Sunday, November 20, 2011

ဒေါက်တာ ကိုကိုကြီး ဆန်ပွဲရုံများမှ ဆန်အမှာစာများ တဖက်သတ်ဖျက်သိမ်း

မြန်မာနိုင်ငံ၏ ထိပ်တန်းဆန်တင်ပို့သည့် ဒေါက်တာကိုကိုကြီး ပိုင်ဆိုင်သည့် ဒိုင်းမွန်းစတားကုမ္ပဏီသည် ဆန်ဈေးပြောင်းလဲချိန်တွင် ဆန် အမှာစာများကို တဖက်သတ်အနိင်ကျင့် ဖျက်သိမ်းလိုက်သဖြင့် ဆန်သွင်းသည့် ပွဲရုံများ အခက်အခဲကြုံတွေ့ရကြောင်း ဘုရင့်နောင် ပိတောက်လမ်းမှ ဆန်ပွဲရုံပိုင်ရှင်တစ်ဦးက ပြောကြားသည်။

ဆန်ပွဲရုံများအနေဖြင့် ဦးပိုင်နှင့် MEC ပြီးလျှင် အဓိက ဆန်အများဆုံးတင်ပို့ခွင့်ရ ဒိုင်းမွန်စတား ကုမ္ပဏီသို့ ဆန်ကို ၀ယ်ယူတင်သွင်းလေ့ ရှိကြောင်း ဒိုင်မွန်းစတားကုမ္ပဏီသည် ယခု ဆန်သစ်များပေါ်လာပြီး ဆန်ဈေးများကျလာချိန်တွင် ယခင် စာချုပ်ချုပ်ထားသည့် ဆန်အမှာစာများ ဆန် အ၀ယ်ပိတ်လိုက်သည်ဆိုပြီး စာချုပ်ကို တဖက်သတ်ဖျက်သိမ်းလိုက်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။




ဆန်အော်ဒါများ ဖျက်လိုက်၍ စိတ်ညစ်နေသော် လယ်စိုက်သမများ


 ဥပမာ- ၂၅မှတ် ၁၁၀ ပေါင် ဆန်တစ်အိတ်ကို ကျပ် ၁၄၀၀၀ အနေဖြင့် သဘောတူစာချုပ်ထားပြီး ယခု ဆန်တစ်အိတ် ၁၂၀၀၀ ဖြစ်လာချိန်တွင် တစ်အိတ်ကျပ်နှစ်ထောင်ခန့် ကွာသဖြင့် မူလသဘောတူညီချက် တစုံတရာညှိနှိုင်းခြင်းမရှိဘဲ ဖျက်သိမ်းခြင်းဖြစ်ကြောင်း စိန်ပန်းလမ်းမှ ဒိုင်မွန်းစတား ကုမ္ပဏီသို့ ဆန်ဝယ်ယူ တင်သွင်းခဲ့သူတစ်ဦးက ပြောကြားသည်။
 
အကယ်၍ ဆန်တစ်အိတ် ၁၄၀၀၀ ဖြင့် စာချုပ်ချုပ်ထားပြီး ဆန်ဈေးတက်၍ တစ်အိတ် ၁၆၀၀၀ ဖြစ်ကာ ဆန်ဝယ်ယူတင်သွင်းသည့် ပွဲရုံ အနေဖြင့် ဆန်ကို သတ်မှတ်ကာလအတွင်း အရှုံးခံဝယ်မသွင်းလျှင် ဒိုင်းမွန်းစတားကုမ္ပဏီက အမည်ပျက်စာရင်းသွင်းပြီး ဆန်ဖိုးငွေ လက်ကျန် မရှင်းပေး တော့ကြောင်း ၎င်းက ပြောဆိုသည်။

“ဘာဘက်ဂရောင်းတွေ ရှိလဲတော့ မသိဘူး တော်တော်လေးမောက်မာတယ် ကိုကိုကြီးဆိုပေမဲ့ တရုတ်ပဲ ဦးထွန်းမြင့်နိုင်လိုပဲ မြန်မာစီးပွားရေး ချယ်လှယ်နေတာ”ဟု အသက်၃၈ နှစ်ပွဲရုံပိုင်ရှင်အမျိုးသမီးတစ်ဦးက ဆိုသည်။

ယခုအချိန်သည် ဆန်သစ်များပေါ်ချိန်ဖြစ်ပြီး ဆန်အ၀ယ်ရှိမှ တောင်သူများ စပါးဈေးကောင်းရကြောင်း ဆန်ပွဲရုံများက ငွေမလှည့်နိုင်၍ ဆန် မ၀ယ်နိုင်လျှင် ဆန်စက်များကလည်း စပါးမ၀ယ်နိုင်ဖြစ်ကာ နောက်ဆုံး ကျောမွဲလယ်သမား နင်းပြားများသာ နစ်နာကြောင်း ဆန်ပွဲရုံပိုင်ရှင်တစ်ဦးက ပြောကြားသည်။

ဒေါက်တာ ကိုကိုကြီးသည် ဒိုင်းမွန်းစတား ဆန်တင်ပို့သည့် ကုမ္ပဏီအပြင် ဇလွန်ရှေ့ဆောင်ကုမ္ပဏီပရီးမီးယာကုမ္ပဏီPack Link ဆိုသော ဆန်တင်ပို့သည့် ကုမ္ပဏီတို့ကို ပိုင်ဆိုင်ပြီး ဆန်တစ်ကြိမ်ပို့လျှင် တန်ချိန်သောင်းနှင့်ချီ ပို့လေ့ရှိသည့် မြန်မာနိုင်ငံ၏ အကြီးဆုံးသော ဆန်တင်ပို့နေသူ တစ်ဦး ဖြစ်သည်။

မိဖြူ
(U.V.I)


No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။