Thursday, July 14, 2011

ဘင်္ဂလားဒေ့ရှ်ရေနက်ပိုင်းတွင် Conco Phillips ကုမ္မဏီ ဓာတ်ငွေ့ရှာတော့မည်...

ရေနံ၊ ဓာတ်ငွေ့ကုမ္ပဏီကြီး Conco Phillips သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် Petrobangla နှင့်ပူးတွဲထုတ်လုပ်ရေး ကန်ထရိုက် (PSC) လက်မှတ်ရေးထိုးခဲ့ပြီးနောက် ဘင်္ဂလားပင်လယ်အော်ရေနက်ပိုင်းတွင် ရှာဖွေရေးလုပ်ငန်းများ စတင်တော့မည်ဟု သိရှိရသည်။


အဆိုပါကန်ထရိုက်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဆုံးရေနက်ပိုင်းသယံဇာတရှာဖွေမှု လုပ်ငန်းတစ်ခုဖြစ်သည့် အပြင် ၂၀၀၁ ခုနှစ်နောက်ပိုင်း နိုင်ငံတကာရေနံကုမ္ပဏီတစ်ခုနှင့် 
ပထမဆုံး  PSC လက်မှတ်ရေးထိုးခြင်းဖြစ်သည်။

အမေရိကန်ကုမ္ပဏီက DS-08-10 နှင့် DS-08-11 ဓာတ်ငွေ့လုပ်ကွက်များတွင် ၁၀၀% လုပ်ကိုင်ခွင့်ကို ရယူမည် ဖြစ်သည်။ စစ်တကောင်းနှင့် ၂၈၀ ကီလိုမီတာအကွာရှိ ခွင့်ပြုနေရာသည်  
၅၁၅၈ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး ရေအနက် ၁၀၀၀ မီတာမှ ၁၅၀၀ မီတာအထိရှိသည်ဟု ဆိုသည်။


ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လုပ်ငန်းစတင်မှုပြုလုပ်လျက်ရှိသည့် Conco Phillips ကုမ္ပဏီသည် အကယ်၍သာ အိမ်နီးချင်းမြန်မာ၊ အိန္ဒိယတို့နှင့် အငြင်းပွားနေသည့် ရေပြင်ပြဿနာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက အသာစီးဖြင့် ဖြေရှင်းနိုင်ခဲ့ပါက နောက်ထပ် ၁၆၀၅ စတုရန်းကီလိုမီတာ ထပ်မံ ရရှိဦးမည် ဖြစ်သည်။

Conco Phillips သည် ပြည်တွင်းဈေးကွက်အတွက် ဓာတ်ငွေ့ထုတ်လုပ်နိုင်သော်လည်း ပြည်ပသို့တင်ပို့ရန်ကိုမူ Petrobangla နှင့် တိုင်ပင် ညှိနှိုင်းပြီးမှသာလျှင် သဘာဝဓာတ်ငွေ့ရည်အဖြစ် တင်ပို့ခွင့်ရရှိနိုင်မည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ်အတိုက်အခံအုပ်စုများက နိုင်ငံပိုင်ရှာဖွေရေး လုပ်ငန်း Bapex ကို လုပ်ပိုင်ခွင့် ရစေလိုသော်ငြားလည်း နိုင်ငံပိုင်ကုမ္ပဏီသည် ရေနက်ပိုင်းလုပ်ငန်းများ ကျွမ်းကျင်မှုမရှိဟု သိရသည်။ လက်ရှိထုတ်လုပ်နေသော ဓာတ်ငွေ့သိုက်များမှာ ၂၀၁၅ ခုနှစ်တွင် ကုန်ဆုံးသွားလိမ့်မည်ဟု မျှော်လင့် ရပြီး ဘင်္ဂလားဒေ့ရှ်၏ ဓာတ်ငွေ့ လိုအပ်ချက်မှာ တစ်ရက်လျှင် ကုဗပေ သန်း ၅၀၀ ကျော်အထိ မြင့်တက်လျက်ရှိသည်။

Petroleum Economist မှ သတင်းကို ဘာသာပြန်သည်။

 (U.V.I)

No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။