လမ်းဘေးဈေးသည် ပြဿနာကို စင်ကာပူမှာ ဒီလို နည်းစနစ်တကျစီမံ ဖြေရှင်းရင်း နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ အဆင့်ကိုပါ မြှင့်တင်ခဲ့ကြပါတယ်။
စင်္ကာပူနိုင်ငံဟာ (၁၉၆၅) ခုနှစ်မှာ လွတ်လပ်ရေးရခဲ့ပြီး (၁၉၆၈-၁၉၆၉) မှာ လမ်းဘေးဈေးသည်များ မှတ်ပုံတင်ရေးကို စလုပ်ခဲ့ပါတယ်။ စစ်တမ်းကောက်ခြင်း၊ လိုင်စင်ချပေးခြင်းဆိုတာတွေကို တဖြည်းဖြည်းလုပ်ခဲ့ပြီး (၁၉၇၄)ခုနှစ် မှာတော့ အချိန် (၁၈) လ သတ်မှတ်ပေးခါ အဲဒီအချိန်အတွင်း လိုင်စင်လျှောက်ထားခြင်းမရှိတဲ့ လမ်းဘေးဈေးသည်တွေကို လမ်းဘေးမှာ တရားမ၀င် ဈေးရောင်းမှုနဲ့ အမှန်တကယ်ကိုပဲ အပြတ်ရှင်းလင်း သုတ်သင်ပါတော့တယ်။

လမ်းဘေးဈေးသည်များကို စစ်တမ်းကောက်ယူခြင်း
လမ်းဘေးဈေးသည်တွေ လမ်းပေါ်ကနေ ဆိုင်ခုံတွေပေါ်ရောက်ဖို့အတွက် စင်္ကာပူအစိုးရဟာ အဓိကအားဖြင့် အဆင့် နှစ်ဆင့်နဲ့ လုပ်ဆောင်ခဲ့ပါတယ်။

ပထမအဆင့်ကတော့ စာရင်းမရှိ အင်းမရှိဖြစ်နေတဲ့ လမ်းဘေးဈေးသည်ပေါင်းမြောက်မြားစွာ ကိုသသေချာချာလေ့လာပြီး စာရင်းပြုစုခြင်းနဲ့ ဈေးရောင်းခွင့်
လိုင်စင်စနစ်ကို စတင်ကျင့်သုံးခဲ့တာပါ။
ဒုတိယ အဆင့်ကတော့ ရေ၊မီး၊
အမှိုက်စွန့်ပစ်စရာ စနစ်တွေ ပါဝင်တဲ့ ဈေးတွေနဲ့ စားသောက်ရုံတွေကို စနစ်တကျ
တည်ဆောက်ပြီး လမ်းဘေးဈေး သည်တွေကို ဆိုင်ပေါ်ကို ရွှေ့ပြောင်းပေးတဲ့
အဆင့်ပါ။
ရေ၊မီး၊ အမှိုက် စွန့်ပစ် စနစ်တွေပါတဲ့ ဈေးရုံ၊ စားသောက်ဆိုင်ရုံ တွေဆောက်ပြီး လမ်းဘေးကဆိုင်တွေကို အမိုးအကာအောက် ရောက်အောင် ဖြည်းဖြည်းချင်း စည်းရုံးခေါ်ဆောင်ရတဲ့အဆင့် က (၁၉၇၁)ခုနှစ်ကနေ (၁၉၈၆)ခုနှစ် ထိ ဆယ့်ခြောက်နှစ်ကြာ ပါတယ်။ ဒီကြားထဲမှာလည်း လိုအပ်ရင် လိုအပ်သလို အဆင့်မြင့်ပြုပြင် ဖြည့်စွက်မှုတွေ ဆက်ပြီး လုပ်ကိုင်နေဆဲပါ။ အချိန်တွေနဲ့ ရင်းခဲ့ရုံတင်မက၊ လူသားအရင်းအမြစ် အနေနဲ့လည်း လမ်းဘေးဈေးသည်များ နေရာ ချထားရေးဋ္ဌာနရယ်လို့ တသီး တခြား ဖွဲ့ပြီး အင်တိုက်အားတိုက် လုပ်ခဲ့တာပါ။

