Saturday, July 7, 2012

ကောင်းခြင်း၊ မကောင်းခြင်းများ နှင့်ပြည့်နှက်နေသော မြ၀တီ အပိုင်း(၂)

   မြ၀တီကုန်သွယ်ရေးစနစ်သည် ကြီးနိုင်ငယ်ညှင်းစနစ်ဖြစ်နေသည်ဟု အဖွင့်စာတွင်ပင် ပြောလိုက် ချင်ပါသည်။  နဲနဲကို များများ  လုပ်တတ်သော အစိုးရ ၀န်ထမ်းအကျင့်သည် တော်တော်ကိုဆိုးရွားသော အကျင့်ဖြစ်သည်။

 ဖြစ်ပျက်ပုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ဇွန်လပိုင်းလောက်တွင်ရှမ်းပြည်တောင်ပိုင်းမှတင် သွင်းလာသော တရုတ်စားဆီများတွင် ပြည်သူလူထု ဘေးဥပါဒ်အန္တရာယ်ဖြစ်စေသောကြောင့် လုံးဝစားသုံးရန်မသင့်ဟု သတင်းစာတွင် ကြေငြာခြင်းသည် တော်တော်ကိုနောက်ကျနေပြီဟုပြီ ထင်လေသည်။ ထို တရုတ်စားအုံးဆီများသည် သန့်ပါသည်ဆိုသော စားဆီပင်လျှင် အနည်းငယ်မျှရာသီဥတုအေးလျှင်ပင် စားရန်မသင့်လောက်အောင်ခဲနေပြီဖြစ်သည်။ တင်သွင်းလာသော တရုတ်စားဆီများသည် မည်သည့်အထောက်အထားမှမပါ၊ ဘာဆီဆိုတာလည်း ရှင်းပြထားခြင်းမရှိပဲ ဆီဆိုလျှင်ပြီးရောဆိုသည့် တရုတ်ညာဉ်အတိုင်း မြန်မာပြည်ကိုသွင်းခြင်းဖြစ်သည်။ ဒါသည် အခုနှစ်မှ အရေးယူခဲ့သည်မဟုတ်… အရေးယူခဲ့ပေါင်းလည်းများလှပြီ… 
မည်သို့ပင်ဆိုစေကာမူ ဈေးပေါလွန်းသော တရုတ်ဆီများသည်ဆင်းရဲသား မြန်မာပြည်သားများအဖို့ ၀ယ်သူသုံးစွဲနေရဆဲဖြစ်သည်။ မြန်မာနိုင်ငံနှင့် ဘေးခြင်းကပ်လျှက်ရှိနေသောနိုင်ငံ ၅ နိုင်ငံတွင် လာအိုနိုင်ငံမှာလွဲ၍ ကျန်သည့်နိုင်ငံများသည် မြန်မာပြည်ထဲကို ပစ္စည်းမျိုးစုံတင်သွင်းလျှက်ရှိရာတွင် တရုတ်ပစ္စည်းမှလွဲ၍ ကျန်သည့်နိုင်ငံ၏ ပစ္စည်းများကို စိတ်ချယုံကြည်စွာအသုံးချနိုင်သည်။ တန်ရာတန်ကြေးတောင်း၍ တန်ဖိုးတူညီရာ ပစ္စည်းကိုပြန်ပေးသောကြောင့်ဖြစ်သည်။
မြန်မာပြည်က စားဆီမထွက်ဘူးလားဟု ပြန်ကြည့်သောလည်း ဆီကိုထုတ်မည့်အရင်းခံကုန်ကြမ်းဖြစ်သော ပဲ၊ ပြောင်း၊ ပုဇွန်များကို ထိုအတိုင်းရောင်းလျှင်ပင် ပိုမြတ်နေသဖြင့် ထွက်သော စားဆီသည် ဈေးကြီးလွန်း၍ ဆင်းရဲသားအများစုဖြစ်နေသောမြန်မာပြည်အတွက် လက်လှမ်းမမီနိုင်ခဲ့ချေ။ လူလတ်တန်းစားအနည်းစုနှင့် လူချမ်းသာများသာ သုံးနိုင်ကြသည်။
        
