Friday, March 18, 2011

ကရင်-ဗမာစစ်ပွဲများကြောင့် ထိုင်းအာဏာပိုင်များ စိတ်ဒုက္ခရောက်နေ

ထိုင်း-မြန်မာ နယ်စပ် ဒေသရှိ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားအား ပြီးခဲ့သည့်  
၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၁၂ ရက်နေ့ ကတည်းက စပြီး ယနေ့ ထိတိုင် ပိတ်ထား ခဲ့ရသည်ကို ကြည့်လျှင် နှစ်နိုင်ငံ ဆက်ဆံရေး အလုံးစုံ ကောင်းမွန်မှု မရှိသော အချက်ကို ညွှန်းဆို နေသကဲ့သို့ ဖြစ်သည်။

ထိုင်း နိုင်ငံဘက် အခြမ်းရှိ ကမ်းပါး ပြုပြင် တည်ဆောက် ခဲ့မှုသည် နယ်စပ် ဒေသတွင် ရှိသော သောင်ရင်း မြစ်ကြောင်း စီးဆင်းမှုကို ထိခိုက် စေသည် ဟု မြန်မာ စစ်အစိုးရက ပြစ်တင် ဝေဖန်ကာ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားကိုလည်း ပိတ်ပစ် ခဲ့သည်မှာ ယခုဆိုလျှင် ရှစ်လခန့် ရှိပြီ ဖြစ်သည်။ ထိုင်းအာဏာ ပိုင်များ အဆိုအရ နယ်စပ် တံတား ပိတ်ထား ရခြင်း၏ အဓိက အကြောင်း ရင်းမှာ မြန်မာ အစိုးရက     ကရင် အမျိုးသား ယူနီယံ (KNU) လက်နက်ကိုင် သူပုန်များ ခြေကုပ်ယူ လှုပ်ရှား နေသော မဲဆောက်မြို့နှင့် ပတ်သက်၍ စိုးရိမ် ပူပန်သောကြောင့် ဖြစ်ကြောင်း သိရသည်။ KNU သည် ကမ္ဘာပေါ်တွင် သက်တမ်း အရင့်ဆုံး လက်နက်ကိုင် သူပုန်များအဖွဲ့ ဖြစ်သည်ဟု ယူဆရသည်။

မဲဆောက်မြို့သည် မြန်မာ စစ်အစိုးရကို အဆက်မပြတ် ပုန်ကန်ခဲ့သော ကရင် တိုင်းရင်းသား များနှင့် ကာလ ကြာရှည်စွာ ရင်းနှီး ကျွမ်းဝင်သော နယ်စပ်မြို့တစ်မြို့ ဖြစ်ပြီး KNU သည် ၁၉၄၉ ခုနှစ်မှ စ၍ ကရင်ပြည်နယ် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရှိရေး အတွက် မြန်မာ အစိုးရ အဆက်ဆက်ကို တိုက်ခိုက် ခဲ့ခြင်း ဖြစ်သည်။ မဲဆောက်မြို့မှ Porvor ဆေးရုံကို ယခင် KNU ခေါင်းဆောင် ဗိုလ်မြက တည်ဆောက် ပေးခဲ့ခြင်း ဖြစ်ပြီး ၎င်းသည် ၂၀၀၆ ခုနှစ် ခရစ္စမတ် အကြိုကာလ၌ အဆိုပါ ဆေးရုံတွင်ပင် ကွယ်လွန်ခဲ့သည်။
 