အဲဒီအချိန်က ၀န်ကြီးချုပ် လီကွမ်ယုရဲ့
“စင်္ကာပူနိုင်ငံသည် အခြားသော တတိယကမ္ဘာ နိုင်ငံများနဲ့ မတူကွဲပြားစေရမယ်”
ဆိုတဲ့ စကားက အချိန်နဲ့ နိုင်ငံ့ အရင်းအမြစ်တွေ အများကြီး ထုတ်သုံးဖို့
အတွက် တွန်းအား ပေးခဲ့ပါတယ်။ ဒါ့ကြောင့် ပေါ်လစီတစ်ခုကို အကောင်အထည်
ဖေါ်တဲ့နေရာမှာ Political Will လို့ ခေါ်တဲ့ အာဏာရပါတီနဲ့
သက်ဆိုင်ရာမဲဆန္ဒနယ်မြေအတွက် ရွေးကောက်တင်မြှောက် ခံထားရတဲ့
လွှတ်တော်ကိုယ်စားလှယ်ရဲ့ အင်တိုက်အားတိုက် ထောက်ပံ့မှုက အဓိကကျတယ်လို့
ဆိုချင်ပါတယ်။ အခြေအနေ အချိန်အခါနဲ့ ကိုက်ညီတဲ့ ပေါ်လစီကို
ချမှတ်ဖို့လိုသလို ဒီပေါ်လစီကြောင့်အကျိုးသက်ရောက် ခံရမယ့် သက်ဆိုင်သူ
များကိုလည်း ပေါ်လစီကို သုံးသပ်တဲ့အခါ ဆွေးနွေးမှုတွေမှာ ပါဝင်စေဖို့လည်း
အရေးကြီးပါတယ်။
လမ်းဘေးဈေးသည်တွေကို လိုင်စင်မပေးခင်မှာ
အချိန်ယူပြီး သူတို့ ရောင်းချတဲ့ကုန်၊ သူတို့ရောင်းတဲ့နေရာ၊
ဆိုင်ဖွင့်တဲ့အချိန် စတာတွေကို အသေးစိတ်လေ့လာတယ်လို့ ဆိုပါတယ်။ အောက်မှာ
ကူးယူဖေါ်ပြထားတဲ့ ပုံကတော့ (၁၉၇၀) ပြည့်နှစ်များက စင်္ကာပူမြစ်ဘေးမှာ
ရောင်းချနေတဲ့ လမ်းဘေး ဈေးသည်တွေရဲ့ ပုံဖြစ်ပါတယ်။
ဒီဆောင်းပါးကိုဖတ်နေရင်းနဲ့ စိတ်ထဲကနေ ရန်ကုန်မှာရှိတဲ့ လမ်းဘေးဈေးသည် တွေကို စစ်တမ်းကောက်ပြီး မြေပုံပါ် တင်ကြည့်မိပါတယ်။
- ပိုက်ဆံအိတ်၊ ဖိနပ်နဲ့ အိမ်သုံး ပစ္စည်းကလေးတွေ၊ လူသုံးကုန်ပစ္စည်း တွေ ရောင်းတဲ့သူတွေကို အစိမ်းရောင်၊
- သားငါးနဲ့ ဟင်းသီး ဟင်းရွက်တွေ ရောင်းတဲ့သူကို အနီရောင်၊
- ချက်ပြုတ်ပြီးသား အစားသောက်ရောင်းတဲ့ ဈေးသည်တွေကို လိမ္မော် ရောင်လို့ သတ်မှတ်တယ် ဆိုပါတော့။
