရောပ သမဂ္ဂကလည်း မကြာသေးမှီက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော Sanctions များ သက်တမ်းတိုးခဲ့သည်။ အမေရိကန်၏ ပိတ်ဆို့မှုတွင် ကမ္ဘာ့ဘဏ်မှ ငွေချေးခြင်းများလည်း ပါဝင်သည်။ ထို့ကြောင့် ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများရှိသော မြစ်ဆုံကဲ့သို့သော ပရောဂျက်ကြီးများ ဖြစ်ပေါ်လာရပေသည်။
ထို့ကြောင့် မြန်မာ အစိုးရသည် တရုတ်ကို လိုအပ်သည်ထက် ပို၍ မှီခိုလာရသည်။ မြန်မာ ဘုန်းတော်ကြီး တစ်ပါး ပြောသကဲ့သို့ “ငါတို့ကတော့ တရုတ်ရဲ့ မီးဖိုချောင်ပဲ။ သူတို့ လိုချင်တာတွေ ယူသွားပြီး အမှိုက်တွေပဲ ပစ်ထားခဲ့တယ်” ဟု ဆိုရမလိုပင် ဖြစ်နေချေတော့သည်။
The Economist မှ သတင်းကို ဘာသာပြန်သည်။
(U.V.I)
No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။