ဆင်းရဲသားပြည်သူများသည် အစိုးရအရာရှိအများစု ကျောထောက်နောက်ခံပြုထားသော ဦးပိုင်မှ တင်သွင်းသော မလေးရှား Export စားအုံးဆီများကိုသာ အဓိက ထားပြီး သုံးစွဲနေရသည်။ ထိုအချိန်တွင် ဈေးနှူန်းလည်းသက်သာပြီး စားဆီလည်း သန့်သော ထိုင်းဘက်ခြမ်းမှဆီများကို ကုန်သည်များ မျက်စိကျခဲ့သည်… ထို ထိုင်းစားဆီများကို ဆင်းရဲသားကုန်သည်များမှ အမြတ်ကျန်၍ သွင်းခဲ့သည်မှာ နှစ်ပေါင်းအတော်ကြာပြီဖြစ်သည်။ ပိုက်ဆံ တတ်နိုင်သည့်ကုန်သည်များကလည်း ဆယ်နှစ်ဘီးကား အစီး ရာချီ၍ သွင်းနေသလို တနိုင်တပိုင်လက်စွဲဆင်းရဲသား ကုန်သည်များကလည်း နိုင်ရာလေးတွေနှင့် မပြီး သွင်းနေလေသည်။ 
       ပြီးခဲ့သည့်လက တရုတ်ဆီ ဂယက်သည် စစ်ဆေးရေးဝန်ထမ်းများအဖို့ အကြိုက်တွေ့သွားစေသည်။ ၀န်ကြီးဌာနက တရုတ်ဆီကို ဖမ်းဆီးပိတ်ပင်လိုက်သဖြင့် ဆီဈေး တက်သွားခဲ့ရာ ထိုင်းဆီများကို အ၀ယ်လိုက်လာခဲ့သည်… ထို့ကြောင့် အမြတ်ကြီးစား ကုန်သည်ကြီးများက ကျန်းမာရေးဌာန ၏ထောက်ခံချက်ကို လာဘ်ထိုးယူကာ တင်သွင်းခဲ့ကြပြီး တနိုင်တပိုင်ဆင်းရဲသားကုန်သည်များအဖို့ကျတော့ ၀ါဝါမြင် ဆီဆိုလျှင် ဓါးနှင့် ဖောက်ချ၊ သွန်ပစ်နှင့် ဒဏ်ကြေးကိုလည်း တောင်းချင်တိုင်းတောင်းနေကာ ထင်တိုင်းကိုကြဲနေပါတော့သည်။
        
 ကျန်းမာရေးဝန်ကြီးဌာနက ကန့်သတ်သည့် စားအုံးဆီသည် တရုတ်ပြည်က တင်သွင်းလာသောဆီဖြစ်ပြီး အခု ထင်တိုင်းကြဲနေသောနေရာကတော့ ထိုင်းနယ်စပ် မြ၀တီ ကုန်သွယ်ရေးလမ်းကြောင်းမှာ ဖြစ်နေသည်။ ထိုင်းကဆီ မသန့်ဟုဆိုလျှင်လည်း ၀င်သွားသည့် စားဆီများမှာ ဆင်အကောင်လိုက်မောင်းသွင်းသလို ပြည်တွင်းထဲ ၀င်သွားပြီး စစ်ဆေးရေးအရာရှိများ စစ်ဆေးနေသော စားဆီမှာကား အမိမဲ့သားရေနည်းသား ဆင်းရဲသားဆီက ပစ္စည်းကို အနိုင်ကျင့်နေခြင်းသာ ဖြစ်နေတော့သည်။
        
ထို့ကြောင့် မြန်မာပြည် အထက်လူကြီးများက ခုတ်လိုက်သော ဓါးရာက တစ်နေရာ ရှသည့်နေရာကတော့ တစ်နေရာဖြစ်နေလေပြီ… မြ၀တီ၏ အစိုးရ အဖွဲ့အစည်းများ ခုတ်ရာနှင့် ရှရာ တည့်အောင် လုပ်ကြဖို့လုပ်နေပြီဆိုသည်ကို ထိုဆောင်းပါးလေးနှင့် အသိပေးတင်ပြလိုက်ပါတယ်………………

 ကိုလေပွေ  (U.V.I)

No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။