မြန်မာနိုင်ငံ၏ သမ္မတ ဦးသိန်းစိန်သည် နိုင်ငံ၏ အနာဂတ်သစ်တိုးတက်ရေးကို နှောင့်နှေးစေသည့် အာဏာလွန်ဆွဲမှုတွင် ပါဝင် ပတ်သက်နေရသည်။ ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးသည် သမ္မတအာဏာ မတည်အောင် ရည်ရွယ်ချက်ဖြင့် ပြုလုပ်လျှက်ရှိပြီး တပ်မတော်ခေါင်းဆောင်သစ် အပေါ်တွင် ၎င်း၏ သြဇာလွှမ်းမိုးမှုရှိအောင် လုပ်ဆောင်နေသည်။ ရလဒ်အားဖြင့် သမ္မတကြီး စီစဉ်ထားသော စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးမှာ ဆိုင်းငံ့လျှက်ရှိသည်။
ဒုတိယသမ္မတသည် သဘောထားတင်းမာသည့် အစိုးရဟောင်းကို ကိုယ်စားပြုပြီး အရာရာကို ယခင်အတိုင်း မပြောင်းမလဲ ရှိနေစေရန်သာ လုပ်ဆောင်လိုသည့် ဆန္ဒရှိသည်။ ၎င်း၏ လမ်းညွှန်ဆရာ ယခင်စစ်အစိုးရခေါင်းဆောင် သန်းရွှေသည် အစိုးရအား နေ့စဉ်အုပ်ချုပ်ရေး တာဝန်မှ အနားယူခဲ့ပြီး အဆိုပါအာဏာအတွက် ကွက်လပ်ထားပစ်ခဲ့သည်။ ဒုတိယသမ္မတသည် အဆိုပါ အာဏာအား အရယူရန် စိုင်းပြင်းနေပြီး ပြုပြင်ပြောင်းလဲရေး စိတ်ဓါတ်ရှိသူ သမ္မတအား နစ်နာအောင်လုပ်ရန် ကြိုးပမ်းလျှက်ရှိသည်။
ပိုမိုရှုပ်ထွေးစေသောကိစ္စမှာ ကန့်လန့်ကာ နောက်ကွယ်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(U.S.D.P) ခေါင်းဆောင်များသည် နောက်နှစ်လခန့်အကြာတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ၎င်းတို့သြဇာလွှမ်းမိုးနိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။ စစ်အစိုးရခေါင်းဆောင် သန်းရွှေသည် နိုင်ငံရေး မြင်ကွင်းမှ နောက်ဆုတ်သွားခဲ့ပြီဖြစ်သော်လည်း ၎င်းချန်ထားရစ်ခဲ့သည် အခြေအနေသည် အစိုးရသစ်၏ လုပ်ဆောင်ချက်များတွင် အဖျက်အဆီး၊ အတားအဆီးဖြစ်လျှက် ရှိသည်။ သုံးသပ်သူအများစုကမူ သန်းရွှေသည် ထိုကဲ့သို့ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သည်ဟု ယုံကြည်နေကြသည်။သန်းရွှေသည် အနာဂတ်တွင် နိုင်ငံအား ချုပ်ကိုင်ပြီး ၎င်းမိသားစု၏ အာဏာနှင့် စည်းစိမ်ချမ်းသာကို အန္တရာယ်ပြုနိုင်မည့်၊ အားကောင်းမည့် စစ်တပ်ခေါင်းဆောင် တစ်ဦး ပေါ်ထွက်မလာစေရန် ကြိုးပမ်းရာတွင် ရည်ရွယ်ချက်ဖြင့် ထိုအာဏာအတွက် ကွက်လပ်တစ်ခု ချန်ထားရစ်ခဲ့ခြင်း ဖြစ်သည်။ ထိုအာဏာ ကွက်လပ်ဖြစ်နေခြင်းကြောင့် အစိုးရသစ်၏ ပြုပြင်ပြောင်းလဲရေး အစီအမံများမှာ မလုပ်ဆောင်နိုင်ဘဲ ဖြစ်နေရခြင်းဖြစ်သည်။
ဦးသိန်းစိန်သည် ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်ရန် ကတိကဝတ်များပြုထားပြီးဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သော အသိုင်းအဝိုင်းမှ သိရှိရသည်။ ယခု ကြားဖြတ်ရွေးကောက်ပွဲနှင့် နောက်ငါးနှစ်ရွေးကောက်ပွဲတွင် U.S.D.P ကအနိုင်ရရှိရေးအတွက် ပြုပြင်ပြောင်းလဲရေး လိုအပ်သည်ကို ၎င်းက သိရှိ ထားသည်။