လမ်းဘေးဆိုင် တစ်ဆိုင်ချင်း ဆိုင်ဖွင့်တဲ့အချိန်မှာ သူတို့ကို ပေးထားတဲ့ အရောင်နဲ့ မီးသီးကလေးတွေ လင်းတယ်လို့ ပုံဖေါ်ကြည့်ချင်ပါတယ်။ မနက်မိုးလင်းလာရင် ရန်ကုန် ဆင်ခြေဖုံး မြို့နယ် တွေမှာရော မြို့လည်မှာပါ လိမ္မော်ရောင်နဲ့ မီးသီး လေးတွေ ဟိုနားသည်နား အနည်းအကျဉ်းလင်းလာပါလိမ့် မယ်။ မုန့်ဟင်းခါး၊ တိုရှည်၊ ဘိန်းမုန့် စသည်ဖြင့် ရပ်ကွက်ထဲက ဆိုင်ကလေးတွေ ဖွင့်တဲ့ အချိန်ပေါ့။ တောင်ဥက္ကလာလို၊ ရန်ကင်း လို မြို့နယ်တွေမှာဆိုရင် လမ်းပေါ်မှာ မနက်ပိုင်း ယာယီ ဈေးတန်းလေးတွေ အဖြစ်ခင်းကျင်းရောင်းချ တတ်ကြပါတယ်။ အဲဒီနေရာ တွေမှာတော့ လိမ္မော်ရောင်နဲ့ အနီရောင် မီးလုံးလေးတွေ အပြင် အစိမ်းရောင်လေးတွေပါ အနည်းအကျဉ်း တွေ့ နိုင်ပါတယ်။ ဆယ်နာရီလောက် နေပူလာပြီဆိုတဲ့ အချိန်ကျတော့ ဆိုင်တွေ သိမ်းသွားပြီး အဲဒီမီးလုံးလေးတွေ တဖြည်း ဖြည်းချင်း ငြိမ်းသွားကြမှာပေါ့။
မြို့လည်ခေါင်က မဟာဗန္ဓုလလမ်းလိုနေရာမျိုးမှာဆို တစ်ချို့နေရာတွေမှာ နေ့လည်ပိုင်း လောက် ကတည်းက အစိမ်းရောင်မီးလုံးလေးတွေ လင်းလာပါလိမ့်မယ်။ ညနေသုံးနာရီလောက်ဆိုရင်တော့ မဟာဗန္ဓုလလမ်း တစ်လျှောက်လုံး အစိမ်းရောင်မီးသီးတွေနဲ့ ပြည့်နေတော့မှာပေါ့။

မနက်စောစောထရောင်းတဲ့
မနက်စာဆိုင်၊ နေ့လည် မှာရောင်းတဲ့ ကြာဆံကြော်၊ ကော်ပြန့်ကြော်ဆိုင်၊
ဝက်သားတုတ်ထိုးဆိုင်၊ ညမှာဖွင့်တဲ့ လက်ဖက်ရည်၊ ခေါက်ဆွဲဆိုင် စသည်ဖြင့်
အချိန်မရွေး စားသောက်စရာတွေ နဲ့ပြည့် နေတဲ့ တရုတ်တန်းဆိုရင်တော့
မနက်အစောကြီး ကနေ ညသန်းခေါင်ကျော် အထိ လိမ္မော်ရောင်မီးတွေ အဆက်မပြတ်လင်းနေ
ပါလိမ့်မယ်။ အခုလို စစ်တမ်းကောက်ယူ ခြင်းက လိုင်စင်ချထား ပေးတဲ့အခါနဲ့
အထူးသဖြင့် လမ်းဘေးဈေးသည်များကို ဈေးမှာနေရာချထားတဲ့ အခါ အများကြီး
အထောက်အကူပြုပါတယ်။
လိုင်စင်ချပေးခြင်း
လမ်းဘေးဈေးသည်တွေဟာ လိုင်စင်ရဖို့အတွက် သတ်မှတ်ထားတဲ့ အခကြေးငွေပေးရပါတယ်။ ဒါတင်မက သတ်မှတ်ထာတဲ့ အတိုင်း လိုက်နာရပါတယ်။ စင်္ကာပူနိုင်ငံတွင် လမ်းဘေးမှာဈေးရောင်းခြင်းကို စင်္ကာပူနိုင်ငံသားတိုင်း လျှောက်ထားခွင့် ရှိတဲ့ အခွင့်အရေး တစ်ရပ်အဖြစ် သတ်မှတ်ပါတယ်။ လိုင်စင်ရဖို့အတွက် အောက်ပါ စည်းကမ်းချက် တွေကိုလည်း လိုက်နာရပါတယ်။
