Tuesday, December 20, 2011

အမိန့်ရမိုက်ရိုင်းခွင့်ရသွားသော မြ၀တီရှိ BGF တပ်ဖွဲ့ဝင်များ

 မြ၀တီမြို့ပေါ်ရှိ လက်နက်ကိုင်ဆောင်ထားသော  BGFတပ်ဖွဲ့ဝင်များသည် မြို့ခံလူထုအပေါ် မိုက်ရိုင်းစွာဆက်ဆံ၍ လူမဆန်စွာအနိုင်ကျင့်နှိပ်စက်လျှက်ရှိကြောင်း ယူနီဗာဆယ် အမာခံသတင်းပေးများမှ မျက်မြင်ကိုယ်တွေ့ အနိုင်ကျင့်နှိပ်စက်မူသတင်းများကို ပေးပို့လာပါသည်။
      
၁၂ လပိုင်း ၁၀ရက်နေ့ မနက် ၆နာရီတွင် ထ/၄၆၆၆  ကားသည်  မြ၀တီမြို့အထွက် အဖွဲ့စုံထိုင်သော သံတံတားဂိတ်တွင် BGF အဖွဲ့ဝင်တပ်သား တောင်းသော ဂိတ်ကြေး ၁၀၀၀ မပေးသောကြောင့် ဟုဆိုကာ ကားဒရိုင်ဘာ အနဲဆိုသူအား ကားပေါ်မှဆင်းခိုင်းပြီး ထိုးကြိတ်ရိုက်နှက်ခဲ့ပါသည်။ ထို အပြစ်မရှိဘဲ မတရားထိုးကြိတ်ရိုက်နှက်နေသောကြောင့် ကားအုံနာပိုင်ရှင် အမျိုးသမီးဖြစ်သူ ဒေါ်………. က ပြေလည်ရာ ပြေလည်ကြောင်းဆင်းပြောရာ ပြောရကောင်းမလားဟုဆိုကာ BGF တပ်သားသည် ထို ဒေါ်….. ကို လည်း ရက်ရက်စက်စက် ထိုးကြိတ်ရိုက်နှက်ခဲ့သည်။ 

၎င်း ဖြစ်ရပ်ကို မြင်တွေ့ခဲ့ရသော မြ၀တီမြို့ခံတစ်ဦးက “ ဒီကောင်တွေ တော်တော်မိုက်ရိုင်းတယ်ကွာ… မိန်းမတစ်ယောက်ကို ထမိန်၊အကျီင်္ဆုတ်ပြဲသွားလောက်အောင် ထိုးကြိတ်တာတော့မကောင်းပါဘူး…” လို့ ပြောခဲ့ပါတယ်…
       
ထို့နောက် ကားသမားတစ်ဦးကလည်း “ ဒီကောင်တွေ တောင်းတဲ့ပိုက်ဆံကို တပြားမှလျှော့ပေးလို့မရဘူး၊ အဲဒါ အနဲက ၅၀၀ ပဲပေးလိုက်လို့ ဖြစ်ရတာ… ဒီကောင်တွေ ပိုက်ဆံတောင်းတာ ကားသမားဆန္ဒရှိသလောက်မဟုတ်တော့ဘဲ လိုင်စင်ရထားတဲ့ ဓါးပြတွေ လိုဖြစ်နေတာဗျ..” ဆိုပြီး ပြောခဲ့ပါတယ်…
      
BGF တပ်သား အရှက်တကွဲ အကျိုးနည်းဖြစ်အောင်ပြုလုပ်ပြီး ကန်ကျောက်ရိုက်နှက်လိုက်သော ထို ကားအုံနာပိုင်ရှင်အမျိုးသမီးသည်ယခုအချိန်ထိ မော်လမြိုင်ဆေးရုံကြီးတွင်အတွင်းလူနာအဖြစ်
ဆေးကုသခံနေရဆဲဖြစ်သည်။
     
 ထိုဖြစ်ရပ်တစ်ခုတည်းတွင်သာမက အလားတူဖြစ်ရပ်မျိုးပါ ထို သံတံတားဂိတ်တွင် ထပ်မံဖြစ်ပွားခဲ့ပါသေးသည်။
   

  ၁၂ လပိုင်း ၁၆ ရက်နေ့တွင်လည်း ထ/၄၆၆၈ ကားသည်လည်း အလားတူပင် တောင်းသော ပိုက်ဆံကို အပြည့်အ၀မပေးသောကြောင့် ကားသမား မောင်…… ကို အဆမတန်မိုက်မိုက်ရိုင်းရိုင်းဆဲဆိုနေသောကြောင့် အငြိမ်းစားကျောင်းဆရာမ တစ်ဦးက ၀င်ရောက်ပြောဆိုရာ BGF တပ်သား ၂ ယောက်သည် အနာပေါ်တုတ်ကျဖြစ်ပြီး ဆရာမ၏
အနောက်ကို တစ်ယောက်က ချူပ်ကာ အရှေ့ကတပ်သားကရက်ရက်စက်စက် သွေးထွက်သံယိုဖြစ်တဲ့ အထိ  ထိုးကြိတ်ရိုက်နှက်ခဲ့ပါသည်။ ထို့ထက်ဆိုးသည်းကား အနောက်ကချူပ်ထားသော BGF တပ်သားက ဆရာမ၏ အရှက်နေရာဖြစ်သော ရင်ဘတ်နေရာကို ဆုတ်ပြတ်အောင်လုပ်ပစ်ပြီး အရှေ့က BGF တပ်သား ထိုးသည့်ဒဏ်ကြောင့် လဲကျသွားသော ဆရာမအာဆီးစပ်ကို အကြိမ်ပေါင်းများစွာ ကန်ကျောက်ခဲ့ပါသည်…..
        