သို့သော် ယခုအာဏာကို ခွဲဝေဖြန့်ထားသည့် တည်ဆောက်ပုံတွင် အစိုးရအဖွဲ့၊ ဥပဒေပြုလွှတ်တော်နှင့် စစ်တပ်တို့ ပါဝင်နေရာ လုပ်ဆောင်ချက်များ ပျက်စီးရာပျက်စီးကြောင်း လုပ်နိုင်သည့် အရာတစ်ခု ထင်ထင်ရှားရှားရှိနေသည်။ ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦး (မြန်မာနိုင်ငံတွင် ၎င်းကို အမည်ပြောင်ဖြင့် ရှစ်လုံးဟု ခေါ်ကြသည်) သည် မြန်မာ့နိုင်ငံရေးမြင်ကွင်းတွင် ရေဘဝဲအသစ်တစ်ကောင်ဖြစ်လာပြီး တိုင်းပြည်၏ စီးပွားရေးအရ၊ နိုင်ငံရေး အရ ပြုပြင်ပြောင်းလဲမှုများကို လည်ပင်းညှစ် သတ်မည် ပြုသကဲ့သို့ အနှောင့်အယှက် ပြုမည့်သူဖြစ်သည်။
၎င်းသည် သမ္မတအာဏာကို အခွင့်မရှိဘဲ အခွင့်အရေးရလျှင် ရသလို ဝင်ရောက်စွက်ဖက်လျှက်ရှိသည်။ ၎င်းတရားဝင် လွှမ်းမိုးနိုင်သော နေရာ လည်း အနည်းငယ်သာကျန်ရှိပြီး၊ ၎င်းဦးဆောင်သည့် ကုန်သွယ်ရေးကောင်စီမှာလည်း ဖျက်သိမ်းခံခဲ့ရပြီး ဖြစ်သည်။ ၎င်းသည် အနှောင့်အယှက်ပေးသူ သက်သက်သာ ဖြစ်သည်ဟု အကြီးတန်း အစိုးရတာဝန်ရှိသူတစ်ဦးက ပြောသည်။ အကယ်၍ ၎င်းသာ တိုင်းပြည်ခေါင်းဆောင်ဖြစ်ခဲ့လျှင် ပြဿနာဖြစ်ပါ ပြီဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
တစ်ပတ်လျှင် တစ်ကြိမ်ပြုလုပ်သော ကက်ဘိနက် အစည်းအဝေးအပြီးတွင် ဝန်ကြီးများသည် ဦးသိန်းစိန်မပါဘဲ ၎င်း၏ ရုံးခန်းတွင် စု၍ လက်ဘက်ရည်သောက်ရင်း အဆူအပူ အဟိန်းအဟောက်ခံရတတ်သည်။။ အထူးသဖြင့် ယခင်က ၎င်းကုန်သွယ်ရေး ကောင်စီ ဥက္ကဋ္ဌ အဖြစ် ထုတ်ကုန် သွင်းကုန်လိုင်စင်များ၊ ကုမ္ပဏီမှတ်ပုံတင်ခြင်းများကဲ့သို့သော စီးပွားရေးကိစ္စများတွင် သြဇာ လွှမ်းမိုးမှုရှိနိုင်ရန် ကြိုးပမ်းလျှက် ရှိသည်။
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးသည် တစ်ရက်လျှင် နှစ်ကြိမ် ၎င်းထံအစီရင်ခံရသည်ဟု နေပြည်တော်မှလာသော သတင်းများအရ သိရသည်။ သမ္မတနှင့် ဒုတိယ သမ္မတအကြား တိုက်ပွဲမှာ အသေအချာပင်ရှိနေသည်။ ထိုတိုက်ပွဲသည် လွန်ခဲ့သောသုံးလကျော်က ဦးသိန်းစိန် ပါလီမန်သို့ ပြောကြား ခဲ့သော အစိုးရ၏အစီအစဉ်များနှင့် အမြင်များကို အကောင်အထည် ဖော်နိုင်ခြင်းရှိမရှိ အဆုံးအဖြတ် ပေးမည်ဖြစ်သည်။
အဆိုပါအာဏာလွန်ဆွဲပွဲ နောက်ကွယ်တွင် ပြောင်းလဲမှုအချို့ကို လိုလားသော ပြုပြင်ပြောင်းလဲရေးဝါဒီများနှင့် ပြောင်းလဲမှုမှန်သမျှကို ဆန့်ကျင်သော သဘောထားတင်းမာသူများ အကြား အခြားတိုက်ပွဲများစွာလည်း ရှိနေသေးသည်။အရေးအကြီးဆုံး ရုန်းကန်ရမည့် အချက်တစ်ခုမှာ လာမည့်နှစ်များအတွင်း စစ်တပ်၏ အခန်းကဏ္ဍကို ကျော်လွန်အောင် လုပ်ဆောင်နိုင်ရေးပင် ဖြစ်သည်။
