လက်ရှိအချိန်တွင် နိုင်ငံခြားမှ အဆင့်မြင့်ပုဂ္ဂိုလ်များ မြန်မာနိုင်ငံသို့ အလျင်အမြန် လာရောက်လျက် ရှိသည်။ အချို့က ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံ၍၊ အချို့က တွေ့ဆုံခြင်း မရှိပဲ ယင်းတို့၏ ဒီမိုကရေစီ စံနှစ်မျိုးကို လိုက်နာ လုပ်ဆောင်လျက် ရှိနေပေသည်။

တစ်ချိန်တည်းမှာပင် တိုင်းပြည်တွင် ဗုံးများ ကွဲလျက်ရှိပြီး တိုင်းရင်းသားပဋိပက္ခသည် ပြည်တွင်းစစ် ဖြစ်မည့် လက္ခဏာများ ဖြစ်ပေါ်လျက် ရှိသည်။ အဆိုပါကိစ္စများတွင် နိုင်ငံရေးနှင့် သံတမန်ရေးအရ ပိုမိုရှုပ်ထွေးမှုများ ပါဝင်နေသည်။ ဇွန်လ (၂၄)ရက် တစ်ရက်တည်းမှာပင် နေပြည်တော်၊ မန္တလေးနှင့် ပြင်ဦးလွင်တို့တွင် ဗုံးလေးလုံး ကွဲခဲ့သည်။ ပြင်ဦးလွင်မြို့သည် စစ်တက္ကသိုလ် အပါအ၀င် စစ်ကျောင်း လေးကျောင်းရှိသော တပ်မြို့ဖြစ် သဖြင့် ယခု နောက်ဆုံး အကြမ်းဖက်မှုသည် အရေးကြီးသည့်အသွင်ကို ဆောင်နေသည်။ မြို့ပြစစ်ပွဲများသည် ၁၉၉၄ ခုနှစ်က စစ်အစိုးရနှင့် တိုင်းရင်းသား သူပုန်များ ငြိမ်းချမ်းရေး ယူပြီးကတည်းက ဖြစ်လေ့ဖြစ်ထ မရှိတော့သည်မှာ ကြာခဲ့ပြီဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်များ အတွင်း နေပြည်တော် အပါအ၀င် ကချင်ပြည်နယ်၏ မြစ်ကြီးနားတို့တွင် ဗုံး ဒါဇင်ဝက်ခန့် ကွဲခဲ့သည်။ အဆိုပါ အကြမ်းဖက်မှုများအတွက် အပြစ်ရှိသူကို လူတိုင်းက ခန့်မှန်းနေကြသည်။ သို့သော် ဝေဖန်သုံးသပ် သူများကမူ မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်နယ်စပ် ကချင်ပြည်နယ်တွင် ယခုလအတွင်း ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကို လက်ညှိုး ထိုးခဲ့ကြသည်။ အစိုးရကမူ တိုင်းရင်းသား သူပုန်များကိုသာ အပြစ် ပုံချခဲ့သည်။
အတိုက်အခံများဖက်မှ စာရေးသူအား ပြောကြားရာတွင် အစိုးရ၏ စွပ်စွဲမှုများတွင် ပြည့်စုံခိုင်လုံခြင်းများ မရှိခြင်းကြောင့် ယင်း၏ နိုင်ငံရေး စီမံချက်အပေါ် သံသယဖြစ်ဖွယ် ဖြစ်လာရသည်။ ယင်းတို့က ပြောကြားရာတွင် ယခု ဗုံးပေါက်ကွဲမှုများသည် အတိုက်အခံများအတွက် အလားအလာ မကောင်းကြောင်း၊ အစိုးရသည် ဗုံးကွဲမှုကို အကြောင်းပြု စွပ်စွဲ၍ အတိုက်အခံ ခေါင်းဆောင်များကို နှိမ်နှင်းလာနိုင်ကြောင်း ပြောသည်။ “မြန်မာ အစိုးရ ဟာ အတိုက်အခံကို ဖိနှိပ်ဖို့ စွပ်စွဲချက် အမျိုးမျိုးကို အသုံးပြုနိုင်ပါတယ်” ဟု ပြည်ပရောက် အတိုက်အခံ ခေါင်းဆောင် ဦးညိုအုန်းမြင့်က ပြောကြားခဲ့ သည်။ “အခု ဗုံးပေါက်ကွဲမှုတွေမှာ သံသယဖြစ်ဖွယ် ရှိတာက KIA ကလည်း သူ့မှာ တာဝန်ရှိတယ်လို့ ပြောမထားပါဘူး” ဟု ယင်းက ပြောသည်။
