ကမ္ဘာ့ အင်အားကြီး အုပ်စုသို့ ဝင်ရောက်ရန် ကြိုးပမ်းနေသည့် အိန္ဒိယ နိုင်ငံသည် နောက်ထပ် မိုင်တိုင် တစ်ခုကို ကျော်ဖြတ်ကာ ယခု အခါ ကမ္ဘာ့ အကြီးဆုံး လက်နက် ဝယ်ယူသော နိုင်ငံ ဖြစ်လာသည်။
တပ်မတော် ခေတ်မီရေး၊ ဘေဂျင်း၏ ဩဇာ လွှမ်းမိုးမှုကို တန်ပြန် ထိန်းညှိရေး၊ နိုင်ငံ တကာတွင် ဩဇာ ကြီးမားရေး အစီအစဉ် များဖြင့် ရှေ့ခရီး နှင်နေသော တောင်အာရှ နိုင်ငံ အိန္ဒိယ သည် လက်နက် ဝယ်ယူ တင်သွင်းမှုတွင် တရုတ် နိုင်ငံကို ကျော်တက် သွားပြီ ဟု ကမ္ဘာ့ လက်နက် အရောင်း အဝယ်ကို စောင့်ကြည့်နေသော ဆွီဒင် အကဲခတ် ပညာရှင် အုပ်စုက တနင်္လာနေ့တွင် ပြောကြားသည်။

“ပထမတော့ တောင်အာရှပေါ့၊ ပြီးရင်တော့ ဒေသတွင်း အင်အားကြီး ဖြစ်လာရေး ရည်မှန်းချက်တွေ အိန္ဒိယမှာ ရှိနေပါတယ်၊ ကာယဗလ မောင် ဖြစ်ချင် တယ်ဆို ရင် ဗလတွေ ကြွက်သားတွေ ထုတ်ပြနိုင်ဖို့ လိုတယ်လေ” ဟု လန်ဒန် အခြေစိုက် Jane’s Defense Weekly စာစောင်မှ တောင်အာရှ ဆိုင်ရာ ပညာရှင် Rahul Bedi က ဆိုသည်။
စတော့ဟုမ်း နိုင်ငံ တကာ ငြိမ်းချမ်းရေး သုတေသန အင်စတီကျု၏ အစီရင်ခံစာ အရ အိန္ဒိယ နိုင်ငံ သည် ၂၀၀၆ မှ ၂၀၁၀ အတွင်း နိုင်ငံ တကာ လက်နက် ရောင်းချမှု အားလုံး၏ ၉% ခန့်ကို ဝယ်ယူ ခဲ့ပြီး လာမည့် အနာဂတ် တွင်လည်း အဆိုပါ ထိပ်ဆုံး နေရာကို ဆက်ထိန်းထား လိမ့်မည် ဟု မျှော်လင့် ရကြောင်း သိရသည်။
“လာမယ့် နှစ်တွေ မှာလည်း အိန္ဒိယ နိုင်ငံက လက်နက် အများဆုံး ဝယ်ယူသူ ဖြစ်နေမယ် ဆိုတာကို သူတို့မှာယူ ထားပြီး စာရင်းကို ကြည့်ရုံ နဲ့တင် သိနိုင်ပါတယ်” ဟု စတော့ဟုမ်း အင်စတီကျုမှ ဝါရင့် ပညာရှင် Siemon Wezeman က ပြောကြားသည်။ အိန္ဒိယ ကာကွယ်ရေး ဝန်ကြီး ဌာန ပြောရေး ဆိုခွင့် ရှိသူ Sitanshv Kar က ယင်း အစီရင်ခံစာကို မဖတ်ရသေးခင် မှတ်ချက် မပေး နိုင်ဟု ငြင်းဆို ခဲ့သည်။
တရုတ် နိုင်ငံ ကမူ အိန္ဒိယနိုင်ငံ မလုပ်နိုင်သေး သော ပြည်တွင်း လက်နက် ထုတ်လုပ်မှု လုပ်ငန်းကို ဆက်လက် အားဖြည့် ထူထောင် နေခြင်း ကြောင့် ကမ္ဘာ့ လက်နက် ၆% ဝယ်ယူသူ အဖြစ် ဒုတိယ နေရာသို့ ရောက်သွားသည်ဟု Mr.Wezeman က ဆိုသည်။
အမေရိကန် ပြည်ထောင်စု ကမူ ကမ္ဘာ့ အကြီးဆုံး လက်နက် ရောင်းချသူ အဖြစ် ရပ်တည် နေပြီး သူ့နောက်တွင် ရုရှားနှင့် ဂျာမနီက ကပ်၍ လိုက်နေ ကြသည်ဟု အစီရင် ခံစာ အရ သိရှိရသည်။

Associated Press မှသတင်းကို ဘာသာပြန်သည်။
ယူနီဗာဆယ်

No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။