မြန်မာ့သစ်လုပ်ငန်း ဖွံဖြိုးမှု လျော့နည်းရခြင်းမှာ အမေရိကန်နှင့် ဥရောပသမဂ္ဂမှ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုကြောင့် ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
သစ်ခွဲစက်ရုံအတွင်း သစ်ခွဲနေပုံ
“စီးပွားရေးပိတ်ဆို့မှုတွေကို ကြုံခဲ့တဲ့နှစ်တွေကစပြီး၊ သစ်တင်ပို့မှုတွေ လျော့နည်းလာတာ အခုထိပဲ၊ မြန်မာ့ကျွန်းကို ဈေးကောင်းပေးဝယ်နိုင်တာက ဥရောပနိုင်ငံတွေပဲ ရှိတာလေ။ သူတို့မဝယ်တော့ ကျွန်တော်တို့က အာရှဈေးကွက်ပဲ ထိုးဖောက်နိုင်တာ၊ အာရှဈေးကွက်တောင် မလေးရှား၊ အင်ဒိုနီးရှား၊ အိန္ဒိယလောက်ပဲ ပို့နိုင်တာလေ၊ တရုတ်ကျတော့လည်း တရားဝင်ကိန်းဂဏန်းတွေအရ သူတို့ဝယ်တာ နည်းသေးတယ်လေ။ အဲဒီ နိုင်ငံတွေကလည်း ကုန်ကြမ်းရောင်းမှ ဝယ်တာ၊ ကုန်ချောဆို သူတို့ထုတ်နိုင်တော့ မဝယ်ကြဘူး။ ဒီတော့ ကျွန်တော်တို့မှာ log အလိုက် ပို့နေရတော့ မြန်မာ့သစ် လုပ်ငန်းက သိသိသာသာ ဖွံဖြိုးလာတာ မရှိတော့ဘူး။ ကုန်ကြမ်းရောင်းရတဲ့ အဆင့်နဲ့တင်ရပ်နေရတယ်" ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။
စီးပွားရေး ပိတ်ဆို့ခံထားရခြင်းကြောင့် မြန်မာနိုင်ငံသည် Enduser Market သို့ ဈေးကွက်ထိုးဖောက်နိုင်ခြင်း မရှိဘဲ ကုန်ကြမ်းရောင်းရသူ အဆင့်အနေဖြင့်သာ ရပ်တန့်နေရကြောင်း သစ်တင်ပို့နေသော ကုမ္ပဏီတစ်ခုမှ MD က ဆိုသည်။
“ဥရောပက တကယ့်ကို မြန်မာ့သစ်တွေအတွက် ဈေးကွက်ကြီးဗျ။ ဒီဈေးကွက်ကြီးကို အရင် ၂၀၀၂ လောက်က တစ်နှစ်ကို ကွန်တိန်နာ ၁၅ လုံး လောက် ပိုပေးနေရတာ။ အခုဆို အဲဒီဈေးကွက်မရှိတော့ အာရှဈေးကွက်ကိုပဲ တစ်နှစ် ကွန်တိန်နာ ၃ လုံးလောက်ပဲ ပို့ရတော့တယ်။ သစ်အချောထည် စက်ရုံဆောက်ဖို့ကြတော့လည်း ရင်းနှီးမြုပ်နှံမှုရယ်၊ လက်ရှိ ဈေးကွက်အခြေအနေရယ်က မဖြစ်နိုင်တဲ့ အနေအထားရှိတော့ ဒီအတိုင်းလေးပဲ မှေးလုပ်နေရ တယ်။ EU က Santion ပြန်ဖွင့်ဖို့ကိုတော့ မျှော်တယ်။ ဒါမှသာ သစ်လုပ်ငန်းက ဖွံဖြိုးလာမှာကိုး" ဟုဆိုသည်။
မြန်မာနိုင်ငံမှ သစ်လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးပတ်ဆို့မှုနှင့်ဆိုင်သည့် ကိစ္စရပ်များကို EU မှ ကိုယ်စားလှယ်များနှင့် သုံးခါ ဆွေးနွေးခဲ့ဖူး သော်လည်း အပြောင်းအလဲများ ဖြစ်လာခြင်းမရှိကြောင်း သိရသည်။

No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။