ပြည်တွင်းကြေးနန်းဝန်ဆောင်ခနှင့် ဖက်စ်ဝန်ဆောင်ခများကို တိုးမြှင့်ကောက်ခံတော့မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်ကြေးနန်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယခင်က ကြေးနန်းတစ်စောင် ၀န်ဆောင်ခတန်ဖိုးမှာ စာလုံးရေအနည်းဆုံး (၁၆)လုံးလျှင်(၂)ကျပ်၊ တစ်လုံးလျှင် ၁၅ ပြားနှုန်းဖြင့် စတင်ဆောင်ရွက်ခဲ့ပြီး A4 ဆိုဒ်တစ်မျက်နှာလျှင် ကျပ် (၄၀) နှုန်းဖြင့် ကောက်ခံခဲ့ကြောင်း သိရှိရသည်။
“ကြေးနန်းဝန်ဆောင်ခတွေနဲ့ ဖက်စ်ဝန်ဆောင်ခတွေကို ခေတ်နဲ့အညီ ၀န်ဆောင်မှုပေးနိုင်ဖို့အတွက် ဒီနှစ် အစောပိုင်းကစပြီး တိုးမြှင့်ကောက်ခံတာပါ၊ ”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကြေးနန်းဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ယခုကဲ့သို့ ၀န်ဆောင်ခ တိုးမြှင့်ရခြင်းမှာ လက်ရှိကျင့်သုံးနေသော ဈေးကွက်စီးပွားရေးစနစ်နှင့် အညီလိုက်လျော ညီထွေဖြစ်စေရန် ပြင်ဆင်သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူကဆိုသည်။
သတ်မှတ်ပြင်ဆင်လိုက်သည့် နှုန်းထားသစ်များအနေဖြင့် မြန်မာစာ ကြေးနန်းစာလုံးရေ
(၁၀၀) လျှင် ၂၀၀ ကျပ် ၊ စာလုံးရေ (၁၀၀) ကျော်ပါက နောက်ထပ် ၂၀၀ ကျပ်စီ ပေးဆောင်ရမည်ဖြစ်ကြောင်း၊ အင်္ဂလိပ်စာကြေးနန်း စာလုံးရေ (၅၀) ကျော်ပါက နောက်ထပ် ၂၀၀ ကျပ်စီ ထပ်မံပေးဆောင်ရမည်ဖြစ်ကြောင်း သိရှိရသည်။
ဖက်စ်ဝန်ဆောင်ခများ အနေဖြင့် A4 ဆိုဒ်တစ်ရွက်လျှင် ယခင် ၄၀ ကျပ်မှ ယခု
၂၀၀ ကျပ်သို့လည်ကောင်း၊ အပို အစိတ်အပိုင်းနှင့် အပိုစာရွက်အတွက် ယခင် ၄၀ ကျပ်မှ ယခု
၂၀၀ ကျပ်သို့ လည်ကောင်း၊ အသီးသီး ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း သိရသည်။
ကြေးနန်းဝန်ဆောင်ခနှင့် ဖက်စ်ဝန်ဆောင်ခ ပြောင်းလဲခြင်းနှင့်အတူ Cable Address (နှစ်စဉ်ကြေး) ၀န်ဆောင်ခများကိုလည်း ပြောင်းလဲမည်ဖြစ်ပြီး Cable Address အား မြန်မာ(သို့မဟုတ်)အင်္ဂလိပ် တစ်မျိုးစီ အတွက် ၁၀၀၀ ကျပ် ကောက်ခံသွားမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
လက်ရှိအချိန်တွင် ပြည်တွင်း၌ ကွန်ပျူတာသုံးကြေးနန်းရုံး (၁၆၈) ရုံး၊ အများပြည်သူသုံး ဖက်စ်ဝန်ဆောင်မူ ပေးသည့်ရုံး (၃၇၀)၀န်းကျင်ထားကြောင်းကိုလည်း သိရှိရသည်။
(U.V.I)

No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။