 
မြ၀တီမြို့တိုက်ပွဲတွင် ထိုင်းဘက်ကမ်းသို့ လက်နက်ကြီးကျည်ကျရောက်စဉ်
 
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နှင့် အနီး ပတ်ဝန်းကျင် ဒေသများသည် ၁၉၈၀ ပြည့်နှစ်၊ မြန်မာ စစ်တပ်က    ကရင် အမျိုးသား လွတ်မြောက်ရေးတပ် (KNLA) နှင့် KNU တို့ အား အမြစ်ပြတ် ချေမှုန်း သုတ်သင်ရန် ကရင်ပြည်နယ်တွင်း တိုက်ခိုက်မှုများ စတင်ခဲ့သည့် အချိန်မှစ၍ ကရင် ပြည်သူများ ထွက်ပြေး ခိုလှုံရာ နေရာများ ဖြစ်လာခဲ့ရသည်။ လက်ရှိ အနေ အထားတွင် ထိုင်းနယ်စပ်၊ တက်(ခ်) ပြည်နယ်နှင့် အခြား နယ်စပ် ပြည်နယ် များတွင် ခိုလှုံ နေထိုင်လျက် ရှိသော ကရင် တိုင်းရင်းသား ဒုက္ခသည် စုစုပေါင်း တစ်သိန်းခွဲခန့် ရှိသည်။

"
အဓိက ပြဿနာက ဘာလဲ ဆိုတော့
တက်(ခ်) ပြည်နယ် ထဲမှာ ရှိတဲ့ ဒုက္ခသည် တွေကို မြန်မာ အစိုးရက ဒုက္ခသည် တွေလို့ မမြင်တဲ့ အချက်ပဲ" ဟု တက်(ခ်) ပြည်နယ် အုပ်ချုပ်ရေးမှူး           Samart Loifah က ပြောကြားသည်။ "မြန်မာ အစိုးရ အာဏာ ပိုင်တွေက အဲဒီ ဒုက္ခသည် တွေက KNU တွေကို နောက်ကွယ်ကနေ ထောက်ပံ့ပေးနေတယ်လို့ မြင်ကြတယ်။ အဲဒါကြောင့် ချစ်ကြည်ရေး တံတား ပြန်ဖွင့် ပေးမယ့် ကိစ္စကို ငြင်းဆန်နေတာ" ဟု ၎င်းက ဆိုသည်။

ထိုင်းအစိုးရသည် ဆယ်စုနှစ်များစွာ ကရင်နှင့် အခြားသော တိုင်းရင်းသား လူမျိုးများကို အသုံးပြုကာ တစ်ချိန်က ရန်ဘက် ဖြစ်ခဲ့သော မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ အကြားကြားခံ နယ်မြေ တစ်ခု ဖန်တီးရန် ကြိုးစားခဲ့သည်။ သို့သော် ယခုအခါ ကရင် တိုင်းရင်းသားများ အပေါ် ထားရှိသော ထိုင်းနိုင်ငံ၏ ရပ်တည်မှုမှာ ပြောင်းလဲလျက် ရှိသည်။ ဥပမာ ပြရလျှင် လတ်တလော ကာလများ အတွင်း ဖြစ်ပေါ်ခဲ့သော တိုက်ပွဲများ ကြောင့် ထိုင်းနိုင်ငံ နယ်စပ် ဒေသ ဘက်သို့ ထွက်ပြေး လာသော ကရင် ဒုက္ခသည် ၁၁၀၀၀ ခန့်အား ထိုင်းအစိုးရက ပြည်ဝင်ခွင့် မပေးသကဲ့သို့ အစား အသောက်နှင့် ဆေးဝါး ကုသမှုများ လည်း မပေးဘဲ ငြင်းဆန်လျက် ရှိသည်ဟု နယ်စပ်ဒေသ အကူ အညီ ပေးရေး အဖွဲ့များက ဆိုသည်။

