အစိုးရစွက်ဖက်မှုကို ကာလကြာရှည်စွာခံခဲ့ရသော မြန်မာ့ဆန်စပါးလုပ်ငန်းသည် ယခုဘဏ္ဍာနှစ်အတွင်း ဆန်တန်ချိန် တစ်သန်း ပြည်ပသို့ တိုးမြှင့် တင်ပို့ရန် လျာထားကြောင်းသိရသည်။ ထိုင်းနိုင်ငံက အကောင်အထည်ဖော်မည့် ဆန်ဈေးနှုန်းဆိုင်ရာ အစီအစဉ်တစ်ရပ်ကြောင့် ယခုနှစ်အတွင်း ပြည်ပသို့ဆန်တန်ချိန်တစ်သန်းထိ တင်ပို့နိုင်မည်ဟု ခန့်မှန်းထားခြင်းဖြစ်သည်။
"ကျွန်တော်တို့ ဆန်တွေက ကမ္ဘာပေါ်မှာ ဈေးနှုန်းအချိုသာဆုံးဖြစ်ပါတယ်" ဟု ဧရာဝဏ်ထရေးဒင်းကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးမျိုးသူရအေးက ပြောကြားသည်။ "မြန်မာ့ဆန်က ထိုင်းဆန်ထက် ဒေါ်လာ ၅ဝ ကနေ ၆ဝ ထိ သက်သာပြီး ဗီယက်နမ်ဆန်ထက် ဒေါ်လာ ၄ဝ ကနေ ၅ဝ အထိ သက်သာတယ်။ ပါကစ္စတန်ဆန်ထက် ဆိုရင်လည်း ဒေါ်လာ ၃ဝ ကနေ ၄ဝ အထိ သက်သာတာကို တွေ့ရပါတယ်" ဟု ၎င်းကဆိုသည်။ မြန်မာ နိုင်ငံသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း ဆန်တန်ချိန် ငါးသောင်းခုနစ်ထောင် ခန့် ပြည်ပသို့တင်ပို့နိုင်ခဲ့ရာမှယခုနှစ်အတွင်း နှစ်ဆခန့်တိုးမြှင့်တင်ပို့ရန် စီစဉ်ထားခြင်းလည်းဖြစ်သည်။


ယမန်နှစ်အတွင်း ဆန်တန်ချိန် တင်ပို့မှု လျော့နည်းခဲ့ရခြင်းမှာ ထိုစဉ်က စစ်အစိုးရက ပြည်တွင်း၌ ဆန်ဈေးနှုန်းများ မြင့်တက် မည်ကို စိုးရိမ်ခြင်းကြောင့်လည်းဖြစ်သည်။
"မနှစ်တုန်းက ရွေးကောက်ပွဲကျင်းပတယ်။ အဲဒီတော့ အစိုးရနဲ့ ဆန်စပါးလုပ်ငန်းအသင်းတို့က ဆန်ဈေးနှုန်းတွေ တည်ငြိမ်ဖို့ အလေးပေး လုပ်ဆောင် ခဲ့ကြတယ်" ဟု ဦးမျိုးသူရအေးကပြောကြားသည်။
မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ၂ဝ၁ဝ ပြည့်နှစ်အတွင်း ဒီမိုကရေစီရွေးကောက်ပွဲတစ်ရပ်ကို ပထမဆုံး အကြိမ်အဖြစ် ကျင်းပနိုင်ခဲ့ပြီး ယင်းရွေးကောက်ပွဲတွင် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနိုင်ရရှိ ကာ စစ်ဘက်ပုဂ္ဂိုလ်များ အများဆုံး ပါဝင်သည့် အရပ်သားအစိုးရတစ်ရပ် ပေါ်ထွန်းလာခဲ့သည်။
အစိုးရသစ်ဖွဲ့စည်းပြီးနောက်ပိုင်း သမ္မတသစ်ဦးသိန်းစိန်က ပို့ကုန်လုပ်ငန်းများအပေါ်ကောက်ခံသော အခွန် ၈% လျှော့ချပေးမှုအပါအဝင် မြန်မာ့ပုဂ္ဂလိက အခန်းကဏ္ဍများ အကျိုးအမြတ်ဖြစ်ထွန်းစေမည့် မူဝါဒသစ်များ ချမှတ်ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံသည် ယခုနှစ် ပထမဘဏ္ဍာရေး နှစ်ဝက်အတွင်း အနောက်အာဖရိက၊ ဘင်္ဂလားဒေ့ရှ်နှင့် ဖိလစ်ပိုင်နိုင်ငံများသို့ ဆန်တန်ချိန် ၃၇ဝဝဝဝ တင်ပို့နိုင်ခဲ့သည်။
