Sunday, July 15, 2012

ခွဲခြားဆက်ဆံသော ၀န်ကြီးဌာနကြောင့် ခိုက်ရန်ဖြစ်ပွားခဲ့သော ဖြစ်ရပ်တစ်ခု (ပေးစာ)

 ယနေ့အချိန်အခါတွင် အသွင်ကူးပြောင်းရေးကာလအဖြစ် ဒီမိုကရေစီကို ဖော်ဆောင်နေပြီဖြစ်သော်လည်း အစိုးရရုံးစိုက်ရာ နေပြည်တော်တွင် အမူအကျင့်ဟောင်းများ မပြောင်းလဲသေးသည့် အစိုးရရုံးများစွာ ရှိနေပါသေးသည်ကို ကြားသိရပါသည်။ သမ္မတကြီးမှ အထက်ရုံး၊ အောက်ရုံး၊ သမ္မတရုံး၊ ဟူ၍မရှိ အစိုးရဝန်ထမ်းများသည် ပြည်သူ့ ဝန်ထမ်းများသာ ဖြစ်သည်ဟုများမကြာမီကာလအတွင်းတွင်
ပြောကြားခဲ့သော်လည်း တကယ့်လက်တွေ့ တွင်မူ အထက်ရုံး၊ အောက်ရုံး ဟူ၍ ခွဲခြားခံရခြင်းများ ရှိနေပါသေးသည်။ အမူအကျင့်ဆိုသည်မှာ ပြောင်းလဲရအတော်ခက်လှပါသည်။ လူတွေ ပြောင်းသွားသော်လည်း မပြောင်းလဲနိုင်တဲ့ အမူအကျင့်ဆိုးများ ကျန်နေပါသေးသည်။

ယခု ဖော်ပြမည့် အကြောင်းအရာမှာ များမကြာမီကာလတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။
လူငယ်အချင်းချင်း ဒေါသအလျောက် အချင်းများကြရာမှ ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိသွားသည်ကို အကြောင်းပြု၍ တိုင်တန်းကြရာမှမြေနိမ့်ရာ လှံစိုက်သဘောဖြင့်
သမ္မတကြီး၏ အမိန့် အား လိုက်နာကျင့်သုံးခြင်းအားဖြင့်ရုံးတစ်ရုံးထဲတွင်တောင်မှ ဝန်ကြီးရုံး၊ ဌာနခွဲရုံးဆိုပြီး ခွဲခြားဖိနှိပ်ခဲ့ရာမှ ရရှိရမည့် အပြစ်ဒဏ်ထက် အထက်ရုံးဆို၍ အာဏာကုန်သုံးကာ
အလုပ်မှထုတ်ပယ်ခြင်းများ ရှိနေသေးသည်ကို
သမ္မတကြီးအား သိရှိစေလိုပါသည်။

ဖြစ်စဉ်မှာ လျှပ်စစ်(၂)ရုံး၊ ဝန်ကြီးရုံးတွင် အလုပ်လုပ်နေသော မအေးနန္ဒာနှင့် ဌာနခွဲရုံးတွင် အလုပ်လုပ်နေသော မအေးမြ တို့  ၂ ဦး အချင်းများကြရာမှ ၂ ဦးစလုံး ထိခိုက်ဒဏ်ရာများရရှိခဲ့ရာ မအေး
နန္ဒာတို့မှ မကျေနပ်၍ တိုင်ကြားခဲ့ရာ "အထက်ရုံး အောက်ရုံးဟူ၍ မရှိ" ဆိုသည့်သမ္မတ ကြီး၏ မူဝါဒအတိုင်း လျှပ်စစ်(၂)ရှိ ပြည်သူ့ဝန်ထမ်းကောင်းလူကြီးများမှ " ဘက်မလိုက် မညှာတာ မငဲ့ကွက် " "သူ့ လူ ကိုယ့်လူ" ဟူ၍ မခွဲခြား "ဝန်ကြီးရုံး ဌာနခွဲရုံး"ဟူ၍ မခွဲခြားပဲ အချင်းများ ခိုက်ရန်ဖြစ်ခဲ့ချင်း အတူတူ မအေးမြ အား အလုပ်မှ ထုတ်ပယ်လိုက်ကြသည်။

