Sunday, May 29, 2011

ဘတ်ဂျက်လျှော့၍ ၀န်ကြီးဌာန အချို့ စီမံကိန်းများ ရပ်နားထားရ

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအား ယမန်နှစ်ကထက် အသုံးစရိတ် လျော့ချလိုက်သဖြင့် လုပ်ဆောင်နေသော စီမံကိန်း အချို့ ရပ်ဆိုင်းလိုက်ရကြောင်း ယင်းဝန်ကြီးဌာနမှ အကြီးတန်းဝန်ထမ်းတစ်ဦးက ဆိုသည်။

ဒီနှစ် ဘတ်ဂျက်က ယခင်နှစ်ကထက် တော်တော်လျော့သွားတယ်။ ဒီတော့ တစ်ချို့ ကလေးငယ်စောင့်ရှောက်ရေးဌာနတွေ၊ မသန်မစွမ်း စောင့် ရှောက်ရေးဌာနတွေ၊ လူငယ်လေ့ကျင့်ရေးကျောင်းတွေကို နှစ်နေရာကိုပေါင်းပြီး၊ တစ်နေရာတည်းဖြစ်အောင် လုပ်လိုက်ရတာတွေ ရှိတယ်။ မီးသတ်ဦးစီး ဌာနဆိုရင်လည်း တစ်ချို့စီမံကိန်းတွေ ရပ်ထားလိုက်ရတယ်၊ ဒီနှစ်ချပေးတဲ့ ဘတ်ဂျက်နဲ့တော့ စီမံကိန်းတွေ လုပ်ဆောင်နိုင်ဖို့ရာ မလွယ်ဘူး။ ဝန်ကြီးဌာနကို ပုံမှန်လုပ်ဆောင်ဖို့ပဲ အဆင်ပြေနိုင်တယ်ဟုဆိုသည်။

   
ရပ်နားထားသော် မီးသတ်ဌာနပိုင်အဆောက်အဦးတစ်ခု

မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကလည်း ဒီနှစ်ဘတ်ဂျက်လျော့ချပေးတော့ တကယ်ထိခိုက်တာက မီးသတ်ဦးစီးဌာနပါ။ မီးသတ်တပ်ဖွဲ့က လုပ်ဆောင်မယ့် မီးသတ်ကားတွေမှာ GPSGIS တပ်မယ့်ကိစ္စရယ်၊ ရန်ကုန်တိုင်းဒေသကြီးမှာ မီးလောင်မလောင် သေချာကြည့်ဖို့ CCTV မှန်ပြောင်း တပ်မယ်ဆိုတာလည်း နောက်နှစ်မှ အဆင်ပြေတော့မယ်။ နယ်အသီးသီးမှာ ဖွဲ့ထားတဲ့ အရေးပေါ် သဘာဝဘေးအန္တာရာယ် ကာကွယ်ရေးအဖွဲ့တွေကို လည်း မီးသတ်ပစ္စည်းပဲ ထုတ်ပေးထားနိုင်သေးတယ်။ ဘတ်ဂျက်မရှိတော့ ဘာမှသေသေချာချာ မလုပ်နိုင်ဘူးဟု ဆိုသည်။


မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ပြည်သူများဗဟုသုတရရှိစေရန် ပြတိုက်နှင့် ခေတ်မီ မီးသတ်နည်းပညာများ တွင်တွင်ကျယ်ကျယ် အသုံးပြု နိုင်စေရန် သုတေသနဌာန ဖွင့်လှစ်ရေး စီမံကိန်းသည်လည်း ယခုနှစ်ခွင့်ပြုလိုက်သော ဘတ်ဂျက်အရ ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအား ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၁၆၇၇၃ သုံးစွဲခွင့် ပြုထားပြီး ယခု ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင်မှု 
ကျပ်သန်းပေါင်း ၁၄၃၉၇ ကိုသာခွင့်ပြုခဲ့ကြောင်း၊ ယင်း အသုံးစရိတ်သည် တစ်နိုင်ငံလုံးအတွက် ခွင့်ပြုထားသော အသုံး စရိတ်၏ ၀.၂၃ ရာခိုင်နှုန်းဖြစ်ကြောင်း မြန်မာနိုင်ငံတော်ပြန်တမ်းမှ သိရှိရသည်။

ယခုလို လျှော့ချလိုက်သော် ၀န်ကြီးဌာနအများစုမှာ ပြည်သူများနှင့်ပတ်သတ်နေသော် ၀န်ကြီးဌာနများဖြစ်ကြောင်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ကျန်းမာရေး ၀န်ကြီးဌာန၊ မီးသတ်ဝန်ကြီးဌာနများသည် ဒီနှစ်ဘတ်ဂျတ်တွင် တနိုင်ငံလုံးအနေအထားနှင့် အနည်းဆုံးရာခိုင်နှူန်းကို သုံးထားကြောင်း ကျွမ်းကျင်သူများ က သုံးသပ်ပြောကြားသည်။

 (U.V.I)

No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။