"တရုတ်နိုင်ငံဘက်ကိုအကြောင်း အမျိုးမျိုးနဲ့လာကြတဲ့သူတွေရှိပါတယ်။ နယ်စပ်စည်းမျဉ်းကို ဥပဒေနဲ့အညီ တရားဝင်ဖြတ်သန်း ၀င်ရောက်လာတဲ့ သူတွေကို ကျွန်တော်တို့ နိုင်ငံဘက်က ကြိုဆိုပါတယ်။ တချို့တရားမဝင် ဝင်လာတာတွေ ရှိတယ်။ ဒါမျိုးဆိုရင်တော့ မကောင်းဘူးပေါ့။ ရွှေလီမှာရော၊ ကြယ်ဂေါင်မှာရော မြန်မာနိုင်ငံသားတွေ အများကြီးရှိပါတယ်။ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု၊ နယ်စပ်ဒေသဖွံ့ ဖြိုးတိုးတက်ဖို့ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ကျွန်တော်တို့ အရမ်းအလေးထားပါတယ်"ဟု ကြယ်ဂေါင်အထူးစီးပွားရေးဇုန် ဒုတိယဥက္ကဋ္ဌ မစ္စတာလီကျီကွေးက ကြယ်ဂေါင်မြို့၌ ကျင်းပသော တရုတ် ကွန်မြူနစ် ပါတီနှစ် ၉၀ ပြည့်အခမ်းအနားသို့ တက်ရောက်လာသော မြန်မာစာနယ်ဇင်းသမားများကို ပြောသည်။
“တရားမဝင် ဝင်လာတာတွေ ရှိတယ်၊ ဒါမျိုးဆိုရင်တော့ မကောင်းဘူးပေါ့” ဟူသော စကားရပ်၏ နောက်ကွယ်တွင် တရုတ်နိုင်ငံအတွင်း မြန်မာများ တရားမဝင်နေထိုင်ပါက အရေးယူခြင်းခံရမည်ဟု ဆိုလိုဟန်ရှိသည်။ သို့ဆိုလျှင် မြန်မာနိုင်ငံတွင် တရားမဝင်နေထိုင်သော တရုတ်လူမျိုးများကို မြန်မာ အစိုးရ မည်သို့မျှ အရေးမယူခဲ့သည့် မျက်နှာကိုပင် မထောက်သလောဟု ဆိုဖွယ်ရှာရှိပါသည်။ မြန်မာနိုင်ငံတွင် ၈၈ အရေးအခင်းအပြီး တရားမဝင် ရောက်ရှိ လာကြသော တရုတ်လူမျိုး ၂ သန်းကျော် ရှိသည်။
အဓိကမှာ တရုတ်လူမျိုး ဘိန်းစားမဖြစ်စေနှင့်၊ မြန်မာဖြစ်လျှင် ဖြစ်ပါစေဟူသော စေတနာထားပုံရသည်။ ထို့ပြင် မည်သည့်မြန်မာနိုင်ငံသားမျှ တရုတ်မှတ်ပုံတင် ရသည်ဟူ၍ မကြားဘူး။ မြန်မာပြည်ပေါက် တရုတ်များပင်လျှင် တရုတ်မှတ်ပုံတင်ရဖို့မလွယ်၊ မြန်မာလူမျိုးဆိုလျှင် ပို၍ဝေးပေဦးမည်။ သို့ရာတွင် တရုတ်ပြည်မှ မြန်မာနိုင်ငံအတွင်း ခိုးဝင်လျက်ရှိသော တရုတ်လူမျိုးများကိုမူ ဟန့်တားခြင်းမပြု။ တရုတ်လူမျိုးများ မြန်မာနိုင်ငံအတွင်း စိမ့်ဝင်ပျံ့နှံ့လေလေ မြန်မာနိုင်ငံကို ကျည်ဆံအကုန်အကျ နည်းစွာဖြင့် ကိုလိုနီပြုနိုင် လေမဟုတ်ပါလား။
ကြယ်ဂေါင်မှာ စီးပွားရေးလုပ်လို့ ရပါတယ်။ ရွှေလီမှာပဲဖြစ်ဖြစ်၊ ကြယ်ဂေါင်မှာပဲဖြစ်ဖြစ် မြန်မာနိုင်ငံသားတွေ အတွက် အိမ်ခြံမြေ၀ယ် ယူခွင့်ရှိပါ တယ်။ ဒါပေမယ့် ကိုယ့်စိတ်ကြိုက်နေရာတော့ ဝယ်လို့မရပါဘူး။ သူတို့ အစိုးရကနေ လေလံစနစ်နဲ့ ရောင်းတဲ့နေရာတွေမှာပဲ ဝယ်ယူနိုင်ပါတယ်။ ဒါမှမဟုတ် ရင်တော့ တရုတ်နိုင်ငံသားပိုင် တိုက်ခန်းနေရာတွေကို ငှားပြီးစီးပွားရေးလုပ်ရပါတယ်။ စာချုပ်စာတမ်းနဲ့ငှားပြီး တစ်နှစ်တစ်ခါငှားခ ဈေးနှုန်း ညှိနှိုင်းရပါ တယ်။ အခုတော့ အစိုးရကို လုပ်ငန်းလိုင်စင်ကြေး ပေးရတယ်။ စားသောက်ကုန်လုပ်ငန်းဆိုရင် တရုတ်ကျန်းမာရေးဌာနရဲ့ ထောက်ခံချက်လိုင်စင် ယူရပါ တယ်။ လိုင်စင်ကြေးတွေက မကြာခဏ ဈေးတက်ပါတယ်"ဟု ကြယ်ဂေါင်မြို့တွင် လက်ဖက်ရည်ဆိုင် ဖွင့်လှစ် ရောင်းချနေသော မြန်မာနိုင်ငံသား လုပ်ငန်း ရှင်တစ်ဦးက ပြောသည်။
မြန်မာ့ဦးစွန်း မန္တလေး ရွှေမြို့တော်ကြီးတွင် တရုတ်လူမျိုးများ အကန့်အသတ်မရှိ၊ အိမ်ခြံမြေများ ဝယ်ယူနေကြသည်။ ယခုဆိုလျှင် မန္တလေးနှင့် အနီးတဝိုက် ကျေးရွာများပါမချန် တရုတ်လူမျိုးပိုင်မြေများ လက်ညိုးထိုးမလွဲတော့ပေ။
“ကုလားကဖိ၊ တရုတ်က အိ၊ ရှိသည့်ဗမာ မြို့စွန်မှာ” ဟူ၍ ရှေးလူကြီးများက နိုင်ငံကြီးနှစ်နိုင်ငံကြားတွင် ညပ်နေသော ဤနိုင်ငံလေးသည် တနေ့ နေ့တွင် ယင်းတို့၏ ဝါးမျိုမှုခံရနိုင်သည်ကို အမြော်မြင်ရှိစွာ ဆိုခဲ့လေသည်။ ယခုမူ မြန်မာများသည် မြို့စွန်မှာပင် မနေနိုင်တော့။ ကားလမ်းဘေး ကျေးရွာများ ရောက်ကုန်ပြီဖြစ်သည်။ နံနက်လင်းအားကြီး မန္တလေး၏ မြင်ကွင်းတစ်ရပ်ကိုကြည့်ပါက အမျိုးသားရေးနှင့် ဇာတိမာန်အတွက် များစွာယူကြုံးမရဖွယ် ဖြစ်သည်။ မြန်မာ့ဦးစွန်း နန်းမြို့ရိုးနှင့်ကျုံးကို နောက်ခံထား၍ ဓားများ၊ ယပ်တောင်များဖြင့် တရုတ်သိုင်း လေ့ကျင့်နေသည့် တရုတ်အဖွဲ့များကို တွေ့နေရ၍ ဖြစ်သည်။
တရုတ်အစိုးရက မြန်မာလူမျိုးများကို အကန့်အသတ်နှင့်သာ ပိုင်ဆိုင်ခွင့်ပေးချိန်တွင် မြန်မာအစိုးရက မြန်မာလူမျိုးများ၏ ပိုင်ဆိုင်မှုကို ကန့်သတ်၍ တရုတ်များကို လွတ်လပ်စွာ ပိုင်ဆိုင်ခွင့်ပြုနေခြင်းမှာ များစွာအံ့သြဖွယ်ဖြစ်သည်။ မန္တလေးနှင့် ရှမ်းပြည်မြောက်ပိုင်းတကြောကိုကြည့်လျှင် တိုက်ကြီးတိုက်ကောင်း ဆယ်လုံးရှိပါက မြန်မာပိုင်တိုက်မှာ တစ်လုံးပင်ရှိသည်က ခပ်ရှားရှားပင်ဖြစ်သည်။
မလေးရှား ဝန်ကြီးချုပ် မဟာသီယာ လက်ထက်က မလေးလူမျိုးများကို တရုတ်လွှမ်းမိုးမှုမှ ကာကွယ်ရန် တရုတ်လူမျိုးများ စီးပွားရေးပိုင်ဆိုင်ခွင့်ကို ပညာသားပါပါ ကန့်သတ်ခဲ့သည်။ မြန်မာနိုင်ငံတွင်မူ လုပ်ငန်းပိုင်ဆိုင် လိုပါက တရုတ်လူမျိုးကိုသာ ဦးစားပေးသည်။ တရုတ်လူမျိုးများမှာ နားလည်မှုရှိပြီး သိတတ်ကာ လဘက်ရည်ဖိုး သိန်းချီပေးသောကြောင့် မြန်မာဝန်ထမ်း များက တရုတ်လူမျိုးများနှင့်သာ အလုပ်လုပ်လိုကြတော့သည်။