ပြဿနာ တစ်ရပ်ကို စဉ်းစားချင့်ချိန် ဆုံးဖြတ်နိုင်စွမ်း ရှိဖို့ အများကြီးလိုအပ်ပါတယ်။ ပြည်သူ့ဝန်ထမ်းကောင်း လူကြီးများအနေဖြင့် မည့်သည့်ပြဿနာကိုမဆို စေ့စပ် ပိုင်နိုင်စွာ ဆုံးဖြတ်နိုင်စွမ်းရှိဖို့အများကြီးလိုနေပါသေး သည်။ ခိုက်ရန် ဖြစ်ပွားခဲ့ရာမှ မအေးမြ တစ်ဦးတည်းအား အလုပ်မှ ထုတ်ပယ်ခြင်းသည် မတရားသဖြင့် ထုတ်ပယ်မှုမျိုးဖြစ်ခဲ့ရပါသည်။


ပြည်သူ့ဝန်ထမ်းကောင်းလူကြီးများ အနေနှင့် မိဘအုပ်ထိန်းမှုနှင့် ဝေးကွာနေသော လူလွတ် ဝန်ထမ်းများအား မိဘနှင့်မခြား အမှားကို အမှန်ဖြစ်လာအောင် ဆုံးမ သွန်သင်ကြရမှာ ဖြစ်ပါတယ်။ မိမိလက်အောက်ရှိ ပြည်သူ့ ဝန်ထမ်းများအပေါ်တွင် မိမိ၏ သားသမီးများ နှင့်မခြား
မိသားစု စိတ်ဓာတ်ထားကာ စောင့်ရှောက်ကြဖို့လိုအပ်ပါတယ်။ တရားမျှတမှုကို အလေးမထား လူစွဲထား၍ အာဏာကုန်သုံးခြင်းမျိုးများ မပြုလုပ်ကြဖို့  အရေးကြီးပါတယ်။


သမ္မတကြီးမှလည်း ယခုလို မတရားမှုမျိုးမဖြစ်ပွားစေရန် ပြသာနာကို စေ့စေ့စပ်စပ် ဘက်လိုက်ဆုံးဖြတ်ချက်မျိုးမကျင့်သုံးပဲလက်အောက်ဝန်ထမ်းများအပေါ်တရားမျှတငဲ့ညာထောက်ထား စဉ်စားချင့်ချိန်တတ်သော ပြည်သူ့ ဝန်ထမ်းကောင်း လူကြီးများ ဖြစ်လာစေရန် လိုက်နာကျင့်သုံးသင့်သည်များ ချမှတ်ညွန်ကြား ပေးရန် အထူးမေတ္တာ ရပ်ခံပါသည်။
 

ယခုအခါ နိုင်ငံတော် အစိုးရမှ ခေတ်နောက်ပြန်ဆွဲတဲ့ အမြင်ကို ပြောင်းလဲရေး မူဝါဒများ ချမှတ်ဖော်ဆောင်နေသော်လည်း အစိုးရရုံးဌာနများတွင် ယခင့် ယခင်လူဟောင်းမူဟောင်းအကျင့်ဆိုးများ ရှိနေသေးကြောင်း သိရှိရပါတယ်... လူဟောင်းမူဟောင်းဆိုသည်မှာ စစ်တပ်မှအငြိမ်းစားယူကာ အရပ်ဖက်သို့ပြောင်းရွေ့ လာသော တပ်မတော်သားများသည် အစိုးရရုံးဌာနများတွင် အဆင့်မြင့်ရာထူးများယူကာ မင်းမူအုပ်ချုပ် ကြီးစိုးချယ်လှယ်ခြင်းမျိုးကိုဆိုလိုပါသည်။ 

ထိုလူဟောင်းများက အထက်ကိုဖား၊ အောက်ကိုဖိ မိမိထက်ရာထူးငယ်သူကိုမသနား ၊ရာထူးကြီးသူကို မရိုသေ သူတို့ရဲ့ "အဘ" မှတပါး မည်သူမှမကြောက် တပ်ထွက်ချင်းအတူတူတောင် ဟိန်းဟောက်ချင်သူများရှိနေသေးကြောင်း သိရှိရပါသည်၊ ပါးစပ်ကတော့ဖြင့် "လေးစားပါတယ်" ဟုဆိုကာ မလေးမစားလုပ်နေကြပါသည်။ အားလုံးသော စစ်တပ်မှအငြိမ်းစားများကို ဆိုလိုခြင်းမျိုးမဟုတ်ပါ။ ကျန်ရှိနေသော မူဟောင်းလူဟောင်းစနစ်ဟောင်းများ ကိုဆိုလိုခြင်းဖြစ်ပါသည်။ ရာထူးစွဲ၊လူစွဲနှင့် ရုံးစွဲဟု မခွဲခြားပဲ အသွင်သစ် အမြင်သစ်နှင့်ဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်လမ်း ကြရာတွင် ၀န်ထမ်းများသည် ပြည်သူတို့အတွက် တစ်ထောင့်တစ်နေရာမှနေကာ တာဝန်ထမ်းရွက်နေကြသူများ အဖြစ်တည်ရှိနေခြင်းဖြစ်ပါတယ်.......
 