သတင်းများကမူ ယခု ဗုံးကွဲမှုများသည် ဆင်လုံးများ ဖြစ်မည်ဟု သံသယ ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် ထိုဧရိယာများသည် ဗုံးမကွဲမီကပင် စစ်တပ်က လုံခြုံရေးယူထားသော နေရာများ ဖြစ်ကြောင်း သာဓကများ ရှိနေသည်။အစိုးရက ရှင်းလင်းချက် ထုတ်ပြန်ရာတွင် KIA အား တိုက်ခိုက်ရခြင်းမှာ တရုတ်ပြည်သို့ လျှပ်စစ်စွမ်းအင်ပေးရန် ဆောက်လုပ်ထားသော ရေအား လျှပ်စစ်စီမံကိန်းနှစ်ခုအား ကာကွယ်ရန်ဟုဆိုရာ လိမ်ညာခြင်းသက်သက်ထက် မပိုပေ။
အဆိုပါ အစိုးရ၏ ဖြေရှင်းချက်များသည် ကချင် ဒေသတွင် နောက်ပိုင်း စီးပွားရေးအကျိုးစီးပွားများနှင့် ပတ်သက်၍ KIO နှင့် တရုတ်တို့ကြား MoU ရေးထိုးထားမှုအား ဆန့်ကျင်လျက် ရှိသည်။ ကချင် သတင်းများ၏ အဆိုအရ တာပန် ရေအားလျှပ်စစ် စီမံကိန်းလုပ်ဆောင်နေသော တရုတ်ကုမ္ပဏီသည် KIO သို့ လမ်းအခွန်အခအဖြစ် ယွမ် (၁၀)သန်း ပေးရန် သဘောတူထားခဲ့သည်။ ယင်းမှာ တရုတ်နယ်စပ် ကချင်ပြည်နယ်၏ သီးသန့် အချုပ်အခြာအာဏာပိုင် နယ်မြေ တစ်ခုအတွက် တရားဝင် ပြင်ပမှ ဗျူရိုကရေစီတစ်ခုပင် ဖြစ်သည်။ တရုတ်များသည် လမ်းသစ်ဖောက်ရန် ယွမ် သန်း(၆၀) ပေးရဦးမည် ဖြစ်သည်။
“ဒါ အမှန်ပါပဲ။ KIO ရော သိန်းစိန် အစိုးရရော တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုကနေ အကျိုးအမြတ်တွေ ခံစားရပါတယ်။ KIO ဟာ တရုတ်နဲ့ စီးပွားရေးအရ နားလည်မှု တည်ဆောက်ထားပြီး လက်ရှိ အကျိုး ခံစားနေရပါတယ်”ဟု ညိုအုန်းမြင့်က လွန်ခဲ့သော နှစ်ရက်က ကချင်ခေါင်းဆောင်များနှင့် တွေ့ဆုံ မှုအား ကိုးကား၍ ပြောဆိုခဲ့သည်။ ထိုသို့ အကျိုးအမြတ် ရသော သဘောတူညီမှုများ ရယူထားပြီး ဖြစ်၍ KIA အနေဖြင့် တရုတ်အား စိတ်ဆိုးအောင် လုပ်ရဲသည် ဟု ပြောရန် ဖြစ်နိုင်မည် မဟုတ်ပေ။
“ကျွန်တော် ထင်တာကတော့ စစ်ပွဲဖြစ်ရတာက အစိုးရတပ်က စစ်သုံ့ပန်း လဲလှယ်ရေး စံတွေကို ချိုးဖောက်လို့ ဖြစ်တယ်လို့ ထင်တာပဲ။ KIA တပ်ရင်း ၁၅ က တပ်ကြပ် Chan Yein ကို မြန်မာ စစ်တပ်က သေတဲ့အထိ နှိပ်စက်ပြီးမှ အလောင်းကို ပြန်ပို့ခဲ့တာကိုး”ဟု ညိုအုန်းမြင့်က ပြောသည်။
