Thursday, March 17, 2011

မြန်မာမှ ဘိန်းစိုက်ပျိုးထုတ်လုပ်သူများကြောင့် တရုတ်အတွက် ကြီးမားသော်ပြဿနာတစ်ရပ်ဖြစ်လာနေ

          အိမ်နီးချင်း မြန်မာ နိုင်ငံမှ တရားမဝင် ဘိန်းစိုက်ပျိုးမှုသည် လွန်ခဲ့သည့်၃နှစ်အတွင်း ၂ဆ ပွားလာခဲ့ပြီး တရုတ် နယ်စပ် ဒေသကို ကာကွယ် နေသူများ အတွက် ကြီးမားသော ပြဿနာ တစ်ရပ် ဖြစ်လာသည်ဟု တရုတ် အနောက် တောင်ပိုင်း ယူနန်ပြည်နယ်မှ ရဲအရာရှိကြီး တစ်ဦးက ပြောကြား လိုက်သည်။

         
ယူနန် ပြည်နယ် ပြည်သူ့ လုံခြုရေး ဌာန ညွှန်ကြားရေးမှုး မင်ဆုတိုင်က China Daily နှင့် သီးသန့် အင်တာဗျူး တစ်ခုတွင် ပြောကြားရာ၌ အဆိုပါ ဘိန်းစိုက်ပျိုး ထုတ်လုပ်သူ များသည် ၎င်းတို့၏ မူးယစ် ဆေးဝါး အများစုကို နယ်စပ် ဖြတ်ကျော် ခိုးထုတ်ရန် ကြိုးစား နေကြကြောင်း၊ သို့သော်လည်း မြန်မာ နိုင်ငံမှ တရုတ် နိုင်ငံ တွင်းသို့ တရား မဝင် တင်သွင်း နေသော ဓာတ်ခွဲခန်း ထုတ် မူးယစ် ဆေးပြား များ၏ ပမာဏက ဟီးရိုးအင်းနှင့် ဘိန်း ကဲ့သို့သော သမားရိုးကျ မူးယစ်ဆေးများ၏ ပမာဏထက် ကျော်လွန် သွားပြီ ဖြစ်ကြောင်း ပြောဆို ခဲ့သည်။
ဘိန်းစိုက်ခင်းကိုတွေ့ရစဉ်
 
ယခု အပတ် ကျင်းပသော အမျိုးသား ပြည်သူ့ ကွန်ဂရက် မျက်နှာ စုံညီ အစည်း အဝေး၏ အဝန်း အဝိုင်းတွင် China Daily နှင့် အင်တာဗျူး ပြုလုပ် ခဲ့သည့် မင်ဆုတိုင်က မြန်မာ နိုင်ငံရဲ့ ဘိန်း စိုက်ပျိုး ဧကဟာ နှစ်သောင်း ခြောက်ထောင် ရှစ်ရာ ဟတ်တာလောက် ရှိနေပါပြီ ဟု ပြောကြားသည်။

ဘိန်းစိုက်ပျိုးမှု အနေ အထားကို စောင့်ကြည့်ရန် အတွက် ဂြိုလ်တု ထောက်လှမ်းရေး နည်းပညာဖြင့် လည်းကောင်း၊ မြန်မာ ပြည် မြောက်ပိုင်းကို ကွင်းဆင်း သုတေသန ပြုခြင်းဖြင့် လည်းကောင်း နှစ်နိုင်ငံ စလုံးက ကာလ ရှည်ကြာ ကြိုးပမ်း ရာမှ ရရှိသော သတင်း အချက် အလက် များကို အခြေခံကာ ယခု ကဲ့သို့ ခန့်မှန်း ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

မြန်မာ နိုင်ငံ၏ ဘိန်းစိုက် ပျိုးမှု လတ်တလော ကြီးထွား လာသည်ဟု ဆိုသော်ငြားလည်း ၁၉၉၀ ခုနှစ် များက ဘိန်းစိုက် ဧက ၂၀၁၀၀၀ ဟတ်တာနှင့် နှိုင်းယှဉ်လျှင် ၂၀၀၇ ခုနှစ်တွင် ၁၃၄၀၀ ဟတ်တာသို့ ကျဆင်း သွားသည်ကို နှစ်နိုင်ငံ ပူးတွဲ လေ့လာရေး စီမံချက် အဖွဲ့က တွေ့ရှိ ခဲ့သည်ဟု လည်း မင်ဆုတိုင်က ထောက်ပြသည်။