ယခုဖြစ်စဉ်မှာ လျှပ်စစ် (၂) တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်......"လျှပ်စစ်" ဟုဆိုလျှင် ကျွမ်းကျင်လျှပ်စစ်အင်ဂျင်နီယာများနှင့်အခြား အင်ဂျင်နီယာများ ဖြင့်ဖွဲ့ စည်းထားသည်အဖွဲ့ အစည်းဟု အားလုံးသိကြမည်ဖြစ်ပါတယ်.....သို့သော်လည်း အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း စစ်တပ်မှအငြိမ်းစားယူကာ အရပ်ဖက်သို့ ပြောင်းရွေ့ လာသောတပ်မတော်သားအရာရှိများ လည်းရှိနေပါသေးသည်....
 
အမှု့အကြောင်းအရာမှာ လျှပ်စစ် (၂) အင်ဂျင်နီယာဌာနမှ အင်ဂျင်နီယာမှူးကြီးအဆင့်ရှိ 
ဦးအေးမောင်မှ ၀န်ကြီးအစည်းအဝေးတွင် တင်ပြရန်အတွက် ၀န်ကြီးရုံးသို့ သွားရောက်စာတင်ရာတွင် အမှုတွဲလက်ခံသူ ဒု-ညွှန်ကြားရေးမှူး ဗိုလ်ကြီးဦးစိုးဝင်းမြင့်မှ မချေမငံဖြင့် "ခင်ဗျားတို့ကဘာတွေလဲ၊ ကျုပ်က ၀န်ကြီးရုံးက နားလည်လား တိုင်ချင်ရာတိုင်" ဟုပြောဆိုကာ စားပွဲပေါ်ရှိ စာရွက်များကို လွှတ်ပစ်ကာ ရာထူးတူသော်လည်း မိမိထက် အသက်ရော၊ ၀ါအရပါကြီးသူ အင်ဂျင်နီယာမှူးကြီးအား အော်ဟစ်ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်..ဘယ်လိုအကြောင်းကြောင့် ပဲဖြစ်ဖြစ် မိမိစိတ်တွင်းမကျေနပ်မှုများရှိပါက ရုံးဝန်ထမ်းများဖြစ်သည့်အလျှောက် မိမိရာထူး၊ အဆင့်အတန်းကို ငဲ့ကွက်ထည့်သွင်းစဉ်းစားကာ ပြောဆိုသင့်ပါသည်။
 
ရုံးတစ်ရုံးထဲမှာ အတူအလုပ်လုပ်နေတဲ့ ၀န်ထမ်းချင်းအတူတူ ခွဲခြားရပ်တည်တတ်တဲ့ အကျင့်ဆိုးတွေနဲ့  ဒီမိုကရေစီကို ဆက်လက်လျှောက်လှမ်းနိုင်ဖို့ဆိုတာ အတော်ကိုခက်ခဲလွန်းလှပါတယ်.....
ထိုကြောင့် ပြည်ထောင်စုဝန်ကြီးများမှလည်း ဘယ်သူကတော့ဖြင့် မိမိနှင့် ဘယ်တပ်မှာတုန်းကငါ့တပည့် စသဖြင့် လူစွဲ၊ မူစွဲ မထားပဲ အားလုံးကို မိမိ၏ တပည့်သားမြေးများအဖြစ် သတ်မှတ်ကာ 
လက်မ မကောင်းလက်မ၊ ခြေမမကောင်းခြေမ ဆုံးမသွန်သင်သင့်ပါကြောင်းအထူးမေတ္တာ ရပ်ခံပါသည်။

(U.V.I)

(အထက်ပါ ပေးစာသည် ရေးသားပေးပို့သူ၏ အာဘော်သာဖြစ်ပါသည်။)

No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။