Friday, October 28, 2011

ကရင်ပြည်နယ်အတွင်း ၀ါးတားဂိတ်များ လျှော့နည်းသွားအောင် ဆောင်ရွက်မည်

ကရင်ပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများက ကောက်ခံနေသည့် ဝါးတားဂိတ်များ လျော့နည်းသွားစေရန် ကရင်ပြည်နယ် အစိုးရအနေဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောခင်မောင်မြင့်က ပြောကြားသည်။

ခရီးသွားပြည်သူများ သွားလာရေးတွင် အနှောင့်အယှက်ဖြစ်ပြီး၊မလိုအပ်သည့် ကုန်ကျစရိတ်များ ထပ်ပိုး ကုန်ကျနေရခြင်းကြောင့် ၀ါးတားဂိတ်များကို ပိတ်ပစ်ရန် ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။


ကရင်ပြည်နယ်အစိုးရမှ ဝါးတားဂိတ်များအား ပိတ်ပစ်ရန် ဆုံးဖြတ်ခြင်းသည် ကရင်ပြည်နယ်အတွင်းရှိ လမ်းခရီးများအား ဖြတ်သန်းသွားလာ နေသူများအတွက် အဆင်ပြေသော်လည်း ယင်းကိစ္စသည် အချိန်ယူလုပ်ကိုင်ရမည့် ကိစ္စတစ်ခုဖြစ်ကြောင်း သင်္ဃန်းညီနောင် စစ်ဗျူဟာနှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။


“ဝါးတားဂိတ်တွေက ဒေသခံစစ်ဗျူဟာတွေ၊ နယ်ခြားစောင့်တပ်တွေရဲ့ ရန်ပုံငွေရှာဖို့ တပ်မက ခွင့်ပြုထားတာ ဒါတွေကို ဖျောက်ဖို့ အဆင်မပြေနိုင်ဘူး”ဟု ယင်းကဆက်လက် သုံးသပ်ပြသည်။

ထိုင်းနိုင်ငံမှ ကုန်စည်များ မြန်မာနိုင်ငံအတွင်းသို့ အဓိက ဝင်ရောက်ရာလမ်းကြောင်းဖြစ်သည့် ဘားအံ-ကော့ကရိတ်-မြဝတီလမ်းကြောင်းတွင် ဝါးတားဂိတ် ၄၀ နီးပါးရှိကြောင်း အောင်မင်္ဂလာကားဝင်းမှ လက်မှတ်အရောင်း တာဝန်ခံတစ်ဦးက ပြောကြားသည်။

“ကားတစ်စီးကို တစ်ဂိတ်ငါးရာ ပေးရတယ်၊ဂိတ်လေးဆယ်ဆို နှစ်သောင်း၊ ဒါတောင် မြဝတီက ကုန်စည်ဂိတ်ရယ်၊ တံတားကျိုးဂိတ်ရယ်ဆို ပိုပေးရတယ်။ ဒီလိုတွေပေးနေတော့ ရန်ကုန်က စားသုံးသူတွေ ဈေးပိုတက်တာ ခံရမှာပဲ”ဟု ဆိုသည်။

ဝါးတားဂိတ်များသည် ကုန်စည်ကူးသန်းရာ လမ်းကြောင်းများတွင် အခြေစိုက် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ထိုင်းနိုင်ငံမှ ကုန်စည်များ အဓိက ဝင်ရောက်ရာ လမ်းကြောင်းများတွင် အများဆုံးတည်ရှိသည်။

(U.V.I)

No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။