Thursday, October 27, 2011

မြန်မာ့ဆန် ထိုင်းကိုကျော်၍ ကမ္ဘာ့အကောင်းဆုံးဆန် အမျိုးအစားဆု ရရှိ

 မြန်မာနိုင်ငံမှ ပေါ်ဆန်းဆန်ဖြူသည် ၂၀၁၁ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ဆန်အမျိုးအစား 
(World Best Rice 2011) အဖြစ် ရွေးချယ် ဆုချီးမြှင့်ခံရကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှသတင်းထုတ်ပြန်ချက်အရ သိရသည်။

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင်၂၀၁၁ခုနှစ် အောက်တိုဘာလ (၂၁)ရက်နေ့က ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ ဆန်စပါးညီလာခံ( World Rice Conference 2011)တွင်  မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပေါ်ဆန်းဆန်ဖြူသည် ၂၀၁၁ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ဆန်အမျိုးအစား (World Best Rice 2011) အဖြစ် ရွေးချယ်ဆုချီးမြှင့် ခံရခြင်း ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲအား အမှတ်အများဆုံး (၁၅) မှတ် ပေးခြင်းဖြစ်ပြီး ပေါ်ဆန်းဆန် သည် (၁၄) မှတ် ရရှိကာ ထိုင်းနိုင်ငံ မှ နာမည်ကျော် jasmine Rice ထက် (၀.၂၅)မှတ် သာလွန်ကာ ပထမဆု ရရှိခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
 
 






 ထိုင်းနိုင်ငံ၏ နာမည်ကြီးသော jasmine Rice

 အပြည်ပြည်ဆိုင်ရာ ဆန်စပါးညီလာခံ( World Rice Conference 2011)ကို မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း၏ ဦးဆောင်စီစဉ်မှုဖြင့် အသင်း၏ အကြံပေးပုဂ္ဂိုလ် ဦးတင်ထွဋ်ဦး၊ ဒုဥက္ကဋ္ဌ ဦးအောင်သန်းဦးတို့ ဦးဆောင်ပြီး  အဖွဲ့ဝင် (၁၄)ဦး တက်ရောက်ခဲ့ကြောင်း သိရပြီး ယင်းအဖွဲ့သည် ဗီယက်နမ်နိုင်ငံ၌ ရှိနေစဉ်  အပြည်ပြည်ဆိုင်ရာ ဆန်ကုန်သည်ကြီးများ၊ကုမ္ပဏီကြီးများနှင့်   တွေ့ဆုံကာ မြန်မာ့ဆန်ဈေးကွက် တိုးမြှင့်ရရှိနိုင်ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ထို့အပြင် ဗီယက်နမ်နိုင်ငံ၏ ဆန်စပါးမူဝါဒများ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ချက်များ၊   ခေတ်မှီဆန်စက်ကြီးများနှင့် စပါးစိုက်ခင်းများကို သွားရောက်လေ့လာခဲ့ပြီး ဗီယက်နမ်နိုင်ငံရှိ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ ဆန်စပါးဆိုင်ရာ အသင်းအဖွဲ့များနှင့် တွေ့ဆုံကာ ဆန်စပါးလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအပေါ် အမြင်ခြင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် မြန်မာ့ပုလဲဆန်(Myanmar Pearl Rice)ဟုထင်ရှားသည့် ပေါ်ဆန်းဆန်သည်   မြန်မာနိုင်ငံတွင်သာ စိုက်ပျိုးထုတ်သော မြန်မာ့ မျိုးရင်း ဆန်ဖြူဖြစ်ပြီး အနံ့အရသာ ထူးခြားကောင်းမွန်သော ဆန်အမျိုးအစား ဖြစ်သည်။

အဆိုပါ ပေါ်ဆန်းဆန်သည် ၂၀၁၀ ခုနှစ် ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသည့် ဆန်စပါး ညီလာခံတွင် တတိယဆု ဆွတ်ခူးခဲ့ပြီး ယခုနှစ်တွင် ပထမဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။

Moe Z

(U.V.I)

No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။