- အစားအသောက်ကို အမှိုက်သရိုက်၊ ဖုံ၊ ရောဂါဖြစ်ပွားစေနိုင်သော ပိုးမွှားများ စသည့်အညစ်အကြေးများမှ ကင်းဝေးအောင် ချက်ပြုတ်၊ ထားသို၊ ကိုင်တွယ် တတ်ရမည်။
- အစားအသောက်ချက်ပြုတ် ပြင်ဆင်ချိန်တွင် ဆေးလိပ်မသောက်ရ။
- အစားအသောက်များကို စနစ်တကျ တင်ပြီးရောင်းချနိုင်ရန် ဆိုင်ခုံ၊ တွန်းလှည်း၊ အထမ်း စသည်ဖြင့် အလွယ်တကူ ရွှေ့ပြောင်းနိုင်သော အရာများ ရှိရမည်။ ထိုပစ္စည်းများကို ဆိုင်သိမ်းလျှင်မိမိနှင့် တစ်ပါတည်း ယူဆောင်သွားရမည်။ လမ်းနှင့် ရေမြောင်း သန့်ရှင်းရေးလုပ်ငန်းကိုအနှောင့်အယှက်ဖြစ်စေနိုင်သောကြောင့် ဆိုင်နေရာတွင် မထားခဲ့ရ။
- ရောင်းချလိုသော အချိန်ကို လိုင်စင်လျှောက်စဉ်ကတည်းက သေချာစွာလျှောက်ထားရသည်။ လိုင်စင်ပါ ခွင့်ပြုထား သည့် နာရီထက် ကျော်လွန်ပြီး ရောင်းချခွင့်မရှိ။
- အမှိုက်သရိုက်များနှင့် ရေ အညစ်အကြေးများကို သတ်မှတ်ထားသော နေရာတွင်သာ စွန့်ပစ်ရမည်။
- လိုင်စင်ပါ ရောင်းချရန် ခွင့်ပြုထားသော နေရာမှ အပ ကျန်နေရာများတွင် ရောင်းချခွင့် မရှိ။
အထိန်းအကွပ်မရှိ ရောင်းလို့ရနေရာကနေ စည်းနဲ့ဘောင်နဲ့ရောင်းကြဖို့အတွက် တစ်ဘက်ကလည်း လမ်းဘေး ဈေးသည် များကို နောင်မှာ လိုင်စင်မရှိရင် ဈေးရောင်းခွင့်ပြုတော့မှာ မဟုတ်တဲ့အကြောင်း၊ လိုင်စင်ပေးတာသည် ရေရှည် စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းသာဖြစ်ပြီး လာမယ့်နှစ်တွေမှာ ဒီ့ထက်ပိုပြီး စနစ်ကျအောင် စီမံမှာဖြစ်ကြောင်းတွေကို ပညာပေးရပါတယ်။ စင်္ကာပူမှာ ဖူ့ကျင့်၊ တယိုချူး စသည်ဖြင့် တရုတ်လူမျိုးကွဲတွေ အမျိုးမျိုး ရှိပါတယ်။ ဈေးသည်အများစု လိုင်စင်လျှောက်ကြဖို့ အတွက် သူတို့နဲ့ ပါတ်သက်တဲ့ အဲဒီ သက်ဆိုင်ရာ လူမျိုးအဖွဲ့အစည်းတွေကိုလည်း ဖိတ်ခေါ်ဆွေးနွေး ခဲ့တယ် လို့ဆိုပါတယ်။