ယူနန် ပြည်နယ်သည် မြန်မာ၊ လာအို၊ ဗီယက်နမ် နိုင်ငံ များနှင့် ၄၀၆၁ ကီလိုမီတာခန့် နယ်စပ်ချင်း ထိစပ် နေသည်။ အဆိုပါ ဒေသမှ မြန်မာ၊ လာအို နှင့် ထိုင်းနိုင်ငံတို့ သုံး နိုင်ငံ နယ်စပ် ဆုံတွေ့သည့် ရွှေတြိဂံ နယ်မြေသည် ဘိန်းစိုက်ပျိုးမှု ကြောင့် ထင်ရှားသည်။နယ်စပ် ဒေသ ရှည်လျားခြင်း၊ ဘိန်းစိုက်ပျိုး ဒေသများ နှင့် နီးကပ်ခြင်း တို့ကြောင့် မူးယစ်ဆေး တရား မဝင် သယ်ဆောင်သူ တစ်သောင်းကျော်ကို တရုတ် ရဲများက နှစ်စဉ် ဖမ်းမိလေ့ ရှိသည်။

မြန်မာ နိုင်ငံမှ မူးယစ်ဆေး ကုန်သည်များသည် ယူနန် ပြည်နယ်သို့ မူးယစ် ဆေးဝါး အဓိက ဖြန့်ဖြူးသူ များ ဖြစ်သည်။ ပြည်နယ် အတွင်းသို့ တရား မဝင် သွင်းလာသည့် မူးယစ်ဆေးဝါး ၈၀ %မှ ၉၀ % အတွက် တာဝန် ရှိသူများ ဖြစ်သည်ဟု မင်ဆုတိုင်က ပြောသည်။
 
ပြီးခဲ့သည့် ငါးနှစ်တာ တရုတ် မြန်မာ ပူးပေါင်း ဆောင်ရွက်မှု ကာလ အတော အတွင်း ဘိန်းနှင့် ဆက်စပ် မူးယစ်ဆေးဝါး တရား မဝင် ရောင်းဝယ်မှုကို တိုက်ဖျက်ရန် ကြိုးပမ်း မှုများ ကြီးကြီးမား မား အောင်မြင်မှု ရခဲ့သည် ဟုလည်း မင်ဆုတိုင်က အလေး ထား ပြောကြားသည်။

ယူနန် ရဲတပ်ဖွဲ့က နှစ်စဉ် ကြားဖြတ် ဖမ်းဆီး ရမိသော ဘိန်းနှင့် ဟီးရိုးအင်း စုစုပေါင်း ပမာဏသည် လွန်ခဲ့သော ငါးနှစ်က ခြောက်တန်- ရှစ်တန်ခန့် လက်ရှိ အချိန်တွင် နှစ်တန် - သုံးတန်သို့ ကျဆင်း သွားခဲ့သည်ဟု ၎င်းက ဆိုသည်။

သမားရိုးကျ မူးယစ်ဆေးဝါး ကီလိုဂရမ် ငါးရာကျော် ဖမ်းမိတဲ့ အမှုတွေ၊ ကီလိုဂရမ် တစ်ရာကျော် ဖမ်းမိတဲ့ အမှုတွေ အရင် တုန်းက ရှိခဲ့ ပေမဲ့ လက်ရှိ နှစ်တွေမှာ ဒီလို အမှုကြီးတွေ မရှိ သလောက် နည်းသွား ပါတယ်ဟု ၎င်းက ဆက်လက် ပြောကြားသည်။ယင်းသို့ ကျဆင်း လာခြင်းသည် ဘိန်းစိုက် တောင်သူ အများစုကို ဂျုံ အပါအဝင် ဘိန်း အစားထိုး သီးနှံများ စိုက်ပျိုး အောင် စည်းရုံး နိုင်ခဲ့ခြင်း ကြောင့် ဖြစ်သည်။ သို့သော်လည်း ဓာတ်ခွဲခန်းထုတ် ဓာတု မူးယစ် ဆေးဝါးများ အင်အား ကောင်းကောင်းနှင့် ဝင်ရောက် လာနေသည်ဟု မင်ဆုတိုင်က သတိပေး ပြောကြားသည်။