စစ်တပ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်လက်ထက်တွင်စစ်တပ်သည် နိုင်ငံရေးတွင်ပါဝင်ပတ်သက်မှုမရှိတော့သည်မှာ ရှင်းရှင်းလင်းလင်း ဖြစ်နေပုံရသည်။ သူတို့၏ စစ်တန်းလျားကို ပြန်သွားပြီဖြစ်သည်။ စိတ်ဝင်စား ဖွယ်ကောင်းသည်မှာ ယခုနှစ်အစောပိုင်းက ပြုလုပ်သော လွှတ်တော် အစည်းအဝေးများတွင် စစ်တပ်မှ လွှတ်တော်အမတ်များ လုံးဝ ငြိမ်သက်နေခြင်းပင်ဖြစ်သည်။
ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က လွှတ်တော်အစည်းအဝေးမစတင်မီ စစ်တပ်မှ လွှတ်တော်ကိုယ်စားလှယ်များအား သိက္ခာကျနေသာ စစ်တပ်ကို ၎င်းတို့၏နိုင်ငံရေးလုပ်ဆောင်ချက်များဖြင့် ပြန်လည်တည်ဆောင်ရေးမှာ ၎င်းတို့၏ တာဝန်ဖြစ်ကြောင်း မှာကြားခဲ့သည်။ ရင့်ကျက်သော နိုင်ငံရေး သမား များ ဖြစ်လာရေးမှာ ၎င်းတို့၏တာဝန်ဖြစ်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် အနာဂတ် မြန်မာနိုင်ငံကို ကိုယ်စားပြုသူများ ဖြစ်သောကြောင့် ဖြစ်သည်ဟု မင်းအောင်လှိုင်က မှားကြားခဲ့သည်။ လက်ရှိပြဿနာများအတွက် အစိုးရဟောင်းကို မင်းအောင်လှိုင်က အပြစ်တင်ခဲ့သည်ဟု စစ်တပ်မှ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောသည်။
လွန်ခဲ့သော လများအတွင်းက မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနမှ အကြီးတန်း တာဝန်ရှိသူများနှင့် အခြားအစိုးရ တာဝန်ရှိသူများက အစိုးရသစ် အမှန်တကယ် တာဝန်ယူနေကြောင်း၊ အာဏာရှင်အစိုးရဟောင်းမှာ ကျန်ခဲ့ပြီဖြစ်ကြောင်း ဝန်ခံ ပြောကြားခဲ့သည်။
ထိုကဲ့သို့သော အပြောမျိုးကို ရေဘဝဲကြီး တင်အောင်မြင့်ဦးမှ ကျေနပ်နေလိမ့်မည်မဟုတ်ချေ။ ၎င်းက သူ၏ သြဇာလွှမ်းမိုးမှုဖြင့် အစိုးရအဖွဲ့နှင့် လွှတ်တော်အပေါ် စစ်တပ်က ဖိအားပေးမှုကို လိုလားသူဖြစ်သည်။ လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်ခန့်က ဒုတိယသမ္မတသည် ကာကွယ်ရေး ဦးစီးချုပ်ကို ၎င်းအား လာရောက်တွေ့ဆုံရန် မိန့်ကြားခဲ့သည်။ တွေ့ဆုံစဉ် ၎င်းက စစ်ဦးစီးချုပ်အား အာဏာ တည်ဆောက်ပုံကို ပြောပြခဲ့ပြီး ၎င်းကသာ boss ဖြစ်ကြောင်း၊ စစ်တပ်တွင် ၎င်းက ဦးသိန်းစိန်ထက် ရာထူးကြီးခဲ့ကြောင်း ပြောခဲ့သည်။ ငြိမ်နေသော မင်းအောင်လှိုင်မှာ ဒုတိယသမ္မတ၏ စော်ကား မှုကို ခံခဲ့ရသည်။ ရှစ်လုံးမှ ၎င်းအား ဆေးလိပ်ပြာခွက်ဖြင့် ပစ်ပေါက်ခဲ့ရာ လွဲသွားသဖြင့် အနားသို့လာခိုင်းပြီး ဒုတိယအကြိမ် ပစ်ပေါက်ခဲ့ရာ နဖူးသို့ ထိခဲ့ သည်ဟု ဆိုသည်။