ထိုဖြစ်ရပ်ကို မျက်မြင်ကိုယ်တွေ့မြင်ခဲ့ရသော ခရီးသည်တစ်ဦးက “ တော်တော်ကို လူမဆန်တဲ့ကောင်တွေ…ပိုက်ဆံလေးနည်းရုံနဲ့ ဒီလောက်ထိ မိုက်မိုက်ရိုင်းရိုင်း 
လုပ်စရာမလိုပါဘူး… ” လို့ ပြောပြခဲ့ပါတယ်…
          
ထို ဖြစ်စဉ် ၂ ခုစလုံးမှ အထူးခြားဆုံးတစ်ခုကတော့ သံတံတားဂိတ်တွင် တပ်ထိန်း၊ ပြည်သူ့ရဲ၊ အသက်အာမခံ၊ လ၀က၊ အကောက်ခွန်၊ စအဖနှင့် အခြား အစိုးရ၀န်ထမ်းပေါင်းများ စွာ ရှိနေသော်လည်းပဲ ၀င်ရောက်ဖြန်ဖြေခြင်း၊ ဆွဲယူထိန်းသိမ်းခြင်း၊ ဘာဆိုဘာမှမလုပ်ဘဲ အဲဒီအတိုင်း ထိုင်ကြည့်နေခြင်းဖြစ်သည်…
          
BGF တပ်ခေါင်းဆောင် နှင့် တာဝန်သိပြည်သူများ ၀ိုင်းဝန်းဆွဲမှသာ ထိုတစ်ဖတ်သတ် စိတ်ထင်တိုင်း ထိုးကြိတ်ကန်ကျောက်နေခြင်းကိစ္စသည် ပြီးစီးသွားခဲ့သည်။
      
ထို့နောက် ယူနီဗာဆယ်သတင်းထောက်မှ ဆက်လက် စုံစမ်းသိရှိရသည်မှာ ထိုဆရာမ အငြိမ်းစားမှာ
BGF တပ်သားကန်ကျောက်သည့် ဒဏ်ကြောင့် ဗိုက်ထဲက လသားကိုယ်ဝန်ပျက်ကျပြီး အတွင်းလူနာအဖြစ် ဆေးကုသခံနေရပါသည်။ဆရာမ၏ ဆွေမျိုးများကဒီလိုမတရားခံရသည့်အကြောင်းကို   မြ၀တီမြို့နယ်ရဲစခန်းရုံးသို့ သွားတိုင်ရာတွင် လက်မခံပဲ မောင်းထုတ်ခံရသည်ဟု လည်း သိရပါသည်။
      
ထိုသံတံတားဂိတ်တွင် တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးက ယူနီဗာဆယ်ကို ပြောပြရာတွင် “ ဟို BGF ကကောင်တော့ တော်တော်ကို ဒေါသထွက်နေတာ… ဒီကောင်တွေက သူတို့တောင်းတဲ့ပိုက်ဆံကို တောင်းသလောက်တစ်ခါတည်းပေးမှ ကြိုက်တာ… ဒီလို ထိုးပြကန်ပြတာတွေကလည်း BGF အထက်က လူကြီးက မျက်စိမှိတ် ပြီး ပိုက်ဆံဒီလောက်ရရင်ပြီးရော ဆိုပြီး မြှောက်ပေးထားလို့ ဒီလောက် မိုက်မိုက်ရိုင်းရိုင်း လုပ်ရဲတာပါ….ဒီလို ကြမ်းပြထားတော့ နောက်ဆို တောင်းသလောက် ပေးပြီးသားပဲလေ... ၀င်ငွေလေးပုံမှန်စီချင်ရင်ဖြင့် ၀န်ထမ်းအကုန်လုံး ကြမ်းကြမ်းစစ် ကြမ်းကြမ်းလုပ်မှ ဖြစ်တော့မယ်နဲ့တူတယ် ”ဟု သူ့ကြားသိရလောက်ကို ပြောပြခဲ့ပါတယ်….
          
ထို့နောက် စုံစမ်းသိရှိရာတွင် ကရင်လက်နက်ကိုင်များမှ အသွင်ပြောင်းလာခဲ့သော BGF တပ်ဖွဲ့ဝင်များ၏ လစာ အားလုံးနီးပါးကို မြိုင်ကြီးငူဆရာတော်မှ ကျောင်းအလှူငွေအဖြစ်သိမ်းဆည်းထားတယ်လို့  ကရင်လက်နက်ကိုင် တစ်ဦးက ပြောခဲ့ပါတယ်….
      ဒီလို တိုင်းပြည် ပြုပြင်ပြောင်းလဲမူတွေကို အရှိန်အဟုန်ပြင်းစွာ လုပ်ဆောင်နေတဲ့ အချိန်မှာ ဒီလိုမျိုး ဖြစ်ရပ်မျိုးတွေဟာ လုံးဝ(လုံးဝ) ကိုမရှိသင့်၊ မဖြစ်သင့်တော့ပါဘူး… ထို့ကြောင့် တိုင်းပြည်ရဲ့ ပြည်သူတွေကို ကိုယ်စားပြုထားတဲ့ လွှတ်တော်အမတ်များနဲ့ သမ္မတ ကြီး ဦးသိန်းစိန်ကို ဒီလို မြ၀တီမှာဖြင့် အပြစ်မဲ့ပြည်သူတွေ ဒီလိုမျိုး နစ်နစ်နာနာခံစားနေရပါတယ်လို့ ယူနီဗာဆယ်မှ တဆင့် တင်ပြပါသည်။

ကိုလေပွေ (U.V.I)

No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။