Tuesday, May 24, 2011

မြန်မာ့ရေပိုင်နက်အတွင်း ဝင်ရောက်ငါးခိုးဖမ်းခြင်း များပြားလာ

ပြည်တွင်းလုပ်ငန်းရှင် အမည်ခံကာ မြန်မာ့ရေပိုင်နက်တွင် ခေတ်မီငါးဖမ်းလုပ်ငန်းများ ပြုလုပ်ခြင်းကြောင့် ငါး၊ ပုစွန် ရှားပါးမှုပြဿနာ ပိုမိုဖြစ် ပေါ်လာကြောင်း မြန်မာ့ပင်လယ်ကမ်းဝေး ငါးဖမ်းလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသည်။

 ထိုင်းငါးဖမ်းသဘောင်္ တစ်စီးကိုတွေ့ရစဉ်

မြန်မာ့ပင်လယ်၏ ကမ်းဝေးရေပိုင်နက်တွင် အင်ဒိုနီးရှား၊ ထိုင်းနှင့် တရုတ်နိုင်ငံများ၏ ငါးဖမ်းနည်းစနစ်များ ပိုမိုတွင်ကျယ်စွာ အသုံးပြုလာပြီး တရွတ်ဆွဲ ငါးဖမ်းသင်္ဘော(ဂျမ်းသင်္ဘော) အစင်းရေ ၈၅ဝ ခန့်ရှိကြောင်း၊ အဆိုပါ တရွတ်ဆွဲသင်္ဘောများသည် နယ်မြေဒေသအလိုက် ကမ်းစပ်မှ ရေမိုင် အကွာအဝေး သတ်မှတ်ထားသော်လည်း ကမ်းနီးသို့ ဝင်ရောက်ဖမ်းဆီးမှုများ ရှိနေကြောင်း သိရသည်။


၂ဝ၁ဝ-၂ဝ၁၁ ခုနှစ် ငါးဖမ်း ရာသီတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ရေပြင်အနေအထား ပြောင်းလဲသွားပြီး ငါး၊ ပုစွန် သယံဇာတလျော့နည်း လာကာ ပင်လယ်ရှိ ငါးများသာမက မြစ်ချောင်းအင်းအိုင်များတွင်ပါ ငါးပုစွန်ရှားပါးမှုများ ကြုံတွေ့နေရကြောင်း၊ ခေတ်မီငါးဖမ်းသင်္ဘောများနှင့် ငါးဖမ်း ပစ္စည်းမျိုးစုံကြောင့် ဒီရေတောများ၊ သန္တာကျောက်တန်းများ ယိုယွင်းပျက်စီးလာပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေကြောင်း သိရသည်။

ငါးဖမ်းပိုက်အရွယ်အစား သတ်မှတ်ခြင်းနှင့် ငါးပုစွန်ဖမ်းဆီး ကာလပိတ်ပင်ခြင်းများတွင် ငါးသယံဇာတထိန်းသိမ်းရန် အားသာချက်များ ရှိသကဲ့သို့ 
နိုင်ငံခြားဝင်ငွေ လျော့နည်းကျဆင်းနိုင်ခြင်း...
ငါးဖမ်းလုပ်ငန်းနှင့် ဆက်နွှယ်သော ကုန်ထုတ် လုပ်ငန်း၊ ပြည်ပပို့ကုန်လုပ်ငန်း၊ အအေးခန်း စက်ရုံများ၊ ရေခဲစက်များ၊ ငါးပိငါးခြောက်လုပ်ငန်းများ ရပ်နားသွားနိုင်ခြင်း...
ငါး၊ ပုစွန် ကုန်ဈေးနှုန်းများ မြင့်တက်လာနိုင်ခြင်း...
ငါးပုစွန်ဖမ်းဆီးခြင်းများ ဖြစ်ပေါ်လာ နိုင်ခြင်း...
ငါးဖမ်းလုပ်ငန်းကို အဓိကထား၍ မှီခိုအားထားနေသည့် လူတန်းစားတစ်ရပ်၏ စားဝတ်နေရေး မပြေလည်မှုများ ဖြစ်ပေါ်လာနိုင်ခြင်း...
စသည့် အားနည်းချက်များ ရှိသောကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

(U.V.I)

No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။