သို့သော် လက်ရှိအချိန်တွင် စစ်ဦးစီးချုပ်သည် စစ်သားသက်သက်သာဖြစ်ပြီး စစ်တပ်ကို ပြုပြင်ပြောင်းလဲ၍ စစ်သားပိုမို ပီသစေရန် ရည်ရွယ်ချက်ရှိသူဖြစ်သည်။ စစ်တပ်မှ အချို့သတင်းများအရ ၎င်းသည် စစ်တပ်၏ ၈၈ မျိုးဆက်သစ် အစိတ်အပိုင်း တစ်ရပ်ဖြစ်သည်ဟု ဆိုသည်။ ၎င်းသည် ဦးသိန်းစိန်အား ထောက်ခံသူတစ်ဦးဖြစ်ကြောင်း စစ်တပ်အသိုင်းအဝိုင်း၏ အဆိုအရ သိရသည်။
သို့သော် ယခုအခြေအနေအတိုင်း မပြောင်းမလဲ ရှိနေစေလိုသော အင်အားစုများသည် နေရာတကာတွင် ပေါ်ထွက်နေပေသည်။ ပြီးခဲ့သည့် နှစ်က သန်းရွှေက စစ်တပ်မှ၊ ဝန်ကြီးရာထူးမှ နှုတ်ထွက်ခိုင်းပြီး ရွေးကောက်ပွဲဝင်စေခဲ့သော USDP မှ လူကြီးများသည် လက်ရှိအစိုးရနှင့် လွှတ်တော် တွင် နေရာမရခြင်းကြောင့် မကျေမနပ်ဖြစ်လျက်ရှိသည်။ ၎င်းတို့သည် လက်ရှိ ကစားပွဲအတွင်းသို့ ပြန်ဝင်နိုင်အောင် ကြိုးပမ်းလျက်ရှိသည်။
အမှန်တကယ်တွင်မူ သန်းရွှေသည် ၎င်းတို့ကို ရည်ရွယ်ချက်ဖြင့် အနာဂတ်စီမံကိန်းမှ ချန်လှပ်ထားခဲ့ခြင်းဖြစ်သည်။ သန်းရွှေသည် စစ်တပ်နှင့် အစိုးရတွင် ပိုမိုငယ်ရွယ်သော မျိုးဆက်သစ်များအား အလိုရှိခဲ့ခြင်းဖြစ်သည်။ ယခုအခါ အဆိုပါ စစ်တပ်သစ္စာခံ လူကြီးဟောင်းများသည် ပါတီတွင်း သြဇာနှင့် နေရာရရှိရေး ကြိုးစားလျှက်ရှိပြီး ၎င်းတို့၏ အာဏာကို ထူထောင်လျှက်ရှိသည်။ ၎င်းတို့သည် ယခင်က အဘိုးကြီးသန်းရွှေ၏ မျက်စိနှင့်နားများ ဖြစ်ခဲ့ရာ ယခုအခါ သန်းရွှေအား နိုင်ငံရေးလောကသို့ ပြန်လည်ဝင်ရောက်ရန် နားချလျှက် ရှိသည်။ လက်ရှိအာဏာ အဆောက်အဦးကို ကျော်လွန်၍ ချုပ်ကိုင် နိုင်မည့် နိုင်ငံ့ဥသျှောင်အဖွဲ့ကဲ့သို့သော အဖွဲ့မျိုးထူထောင်ရန် အားပေးလျှက် ရှိသည်။
အဆိုပါ သဘောထားတင်းမာသော အဘိုးကြီးများသည် သန်းရွှေအား ပုံမှန်တွေ့ဆုံသော လူများတွင် အပါအဝင်ဖြစ်သည်။ သမ္မတ ဦးသိန်းစိန် သည် သမ္မတဖြစ်ပြီးတည်းက သင်္ကြန်တွင်း တစ်ကြိမ်သာ သန်းရွှေနှင့် တွေ့ဆုံခဲ့ရသည်။
ဦးအောင်သောင်းနှင့် ဦးဌေးဦးတို့သည် ၎င်းတို့ပါတီ၏ ရာထူးများကို အကြောင်းပြု၍ နေရာတစ်နေရာ ရရှိရန် စိတ်အား ထက်သန်နေပြီး သန်းရွှေအား ထိုရည်ရွယ်ချက်ဖြင့် တွေ့ဆုံနေသည်။ ၎င်းတို့က သန်းရွှေအား တိန့်ရှောင်ဖိန်ကဲ့သို့၊ လီကွမ်ယု ကဲ့သို့ နေရာတစ်ခု စဉ်းစားရန် တိုက်တွန်း လျက် ရှိသည်။ အဘိုးကြီး ထိုအဆိုပြုမှုများကို ပယ်ချခဲ့ပြီး အမှန်တကယ် အနားယူမည့် ပုံစံရှိသည်။
ယခုအချိန်တွင် အဆိုပါ နိုင်ငံရေးအရ လျှို့ဝှက်စီမံနေမှုများသည် မြန်မာနိုင်ငံ ရှေ့ဆက်သွားရမည့် လမ်းကြောင်းတွင် ပြဿနာများပင် ဖြစ်သည်။ တစ်မျိုးတစ်ဘာသာ လမ်းညွှန်ဒီမိုကရေစီသို့သာ သွားလိုပုံရပေသည်။
Larry Jagan ၏ ဆောင်းပါးကို ဘာသာပြန်သည်။
(U.V.I)
No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။