မီသိုင်းအင်ဖက်တမင်းနှင့် အက်တာဆီလို ဓာတု မူးယစ် ဆေးအမျိုး အစား သစ်တွေက သမား ရိုးကျ မူးယစ်ဆေးဝါး တွေကို အပြတ် အသတ် ကျော်ဖြတ် သွားပြီး ယူနန် ပြည်နယ် ထဲကို အလုံး အရင်းနဲ့ ဝင်ရောက် နေပါတယ်ဟု ၎င်းက ဆိုသည်။ယခင်က ယူနန် ရဲများ တစ်နှစ်လျှင် ဓာတု မူးယစ် ဆေးဝါး ကီလို ဂရမ် ရာဂဏန်းမျှသာ ဖမ်းမိ ခဲ့သော်လည်း ၂၀၁၀ တွင် လေးတန် ကျော်ထိ ဖမ်းဆီး ရမိ ခဲ့သည်ဟု သိရှိ ရသည်။

တားမြစ် မထားသည့် ဆေးဝါးများ အပါအဝင် ပေါင်းစပ် ပစ္စည်းများကို အသုံး ပြုကာ သာမန် ဓာတ်ခွဲခန်း လေးများတွင် အဆိုပါ မူးယစ်ဆေး အမျိုး အစား သစ်များကို အလွယ် တကူ ဖော်စပ် ထုတ် လုပ်နိုင် သည်ဟု မင်ဆုတိုင်က ပြောကြားသည်။

ယူနန် လက်နက်ကိုင် တပ်ဖွဲ့ အကြီးအကဲ ဝမ်ဟိုင်လျန်၏ အဆို အရ လွန် ခဲ့သောငါးနှစ် အတွင်း လက်နက်ကိုင် မူးယစ် ကုန်သည်များနှင့် ပစ်ခတ်မှု ဖြစ်စဉ် များတွင် ရဲ အရာရှိ ၂၅ ဦး အသက် ဆုံးရှုံး ခဲ့ရသည်ဟု သိရသည်။ ၂၀၁၀ တစ်နှစ်တည်းမှာပင် လက်နက်များနှင့် ဆက်စပ်နေသည့် မူးယစ် ဆေးဝါး အမှု ၂၈ မှု ရှိသည်ဟု ဆိုသည်။

ယူနန် ပြည်နယ် အတွင်းသို့ မူးယစ် ဆေးဝါးများ တရား မဝင် ခိုးသွင်းသည့် နည်းလမ်း များမှာလည်း အမျိုးမျိုး ပြောင်းလဲ နေသည်။ အချို့ ကုန်သည်များက မူးယစ် ဆေး ပျော်ဝင် နေသည့် ရေထဲသို့ အဝတ် အစားများ နှစ်ကာ စုပ်ယူ ပြီး နယ်စပ်ကို ဖြတ်ကျော် ပြီးချိန်တွင် အဝတ်မှ ဆေးရည်ကို ပြန်ညှစ်ယူကာ ဆေးပြား ပြန်ချက်သည်ဟု မင်ဆုတိုင်က ပြောကြားသည်။

မူးယစ်ဆေး ပြဿနာကို ကိုင်တွယ်ဖို့ တရုတ် နိုင်ငံက တာဝန် သိသိနဲ့ လုပ်ဆောင် ခဲ့ပါတယ်၊ လမ်းက အချိုး အကွေ့ အလိမ် အကောက်တွေ များပေမဲ့ တောက်ပတဲ့ အနာဂတ်ကို မြင်နေရပါပြီဟု မင်ဆုတိုင်က သုံးသပ် ပြောကြားသည်။

China Daily မှသတင်းကို ဘာသာပြန်သည်။
ယူနီဗာဆယ်

No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။