မဲဆောက်တွင် အခြေစိုက်သည့် အန်ဂျီအို တစ်ခု ဖြစ်သော Back Pack Health Worker အဖွဲ့က ထိုင်းအစိုးရ၏ ကန့်သတ် ချုပ်ခြယ်မှုများ ရှိနေသည့်တိုင် နောက်ထပ် ရောက်ရှိလာသော ကရင် ဒုက္ခသည်များကို အကူအညီများ ပေးလျက် ရှိသည်။ ယင်းအဖွဲ့မှ ဒါရိုက်တာ ဖြစ်သူ Mahn Mahn က ဒုက္ခသည်များနှင့် ပတ်သက်၍ ထိုင်းအစိုးရ၏ ရပ်တည်ချက်ကို ပြစ်တင် ရှုတ်ချသလို မြန်မာ နိုင်ငံတွင်း စီမံကိန်း ကြီးများသို့ ဝင်ရောက် လုပ်ကိုင်သော ထိုင်းရင်းနှီး မြှုပ်နှံရေး သမားများ ကိုလည်း ဝေဖန် လိုက်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလတွင် မြန်မာ စစ်အစိုးရက ထိုင်းဆောက်လုပ်ရေး ကုမ္ပဏီကြီး တစ်ခုအား ထားဝယ်တွင် ရေနက်ဆိပ်ကမ်းနှင့် အခြေခံ အဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းကြီး တစ်ခု လုပ်ကိုင်ခွင့် ပေးလိုက်သည်။ အဆိုပါ နေရာသည် ကရင် တိုင်းရင်းသားများ ကာလ ကြာရှည်စွာ အခြေချခဲ့သော ဒေသလည်း ဖြစ်သည်။ ထို့ပြင် ကရင်ပြည်နယ် မြောက်ပိုင်းရှိ ထိုင်းနိုင်ငံ တွင်းသို့ လျှပ်စစ် ဓာတ်အား သွယ်တန်း ပေးပို့နိုင်ရေး အတွက် သံလွင်မြစ်ပေါ်တွင် ဟက်ကြီး ရေလှောင်တမံ တည်ဆောက်မှု စီမံကိန်း တည်ဆောက်ခွင့် အဆိုပြုချက် ကိုလည်း အတည်ပြု ပေးခဲ့သေးသည်။ အဆိုပါ စီမံကိန်း နှင့်အတူ မဲဆောက်မြို့မှ တစ်ဆင့် မြဝတီသို့ ဆက်သွယ်မည့် အာရှ အဝေးပြေး လမ်းမကြီး စီမံကိန်းကိုပါ ခွင့်ပြုခဲ့သည်။

မြန်မာ စစ်တပ် အနေနဲ့ တိုင်းရင်းသား အုပ်စုတွေကို နှိမ်နင်း ဖြိုခွင်းဖို့ အဲဒီ စီမံကိန်း ကြီးတွေက အကူအညီ ပေးသလို ဖြစ်နေပါ လိမ့်မယ်။ အထူးသဖြင့် KNU နဲ့ KNLA ကို ဖြိုခွင်းတဲ့ အခါပေါ့ ဟု Mahn Mahn က ဆိုသည်။ အဆိုပါ ဘိဇနက် အကျိုး စီးပွားနှင့် အတူ လတ်တလော မြန်မာ နိုင်ငံတွင်း နိုင်ငံရေး ဖွံ့ဖြိုး တိုးတက်မှုများ ကလည်း ထိုင်း-မြန်မာ ဆက်ဆံရေး အပေါ် သိသာသော အကျိုး သက်ရောက်မှု ရှိသလို ထိုင်း-ကရင် တိုင်းရင်းသားများ ဆက်ဆံရေး ကိုလည်း ထိခိုက် နစ်နာ စေသည်။

လွတ်လပ်ပြီး တရားမျှတမှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မြန်မာနိုင်ငံသည် ပြီးခဲ့သည့် နိုဝင်ဘာလတွင် အထွေထွေ ရွေးကောက်ပွဲကြီး တစ်ရပ်ကို ကျင်းပပေးခဲ့သလို အနောက်နိုင်ငံများ လိုလားသော ဒေါ်အောင်ဆန်း စုကြည်ကိုလည်း နေအိမ် အကျယ်ချုပ်မှ လွှတ်ပေးခဲ့ပြီး ဖြစ်သည်။

မြဝတီမြို့တွင် ကရင် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုနှင့် မြန်မာ စစ်တပ်တို့ အကြား ဖြစ်ပွားသော တိုက်ပွဲများကြောင့် ရွေးကောက်ပွဲ ကျင်းပခွင့် ပိတ်ပင် ထားခဲ့သည်။ အဆိုပါ တိုက်ပွဲမှာ KNLA မှ ခွဲထွက် လိုက်သည့် အုပ်စု ဖြစ်သော ဒီကေဘီအေ တပ်ဖွဲ့မှ ဗိုလ်ချုပ်စောလဘွဲ့က စတင်ခဲ့ခြင်း ဖြစ်ပြီး မြန်မာ စစ်အစိုးရက ၎င်းသည် ရွေးကောက်ပွဲကို ဆန့်ကျင် လိုသောကြောင့် မြဝတီမြို့ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း စွပ်စွဲ ပြောဆိုသည်။