ကျန်ရှိသည့် ဘဏ္ဍာနှစ်များတွင်းပြည်ပ တင်ပို့မှုများ တိုးမြှင့်သင့်ကြောင်း၊ ဘဏ္ဍာရေးနှစ် တစ်နှစ်ပတ်လုံးအတွင်း တန်ချိန် တစ်သန်းအထိ တင်ပို့သွားနိုင်လိမ့်မည်ဟု ကုန်သည်ကြီးများက မျှော်လင့်ထားကြောင်း ဦးမျိုးသူရအေးက အကြံပြုပြောဆိုသည်။
"တခြားသောနိုင်ငံတွေလည်း နှစ်အတော်များများ ဆန်တင်ပို့မှုအပေါ် အခွန်ကောက်ခံခြင်း မရှိခဲ့ကြပါဘူး။ ကျွန်တော်တို့ဆန်လုပ်ငန်းရှင်တွေ ဒုက္ခ ရောက်ခဲ့ကြတာ နှစ်အတော်ကြာခဲ့ပါပြီ" ဟု ၎င်းကဆိုသည်။
အမှန်အတိုင်းဆိုပါက မြန်မာ့ဆန်ကုန်သည်များသည် ဆယ်စုနှစ် ခြောက်ခုတာမျှ အကျပ် အတည်းများနှင့် ရင်ဆိုင်ခဲ့ကြရသည်။ ဒုတိယကမ္ဘာစစ် မတိုင်မီကာလများတွင် မြန်မာနိုင်ငံသည် ဆန်တင်ပို့မှုတွင် ကမ္ဘာ့ထိပ်တန်းအဆင့်၌ ရှိခဲ့ သည်။ ထိုစဉ်က ဧရာဝတီတိုင်းမှ ထွက်ရှိသော ဆန်များကို တစ်နှစ်လျှင် တန်ချိန် ၃ သန်းခန့်အထိ တင်ပို့နိုင်ခဲ့သည်။ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ပထမဆုံး ဝန်ကြီးချုပ်ဦးနု လက်ထက်တွင် ပြည်ပသို့ဆန်တင်ပို့မှုမှာ အစိုးရ၏ ထိန်းချုပ်မှုအောက်သို့ရောက်ရှိသွားသည်။
ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင် သော စစ်အစိုးရ ၁၉၆၂ ခုနှစ်၌ အာဏာရရှိလာသောအခါ ဆန်စက်များ၊ ဆန်သိုလှောင်ရုံများ အပါအဝင် ဆန်စပါးလုပ်ငန်းကြီးတစ်ခုလုံးကို ပြည်သူပိုင် အဖြစ် သတ်မှတ်ခဲ့သည်။
ထိုအချိန်မှစ၍ ထိုင်းနိုင်ငံသည် ကမ္ဘာ့ထိပ်တန်းဆန်တင်ပို့သည့် မြန်မာနိုင်ငံနေရာကို တဖြည်းဖြည်းချင်း အစားထိုး ဝင်ရောက်ရယူခဲ့သည်။ ထိုင်းနိုင်ငံသည် ဆယ်စုနှစ်လေးခုတာကြာမျှ ထိပ်တန်းအဆင့်သို့ ရောက်ရှိခဲ့သည့်တိုင် ယခုအခါ အဆိုပါအဆင့်မှ လျော့ကျမည့်အခြေအနေနှင့် ရင်ဆိုင် နေရ သည်။ မှတ်တမ်းများအရ ထိုင်းနိုင်ငံသည် ၂ဝ၁ဝ ပြည့်နှစ်အတွင်း ဆန်တန်ချိန် ၁ဝ သန်း ခန့်တင်ပို့နိုင်ခဲ့ပြီး ယခုနှစ်တွင်လည်း အဆိုပါနှုန်းထား အတိုင်း တင်ပို့နိုင်မည်ဟု ခန့်မှန်းထားသည်။
Monster and Crities မှ သတင်းကို ဘာသာပြန်သည်။
(U.V.I)
No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။