Thursday, March 17, 2011

Smart Card ယာဉ်မောင်းလိုင်စင် အတုများ ထွက်နေ

၂၀၁၀ခုနှစ် အတွင်း မြန်မာနိုင်ငံ၏ ယာဉ်မောင်းလိုင်စင်များကို နိုင်ငံတကာ အဆင့်မီ စမတ်ကဒ်အဖြစ် ပြောင်းလဲ ခဲ့ပြီး နောက်ပိုင်းတွင် ယင်းကဒ်များကို အတုပြုလုပ်မှုများ ထွက်ပေါ်လျှက်ရှိကြောင်း ကားလောက အသိုင်းအဝိုင်းမှ စုံစမ်း သိရှိရသည်။

ယင်းကဒ်အတုကို ကိုယ်တိုင် ကိုင်ဆောင်ထားသူတစ်ဦးက ဒီကဒ်က လုပ်ရတာ သိပ်မခက်ပါဘူး၊ ဒရိုင်ဘာ လိုင်စင်က နှစ်သောင်း၊ စပယ်ယာဆိုရင် နှစ်ထောင်လောက်ပဲကျတယ်။ လက်တွေ့သုံးလို့လဲရတယ်။ ယာဉ်ထိန်းရဲတွေ ကိုယ်တိုင်တောင် အတုအစစ် မခွဲနိုင်ဘူး။ လတ်တလောတော့ အရမ်းအဆင်ပြေတယ်။ လိုင်စင်သိမ်းရင်တော့ အဲဒီကဒ်ပဲပေး လိုက်တာပဲ ဟုဆိုသည်။

 
Taxi ဒရိုင်ဘာတစ်ဦးကိုတွေ့ရစဉ်
 
တရားဝင် လိုင်စင်ပြုလုပ်ရာတွင် ကျပ်တစ်သောင်းခွဲ ဝန်းကျင်သာ ကျသင့်သော်လည်း ကိုယ်တိုင်သွားရောက် လုပ်ရခြင်း၊ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်တို့ကို ကျော်လွှားလိုခြင်း တို့ကြောင့် ယင်းကဒ်များ အသုံးတွင်ကျယ်လာ နိုင် ကြောင်း အဆိုပါပုဂ္ဂိုလ်မှ ဆက်လက် ပြောကြားခဲ့သည်။

ယာဉ်မောင်းတစ်ဦးကလည်း သူ့လမ်းကြောင်းအတိုင်း သွားရင် ၅နှစ်ကြာမှ လိုင်စင်ရမယ်။ အခု ဒီကဒ်နဲ့ဆိုတော့ မောင်းသက်လပိုင်းပဲ ရှိလည်း လိုင်းဝင်လို့ရနေတယ်။ တော်ရုံတန်ရုံ အဖမ်းအဆီးဆိုလည်း ဒီကဒ်ပဲ ပေးလိုက်တယ်။ ရုံး သွားတာ အလုပ်ပျက်တယ်၊ ပိုက်ဆံလဲ ကုန်တယ်။ နောက်အသစ်ပဲ ထပ်လုပ်လိုက်တယ် ဟု ပြောကြားသည်။

ဝါရင့် အငှားယာဉ်မောင်း တစ်ဦးကမူ လူတိုင်းလုပ်ပြီး ကိုင်နေရင်တော့ မကျွမ်းကျင်သေးပဲ လိုင်စင်အမြင့်ကိုင်ပြီး ကားကြီးတွေ မောင်းတာ အန္တရာယ် အရမ်းကြီးတယ်။ ကျနော်ကတော့ အားမပေးဘူး။ တာဝန်ရှိသူတွေ အနေနဲ့လဲ လုပ် ထုံးလုပ်နည်းတွေကို လျှော့ပေါ့ ပြင်ဆင် လိုက်မယ် ဆိုရင်တော့ အားလုံးအဆင်ပြေသွားမယ်ထင်တယ်။ဟု ၎င်း၏ အမြင် ကို ပြောကြားသည်။

အဆိုပါ ကဒ်အား စမ်းချောင်းမြို့နယ်၌ပင် အလွယ်တကူ ပြုလုပ်ရရှိနိုင်ကြောင်း စုံစမ်းသိရသည်။

ယူနီဗာဆယ်

No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။