ဒီကေဘီအေ တပ်ဖွဲ့သည် ယခင်က မြန်မာ စစ်တပ်နှင့် မဟာမိတ် ပြုထားသော လက်နက်ကိုင် အုပ်စု ဖြစ်ခဲ့သော်လည်း စစ်အစိုးရ၏ ကမ်းလှမ်းချက် ဖြစ်သော ဒီကေဘီအေကို နယ်စပ် ဒေသစောင့်တပ် အဖြစ် ပြောင်းလဲ ဖွဲ့စည်းရေး အဆို ပြုချက်ကို ဗိုလ်ချုပ် စောလဘွဲ့က ငြင်းဆန်ခဲ့သောကြောင့် ယင်းသို့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ပိုမို ဖြစ်ဟန် ရှိကြောင်း လေ့လာ စောင့်ကြည့်သူများက ဆိုသည်။

မြဝတီမြို့တွင် ဖြစ်ပွားသော တိုက်ပွဲ အပါအဝင် လွန်ခဲ့သည့် သုံးလအတွင်း ကရင်ပြည်နယ်၌ ဖြစ်ပေါ်ခဲ့သည့် တိုက်ပွဲများကို ကြည့်ပါက မြန်မာ စစ်တပ်သည် ကရင် တိုင်းရင်းသား လက်နက်ကိုင် များအပေါ် တိုက်ခိုက် ချေမှုန်းမှုများ ပြန်လည် လုပ်ကိုင်နေသည် ဟူသည်မှာ ထင်ရှားသည်။

အခုလို နယ်စပ်ဒေသက အခြေအနေ အရပ်ရပ်ကို ကြည့်လျှင် ထိုင်းနိုင်ငံက အများကြီး ဆုံးရှုံး နေတာကို တွေ့ရပါတယ်။ ပထမပိုင်းမှာ မြန်မာကို ကျွန်တော်တို့က သံသယ ဖြစ်တယ်။ ဒုတိယပိုင်းမှာ နယ်စပ် ချစ်ကြည်ရေး တံတား ပိတ်လိုက်တော့ ထိုင်းစီးပွားရေးသမားတွေ စီးပွားရေးအရ အများကြီး ထိခိုက် ဆုံးရှုံးရတယ် ဟု
တက်(ခ်) ပြည်နယ် အုပ်ချုပ်ရေးမှူးက ဆိုသည်။ သို့သော် ကရင် လက်နက်ကိုင် တော်လှန်ရေးကို ကာလ ကြာရှည်စွာ စောင့်ကြည့် လေ့လာသူ များက လတ်တလော အခြေအနေ အရပ်ရပ် အပေါ် အကောင်းဘက်မှ မြင်သည့် သဘောမျိုးရှိ သည်ကို တွေ့ရသည်။

ယခင် နှစ်ပေါင်း ၂၀ လောက်က ဆိုရင် ကရင်တွေရဲ့ ဘဝဟာ ပိုပြီး ဆိုးဝါး ခဲ့ကြရတာပါ။ အခု ဖြစ်ရပ်တွေက အရင်တုန်း ကထက် ဆိုးတယ် လို့တော့ ကျွန်တော် မထင်မိပါဘူးဟု သြစတြေးလျ အမျိုးသားတက္ကသိုလ်၊ မဟာဗျူဟာ ရေးရာ လေ့လာရေး ဌာနမှ ပါမောက္ခ Desmond Ball က ပြောကြားလိုက်သည်။

Monster and Critics ဝက်ဘ်ဆိုက်မှသတင်းကို ဘာသာပြန်သည်။

ယူနီဗာဆယ်

No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။