ကြယ်ဂေါင် အထူးစီးပွားရေးဇုန် အုပ်ချုပ်ရေးမှူးရုံးမှ ရရှိသော စာရင်းများအရ ကြယ်ဂေါင်မြို့ရှိ နယ်စပ်ဂိတ်များကို ဖြတ်ကျော်ပြီးဝင်ရောက်လာ သည့် ကုန်တင်ကားအရေအတွက်မှာ ပြီးခဲ့သည့်နှစ်တွင် အစီးရေ သိန်း ၂၀ ရှိခဲ့ပြီး လက်ရှိပျမ်းမျှ ကုန်တင်ကား ဖြတ်သန်းမှုမှာ တစ်နေ့လျှင် အစီးရေ ၈၀ မှ ၁၀၀ ကြားရှိကြောင်း သိရသည်။ တရုတ်နိုင်ငံသို့ သွားရောက်သော မြန်မာနိုင်ငံသား အရေအတွက်မှာ ပြီးခဲ့သည့်နှစ်တွင် လူဦးရေ ၈၇ သိန်းရှိခဲ့ကြောင်း သိရသည်။
တစ်နေ့လျှင် ၈၀မှ ၁၀၀ ရှိသော ကုတင်ကားများတွင် မြန်မာ့သယံဇာတများ အမြောက်အမြားပါသွားသည်။ ယင်း အပြင် လက်မှုပစ္စည်းများ၊ သစ်တောထွက် သယံဇာတများ အလုံးအရင်းဖြင့် ထွက်နေသည်။ လက်မှုပစ္စည်းများသည် အနောက်နိုင်ငံမှ စီးပွားရေးပိတ်ဆို့မှုကြောင့် တရုတ်ပြည်ကိုသာ ရောင်းချရသည်။ တရုတ်ပြည်က ( Made In China) တရုတ်ပြည်တွင်လုပ်သည်ဟု တံဆိပ်ကပ်၍ အနောက်နိုင်ငံများသို့ တင်ပို့သည်။ ရွှေချည်ငွေချည်ထိုး လုပ်ကိုင်သော လုပ်ငန်းသည် တရုတ်နိုင်ငံမှဟုဆိုလျှင် ကျွန်တော်တို့ မြန်မာလူမျိုးသည် တရုတ်နိုင်ငံ၏ တိုင်းရင်းသားတစ်မျိုးပင် ဖြစ်လာသလားဟု ခံစားရ မိသည်။
တရုတ်ပြည်မှ ပြန်လည်ဝင်ရောက်လာသော ကားများတွင် မည်သို့မျှ အဟာရမဖြစ်သော ကျန်းမာရေးနှင့် မညီညွတ်သော မုန့်ပဲသွားရေစာများ၊ ပလတ်စတစ် ပစ္စည်းများသာ ပါတော့သည်။ မြန်မာပြည်မှ သစ်သီးဝလံများကို တရုတ်တို့ လက်ဝါးကြီးအုပ်ဝယ်ယူနေ၍ မြန်မာလူမျိုးများမှာ မိမိမြေပေါ်တွင် စိုက်ပျိုးသည့် သစ်သီးကို ဈေးနှုန်းချိုသာစွာ ဝယ်စား၍ မရနိုင်ပေ။ ဤအခြေအနေမျိုးတွင် အစိုးရနှင့်သာမဆိုင်တော့ဘဲ လောဘကို ရှေ့တန်းတင်၍ မိမိ လူမျိုး မျက်နှာကိုမျှမထောက် ငွေကြေးတစ်ခု တည်းသာကြည့်၍ အမျိုးသားရေးစိတ်မရှိစွာ တရုတ်ပစ္စည်းများကို တင်သွင်းလာသည့် ဝိလောသမ စီးပွားရေး သမားများပါ အသိတရားရှိဖို့ လိုအပ်သည်။
ကျွန်တော်တို့နိုင်ငံတွင် မဟာသီယာကဲ့သို့ ပုဂ္ဂိုလ်မျိုးပေါ်ထွန်းလာလျှင် ကောင်းပေလိမ့်မည်။ ဆွေမျိုးပေါက်ဖော်ဟူသော စကားလုံးလေးသည် နားထောင်ကောင်းသလောက် အာရပ်ပုံပြင်ထဲက ကုလားအုတ် ခြေတစ်ချောင်းစာနှင့် တူနေပါလိမ့်မည်။ မကြာမီ တရုတ်တပြည်လုံး မြန်မာပြည်ကို မောင်ပိုင်စီးပေတော့မည်။ မြန်မာတို့ကား တရုတ်ပြည်ထဲတွင် ခြေတစ်ချောင်းထက် ပို၍ဝင်ခွင့်မရှိပါ။ ဆွေးမျိုးပေါက်ဖော်တို့ကား ကိုယ့်အိတ်ထဲမှ နှိုက်ယူရန် သာ စိတ်ဝင်စားပြီး ယင်းတို့ အိတ်ကိုကား လားလားမျှ အထိမခံသည်ကို အထက်ပါ သတင်းများက ဖော်ပြနေသကဲ့သို့ ရှိနေတော့သည်။
(U.V.I)

No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။