နိုင်ငံရှိတောင်သူအများစုမှာ....
လယ်ပိုင်ရှင်ဘဝမှ စာရင်းဌားဘဝသို့ရောက်ရှိသွားခြင်း၊
စိုက်စရိတ်နှင့် ပြန်ရငွေမှာ မကာမိခြင်း၊
လယ်လုပ်သား ရှားပါး ခြင်းနှင့် ဈေးမြင့်ခြင်း၊
ရာသီဥတု ဆိုးရွားဖောက်ပြန်ခြင်းစသည့် ပြဿနာ အခက်အခဲများကြောင့် တော်ရုံလူ လယ်မလုပ်နိုင်တော့သည့် အခြေအနေမျိုးနှင့် ကျပ်တည်းစွာ ရပ်တည်နေရကြောင်း သိရသည်။
လယ်စိုက်သမများ ပညာပေးဟောပြောနေစဉ်မိမိတို့ဆီ၌ လယ်လေးငါးဧက ပိုင်ဆိုင်သည့် လယ်ပိုင်ရှင်များမှာ တဖြည်းဖြည်း လယ်ယာလက်မဲ့ ဖြစ်လာကြောင်း၊ စိုက်ပျိုးရန် နည်းစနစ်များ ပေးသော်လည်း ငွေမရှိသည့်အတွက် လုပ်ကိုင်နိုင်ခြင်း မရှိတော့ကြောင်း၊ ကြွေးများမဆပ်နိုင်တော့သည့်အတွက် လယ်တစ်ဧကလျှင် နှစ်သိန်း၊ ငါးသိန်း လောက်နှင့် ထိုးအပ်လျှက်ရှိကြောင်း၊ စက်ပိုင်များမှာလည်း လယ်မလုပ်တတ်သည့်အတွက် တောင်သူများဆီမှ သီးစားအနေဖြင့်သာ ပြန်လုပ်စားနေရ ကြောင်း၊ လယ်ပိုင်ရှင်ဘဝမှ လယ်ယာပြန်လည်ဌားယူရသည့် တောင်သူများမှာ တစ်ဝက်ခန့် ရှိလာပြီဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးဝေါမြို့နယ်မှ တောင်သူတစ်ဦးက ပြောကြားခဲ့သည်။
တောင်သူများမှာ ချေးငွေရရှိရန်သာ မျှော်လင့်၍ လယ်စိုက်ပျိုးရသည်ဖြစ်သည့်အတွက် လယ်စိုက်ပျိုးရန် ချေးငွေပမာဏ ပြန်လည်ပေးဆပ်ရမည့် အတိုးနှုန်းနှင့် တွက်ဆ၍ တစ်နှစ်လျှင် အမြတ်ကျန်သည်မရှိပဲ အရှုံးများပင်ပေါ်နေကြောင်း သိရသည်။
လယ်တစ်ဧကလျှင် စိုက်ပျိုးရန် ကုန်ကျစရိတ်မှာ ပျှမ်းမျှ ကျပ် ၁၄၀,၀၀၀ ဝန်းကျင်ခန့် ရှိကြောင်း၊ စပါးမှာ တစ်ဧကလျှင် တင်း ၆၀ ခန့် ထွက်ရှိ ကြောင်း၊ စပါးတစ်တင်းလျှင် ကျပ် ၂၄၀၀ ဖြစ်သည့်အတွက်
တင်း ၆၀ ဆိုပါက ၁၄၄,၀၀၀ သာရရှိသည့်အတွက် အမြတ်မရှိဘဲ အရှုံးပြနေသေးကြောင်း တိုက်ကြီးမြို့နယ်အတွင်းမှ တောင်သူတစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် ကောက်ရိတ်သည့်အချိန်မျိုး၌လည်း ကောက်စိုက်ခအား တစ်ယောက်လျှင် ကျပ် ၁၃၀၀ ပေးရပြီး ၁၂ ယောက် ခေါ်ယူဌားရမ်း၍ ရိတ်ရသည့်အတွက် ကျပ် ၁၆,၀၀၀ ဝန်းကျင်ခန့် ပေးရပြီး စပါးရိတ်ခမှာ တစ်ဧကလျှင် ကျပ် ၁၈,၀၀၀ သာ ရရှိကြောင်း သိရသည်။
တောင်သူများ စပါးရှုံး၊ ပဲရှုံးသည့် ဒဏ်များကို ခံနိုင်ရန် အရန်စီမံကိန်းများ ထားရှိရန်လိုအပ်ကြောင်း၊ ဒေသနှင့် သင့်တော်သည့် စီးပွားရေး လုပ်ငန်းများနှင့် မိတ်ဆက်ပေးသင့်ကြောင်း၊ အညာမှ တောင်သူများအား နည်းပညာပေး၍ တမာစိုက်ခိုင်းပါက ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ မျိုးစေ့ဘဏ် ချထားပေးခြင်းမျိုး ပြုလုပ်ပါက ငွေလိုအပ်သည့် အချိန်မျိုးတွင် မျိုးရောင်းခြင်းမျိုး ပြုလုပ်နိုင်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး ပညာရှင်တစ်ဦးကလည်း ပြောကြားခဲ့ သည်။
မိမိတို့လယ်သမားအများစုမှာ အားကုန်ခမ်းနေပြီဖြစ်ကြောင်း၊ ရသည့် စပါးဈေးနှင့် အတိုးနှုန်းမှာ တောင်သူများ မမျှတသည့်အတွက် ဝမ်းဝရုံမျှ လုပ်ကိုင်နေရကြောင်း၊ မိုးစပါး စိုက်ပျိုးရန် တောင်သူအများစုမှာ အဆင်သင့်ပင် မဖြစ်သေးကြောင်း၊ အိမ်မြေ ၂၀၀ ကျော်၌ လေး၊ ငါး၊ ဆယ်အိမ်သာ လယ်ကောင်းကောင်း လုပ်နိုင်တော့ကြောင်း ဝေါမြို့နယ်မှ တောင်သူတစ်ဦးက ပြောကြားခဲ့သည်။
Moe Z
(U.V.I)
No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။