မြန်မာနိုင်ငံစားဖိုချောင်သီးနှံအသင်း၏ ကြက်သွန်နီဈေးမတက်စေရန် ရည်ရွယ်ပြီး တရုတ်နိုင်ငံမှ ကြက်သွန်နီများ တင်သွင်းလာခြင်းကို ရေဘေးဒဏ်ခံခဲ့ရပြီး စီးပွားပျက်သွားသည့် ကြက်သွန်တောင်သူများ စိတ်ဆိုးဒေါသထွက်နေကြောင်း ပခုက္ကူမှ ကြက်သွန်နီ ပွဲရုံပိုင်ရှင် တစ်ဦးက ပြောကြား သည်။
“ဒါမျိုးမလုပ်ကောင်းဘူး မလုပ်သင့်ဘူး နာမည်ထည့်ရေးချင်လည်းရေးကွာ အစိုးရတော်တော် အသင်းကို ကကဲနေတာ”ဟု ကြက်သွန်နီ ရောင်းဝယ်ရေး အတွေ့အကြုံ နှစ်လေးဆယ်ရှိ အထက်ပါပုဂ္ဂိုလ်က ဆိုသည်။
စီးပွားကူးသန်းဝန်ကြီးအနေဖြင့် ရေကြီးမှုကြောင့် ကြက်သွန်တန်ချိန် လေးထောင်ခန့်သာ ပျက်စီးပြီး ကြက်သွန်တန်ချိန် လေးသောင်းခန့် လက်ကျန်ရှိနေသေးကြောင်း ပျက်စီးဆုံးရှုံးမှုမှာ
၁၀ ရာခိုင်းနှုန်းခန့်သာရှိကြောင်း သတင်းထုတ်ပြန်ထားလျက် ပြည်ပတင်ပို့ခွင့်ဆုံးရှုံးမှာ စိုးရိမ်ပြီး တရုတ် နိုင်ငံမှ ကြက်သွန်နီတစ်ပိသာကျပ် ၅၀၀၊ ၆၀၀ကျပ်တန်ရှိ ကြက်သွန်အိတ် ၅၀၀ တင်သွင်းလာပြီး ကြက်သွန်ဈေးကျအောင် စီမံခြင်းသည် တဖက်စောင်းနင်း ဖြစ်စေကြောင်း ဘုရင့်နောင် အောင်သပြေလမ်းမှ စားဖိုချောင်သီးနှံ ပွဲရုံပိုင်ရှင်တစ်ဦးက ပြောကြားသည်။
အိမ်ရှင်မများ မကြိုက်သော တရုတ်ကြက်သွန်အလုံးကြီး
ကြက်သွန်ဈေးကျဆင်းချိန် ထုတ်လုပ်မှုစရိတ်အောက် ရောက်သွားပြီး တောင်သူများ အကြွေးပြန်မဆပ်နိုင်ချိန်က အသင်းအနေဖြင့် မည်သည့် အကူအညီမှ မပေးကြောင်း ကြက်သွန်စိုက်ပျိုးသည်ဆိုသည်မှာ သဲချောင်းပြင်မှာ ငွေခင်းပြီး စိုက်ပျိုးရကြောင်း ကြက်သွန်သည် အညာဒေသ၏ ဘုရားက ပေးသည့် လက်ဆောင်ဖြစ်ပြီး အညာသူ အညာသားများ စီးပွားရေးဘဝသာ ဖြစ်ကြောင်း ကြက်သွန်ဈေး အသင့်အတင့်ကောင်းမှ အညာသူ အညာသာများ အူစိုကြောင်း မကွေးတိုင်း ပေါက် မြို့နယ်မှ ကြက်သွန်တောင်သူတစ်ဦးက ဆိုသည်။
“ကြက်သွန်ဆိုတာ ဆန်လိုမျိုးလို မစားရင်မဖြစ်မှ မဟုတ်တာ ကြက်သွန်ဈေးတက်လို့ အိမ်ရှင်မတွေမဝယ်ရင် မရောင်းရတော့ ဈေးပြန်ချ ရောင်းရတာပဲ ကြက်သွန်ဈေးတက်တာ ပြဿနာမှမဟုတ်တာ “ ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်ကလည်း ပြည်တွင်း ကြက်သွန်နီဈေးတက်ချိန်တွင် တရုတ်မှပန်းသီးအရွယ်အစားရှိပြီး အစို ဓါတ်များသည့် ကြက်သွန်များ တင်သွင်းဘူးကြောင်း အလုံးကြီး မြန်မာကြက်သွန်ကဲသို့ အကြော်မခံသဖြင့် အိမ်ရှင်မများ မကြိုက်ကြောင်း လမ်းမတော်မြို့နယ် ၁၅လမ်းမှ ကုန်စုံပိုင်ရှင် တစ်ဦးက ဆိုသည်။
“တရုတ်ကြက်သွန်က အလုံးကြီးတော့ ဟင်းချက်ဖို့ တစ်လုံးလုံးသုံးဖို့ မလိုသလို တစ်ခြမ်းတစိတ်လည်း သုံးမရဘူး “ဟု ၎င်းက ဆိုသည်။
မိဖြူ
(U.V.I)

No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။