အငြင်းပွား ပင်လယ်ဝါ ရေပြင် နယ်နိမိတ် အနီးရှိ ယွန်ပြောင်းကျွန်းပေါ်တွင် အမြောက် ပစ်ခတ် လေ့ကျင့်မှုကို ဒေသ စံတော်ချိန် မနက် ၉း၃၀ တွင် စတင်ခဲ့ပြီး တစ်နာရီကြာ လေ့ကျင့်ရန် စီစဉ်ထားခြင်း ဖြစ်သည်ဟု တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူက ပြောကြားခဲ့သည်။
လူနေအိမ်များ ပျက်စီးကာ အရပ်သား ၂ ဦး၊ မရင်းတပ်သား ၂ ဦး သေဆုံးခဲ့ရသော နိုဝင်ဘာ ၂၃ရက် အမြောက် ပစ်ခတ်မှု ဖြစ်ပွားပြီး နောက်ပိုင်း အငြင်းပွား နယ်နိမိတ် တလျှောက် တင်းမာမှုများ ကြီးထွား လာခဲ့သည်။ ယင်းကဲ့သို့ တောင်ကိုရီးယား အရပ်ဖက် ပစ်မှတ်များ အပေါ် တိုက်ခိုက်မှုသည် ၁၉၅၀-၅၃ ကိုးရီးယား စစ်ပွဲ နောက်ပိုင်း ယခု ပထမဆုံး အကြိမ် ဖြစ်သည်ဟု ဆိုသည်။
တောင်ကိုရီးယား တင့်ကားစစ်ရေးလေ့ကျင့်နေစဉ်
အခင်းမဖြစ်မီ တစ်ရက်က တောင်ကိုရီးယားတို့ စစ်ရေး လေ့ကျင့်ပစ်ခတ်သော အမြောက် ကျည်ဆံများ မြောက်ကိုရီးယား ရေပြင်သို့ ကျရောက် ခဲ့ခြင်းကြောင့် တုန့်ပြန်ခြင်း ဖြစ်သည်ဟု ပြုံယမ်းက ပြောင်ပြောင် တင်းတင်း တုန့်ပြန် ပြောကြားခဲ့သည်။
ပြီးခဲ့သော ဒီဇင်ဘာ ၂၀ ရက်နေ့က ယွန်ပြောင်ကျွန်းပေါ်တွင် လက်တွေ့ ပစ်ခတ် လေ့ကျင့်ခန်း ပြုလုပ်ခဲ့ပြီး နောက်ပိုင်း ဗုဒ္ဓဟူးနေ့က လေ့ကျင့်မှုကို ပထမဆုံး ပြန်လည် ပြုလုပ်ခြင်း ဖြစ်သည်။ မြောက်ကိုရီးယားတို့က ပြန်လည် ပစ်ခတ်မည်ဟု ခြိမ်းခြောက်မှုများ ရှိသော်လည်း အနှောင့် အယှက် မရှိ အောင်မြင်စွာ လေ့ကျင့် ပြီးစီး ခဲ့သည်ဟု သိရှိရသည်။
မြောက်ကိုရီးယား ကမ်းခြေနှင့် အနီးဆုံး ကျွန်းတစ်ခု ဖြစ်သည့် ဘန်ယောင်ကျွန်း ပေါ်တွင်လည်း အလားတူ လက်တွေ့ ပစ်ခတ်စစ်ရေး လေ့ကျင့်မှုကို ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့သည်ဟု သိရှိရသည်။
AFP သတင်းကို ဘာသာပြန်သည်။

No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။