တရုတ်နိုင်ငံသည် ဒုက္ခသည်များ ရုတ်တရက်တိုးမြင့်လာခြင်းကို ရင်ဆိုင်နေရခြင်းကြောင့် နှစ်ဖက်စလုံးအား ညှိနှိုင်းပြီး ဖြေရှင်းရန် တိုက်တွန်းခဲ့ သည်။ နယ်စပ်တွင် ဒုက္ခသည် တစ်သောင်းခန့် ရှိနေရာ အမျိုးသမီးများ၊ လူအိုများနှင့် ကလေးများကို ၀င်ခွင့်ပြုခဲ့သည်ဟု ဆိုသည်။ သို့သော် တရုတ် သည် ၂၀၀၉ သြဂုတ်လက ကိုးကန့် ပဋိပက္ခတွင် စစ်ပြေး ဒုက္ခသည်များအား ယာယီတဲများ ဆောက်ပေးသကဲ့သို့ ယခုအခါ ဆောက်လုပ်ပေးခြင်း မရှိပေ။ တရုတ် ရင်ဆိုင်နေရသော ၀ိရောဓိတစ်ခုမှာ Beijing က မြန်မာအစိုးရ သဘောကျ လုပ်ဆောင်ရန် ဆန္ဒရှိနေချိန်တွင် ယူနန်ပြည်နယ် အာဏာပိုင် များသည် ဒုက္ခသည်များ၏ ပြဿနာကို ရင်ဆိုင်နေရ၍ နယ်စပ်ငြိမ်းချမ်းတည်ငြိမ်ရေးကို လိုလားနေဖြင်းပင် ဖြစ်သည်။
မဟာဗျူဟာကျကျ ပြောရလျှင် တရုတ်သည် ရေနံနှင့်ဓာတ်ငွေ့ပိုက်လိုင်းနှစ်ခု တည်ဆောက်လျက်ရှိခြင်းကြောင့် နယ်စပ်တွင် ငြိမ်းချမ်းခြင်းကို လိုလားသည်။ “ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကသာ တရုတ်ရဲ့ အမျိုးသား အကျိုးစီးပွားကို အကျိုးအမြတ်ရစေမှာ ဖြစ်လို့ တရုတ်က မြန်မာအစိုးရက တိုင်းရင်းသားတွေကို ချေမှုန်းစေလိုမယ်လို့ ကျွန်တော် မထင်ဘူး။ တရုတ်က ကချင်မှာ ရေအားလျှပ်စစ် စီမံကိန်း ၆ ခု၊ ကျောက်စိမ်းတွင်း၊ သစ်လုံးစီးပွား ရေးတွေ လုပ်နေတော့ သူတို့ ရေရှည် စီးပွားဖြစ်ရေးကိုပဲ စဉ်းစားမှာပဲ” ဟု ညိုအုန်းမြင့်က ပြောသည်။
အမှန်တကယ်တွင်မူ ဘေဂျင်းသည် မြန်မာနိုင်ငံ၏ အဓိက တိုင်းရင်းသား အုပ်စုများနှင့် ပတ်သက်၍ ဘူတန်စတိုင် အနေအထားကို ပို၍ နှစ်သက်မည် ဖြစ်သည်။ တရုတ်သည် ဗဟိုအစိုးရထက်စာလျှင် တိုင်းရင်းသားများနှင့် စီးပွားရေးညှိ၍ လုပ်ရန် ပို၍ လွယ်ကူသည်ဟု ခံယူသည်။ အစိုးရ ကလည်း ယင်း၏ အစ်ကိုကြီးအား ပြည်တွင်းတွင် တရားဝင်ရော တရားမ၀င်ပါ လွတ်လပ်စွာ လုပ်ကိုင်ခွင့် ပြုထားသည်။
ထိုသို့သော အခြေအနေမျိုးတွင် ယခု ကချင်သူပုန်များနှင့် စစ်ပွဲသည် အစိုးရနှင့်တရုတ်ကုမ္ပဏီများကြား စီးပွားရေးအကျိုးစီးပွားတွင် အမျိုးသားရေးကိစ္စ ပါဝင်လာသော ပဋိပက္ခ၏သရုပ်သဏ္ဍာန်ပင် ဖြစ်လိမ့်မည်။
သက်သေ သာဓကအားဖြင့် မကြာသေးမီက အစိုးရအား လုံးဝထောက်ခံ သော Eleven Media အုပ်စု၏ CEO ဒေါက်တာသန်းထွဋ်အောင်၏ မြန်မာနိုင်ငံတွင် တရုတ်၏ ကြီးမားလာသော ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ဆန့်ကျင် ဝေဖန်ထားသော မိန့်ခွန်းရှည်ကြီးကို ပြရပေလိမ့်မည်။
(U.V.I)
No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။