ဈေးသည်တွေအားလုံးကို လိုင်စင်နဲ့မှ ရောင်းခွင့်ပြုတဲ့အခါ အထက်မှာ ဖေါ်ပြထားသလို လိုင်စင်ရဖို့ လိုက်နာရမယ့် စည်းကမ်းချက်တွေကို ထုတ်ပြန်ပြီး လိုက်နာအောင်လုပ်လို့ ရသွားပါတယ်။ အစားအသောက်ကိုင်တွယ်သူတွေဆိုရင် သန့်ရှင်းရေး၊ ရောဂါပိုးမွှားကင်းစေးရေး၊ ပြည်သူ့ကျန်းမာရေးစတဲ့ အင်မတန်အရေးကြီးတဲ့ ခေါင်းစဉ်တွေကို သာမာန် အရပ် သားနားလည်အောင် ပုံတွေ၊ ရှင်းလင်းတဲ့စာသားတွေနဲ့ ပြင်ဆင်ပြီး အသိပညာပေးလို့ရပါတယ်။ အသိပညာပေး သင်တန်း တက်ဖို့ကို လိုင်စင်ရလိုသူတိုင်း မဖြစ်မနေ တက်ရမယ့် သင်တန်းလို့ သတ်မှတ်လို့ ရပါတယ်။ အသိပညာပေး လုပ်ငန်းရဲ့ နောက်ကနေ လိုက်လို့ရတာကတော့ ဈေးသည်တွေ စည်းကမ်းချက်တွေ လိုက်နာရဲ့လား ဆိုတာကို ကြီးကြပ်ဖို့ (Enforcement) ပါ။

- လိုင်စင်ချပေးဖို့ လိုအပ်တဲ့ အချက်အလက်တွေ မပြည့်စုံဘဲ လာဘ်လာဘ ယူပြီး
လိုင်စင်ချပေးတာမျိုး၊
- လိုင်စင်မရှိဘဲ တရားမ၀င်ဈေးရောင်းနေတဲ့သူ တွေကို
လာဘ်ယူပြီး ဆက်ရောင်းခွင့်ပြုတာမျိုး၊
- လိုင်စင်အတုလုပ်တာကို သိရဲ့နဲ့
လာဘ်ယူပြီး မဖမ်းဘဲနေတာမျိုး၊
- လိုင်စင် ရပြီးသား ဈေးသည်တွေ လိုက်နာရမယ့်
စည်းကမ်းတွေကို မလိုက်နာတာမြင်ရဲ့နဲ့ လာဘ်ယူပြီး မမြင်မသိ သလို နေတာ
မျိုး၊
တွေရှိနေမယ်ဆိုရင်တော့ ဘယ်လောက်ကောင်းတဲ့ ပေါ်လစီပဲဖြစ်ဖြစ်
ပြည်သူလူထုကို ကောင်းကျိုး ရှိသင့်သလောက် ရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့်
လမ်းတွေပိတ်ဆို့စေတဲ့၊ ပြည်သူ့ကျန်းမာကို ထိခိုက်စေတဲ့ လမ်းဘေးဈေး
သည်တွေကို အမြန်ဆုံး ထိမ်းသိမ်းဖို့ ပေါ်လစီကောင်းတွေစတင်ကျင့်သုံးပြီး
ပေါ်လစီထိရောက်မှုရှိစေဖို့ လာဘ်ပေးလာဘ် ယူတွေလည်း ကင်းအောင်
စွမ်းဆောင်နိုင်ကြပါစေလို့ ရေးသား အကြံပြုအပ်ပါတယ်။
Credit to (မစိမ့်) (Facebook)
(U.V.I)
No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။