အထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများ၏ လုပ်စားပုံများနှင့် ကျောင်းသားမိဘများအပေါ် ပိုက်ဆံနင်းကန်တောင်းခြင်းများသည် သတင်းဌာနများတွင် ပလူပျံအောင်ဖြစ်ခဲ့ပြီး အထက်တန်းကျောင်းများ အတွင်း လာဘ်အစားဆုံး ကျောင်းများ၏ စာရင်းများပင်ထွက်ပေါ်လာခဲ့လေသည်။ အစိုးရ၏ အရေးယူမူများကြောင့် တစ်ချို့ကျောင်းများ ငြိမ်သွားခဲ့ပြီး တစ်ချို့အထက်တန်းကျောင်းများကတော့ အသံများထွက်ပေါ်ဆဲပင်ဖြစ်သည်။ အခု လာဘ်စားမူများကတော့ ကျောင်းအုပ်ကြီး၏ အထက်အဆင့် ပညာရေး အရာရှိ နှင့် ၀န်ထမ်းများ လာဘ်စားပုံတို့ဖြစ်သည်… လူနည်းစုပဲ ထိခိုက်တာဆိုပေမယ့် ဒီလို ထိခိုက်မူမျိုးသည် တိုင်းပြည်၏ အနာဂတ်ပညာတတ် လူငယ်များအတွက် တော်တော်ထိခိုက်စေမည့် လာဘ်စားမူကြီးဖြစ်လေသည်။
၁၀ တန်းအောင်သော် ကျောင်းသားအတွက် ပိုက်ဆံ ၅ သောင်းမှ မရှိလျှင် ၁၀ တန်းအောင်လတ်မှတ်ကို ထုတ်ယူ၍ မဖြစ်နိုင်တော့ချေ… တက္ကသိုလ်တက်မည့် ၁၀ တန်းအောင်သည့် ကျောင်းသားတိုင်း သည် ထိုအောင်လက်မှတ်ကို မဖြစ်မနေ ထုတ်ယူရသည်။ ထို ထုတ်ယူသည့်အခါတွင် လွန်ခဲ့သည့် ၃ နှစ်လောက် အခြေအနေတွင် လူတိုးပြီး စာအုပ်ကြီးအတိုင်းထုတ်လျှင် ရနိုင်သော်လည်း ယခု အချိန်မှာတော့ မရနိုင်တော့ပြီ…
၁၀ တန်းအောင်လက်မှတ်ကို သွားထုတ်သော် ပန်းဘဲတန်းရှိကျောင်းသားမိဘတစ်ဦးက .. "ကျွန်မ သားနဲ့သမီး ၂ ယောက် စလုံး ဒီနှစ် ၁၀ တန်းစာမေးပွဲကို သားကတော့ ဂုဏ်ထူး ၂ ဘာသာနဲ့အောင်တယ်… သမီးကတော့ ၃ခါ ရှိပြီ ဖြေတာ ဒီနှစ် ရိုးရိုး နဲ့အောင်တယ်လေ… အဲဒါ အောင်လက်မှတ်သွားထုတ်တော့ သားဟာက ဗိုလ်လောင်းတက္ကသိုလ်ကို အမြန်လျှောက်ရမှာဆိုတော့ အရင်ဆုံး ၁၀ တန်းအောင်လက်မှတ်သွားထုတ်တာ… ၁ ရက်လည်းမရ ၂ ရက်လည်းမရ … နောက်မှ ရုံးက စာရေးတစ်ယောက်နဲ့ညှိပြီး သူလမ်းကြောင်းလုပ်ပေးလို့ ပိုက်ဆံပေးပြီး ညွန်မှူးရဲ့လက်ထောက်ဆိုလားသူ့ကို စာအိတ်ထဲမှာ ပိုက်ဆံထည့်ပြီး ပေးလိုက်ရတယ်… ခဏနေတော့ ညွန်မှူးရုံးခန်းထဲ ၀င်ပြီး အမ လက်ခံရရှိကြောင်း ဒီမှာ လက်မှတ်ထိုးဆိုပြီးထိုးခိုင်း ထိုင်ခုံမှာထိုင်နေတဲ့ ညွန်မှူးဆိုတဲ့သူက အလပသလပ ပြောပြီး ပြန်လွှတ်လိုက်တယ်လေ …" ဟု ယူနီဗာဆယ်ကို ပြောပြခဲ့သည်။
အဲလိုမျိုးဖြစ်ရပ်များ မြောက်မြားစွာဖြစ်ပေါ်ခဲ့သော်ငြားလည်းပဲ အရေးယူမူများ ကို မတွေ့ရှိရသေးပေ။ ၁၀ တန်းအောင်လတ်မှတ်တစ်ခုတည်း သာ လာဘ်စားမူများ ရှိသည်မဟုတ် တက္ကသိုလ် ၃ နှစ်၊ ၄ နှစ် တက်ပြီးမှရလာသော် ဘွဲလတ်မှတ်များ တွင်လည်း လာဘ်စားမူများကို တွေ့ရလေသည်။
ဘွဲ့နှင်းသဘင်မတတ်ဖြစ်ဘဲ အပြင်မှ ထုတ်သော် ပညာတတ်လူငယ်များ အဖို့ လာဘ်ငွေ ၁ သိန်းဝန်းကျင်ပေးမှသာလျှင် ကိုယ် ၃ နှစ် ၃ မိုး တတ်ခဲ့သော် ပညာရပ်ကို အသိအမှတ်ပြု လတ်မှတ်ရမှာဖြစ်ပါတယ်… အဲဒါကို တောင်ဥက္ကလာပတွင် ကွန်ပြူတာဆိုင်ဖွင့် ထားသော် ကိုမိုး က သူ့ရဲ့ ဘွဲ့ လတ်မှတ်ရခဲ့တဲ့ အတွေ့အကြုံကို အခုလိုပြောပြပါတယ်။
"ဘွဲ့နှင်းသဘင်က ပေးတဲ့ ဘွဲ့လတ်မှတ်က တက္ကသိုလ်က အောင်စာရင်းထွက်ပြီး အနည်းဆုံး ၆လ လောက်ကြာပြီးမှ ပေးတာ… ဒါတောင် ဘာဖြစ်လို့၊ ညာဖြစ်လို့နဲ့ ရွှေရင် ၁ နှစ်လောက် ကြာသွားကော… အဲဒီလောက် ရက်ထိ မစောင့်နိုင်တဲ့ သူတွေ၊ ဘွဲ့နှင်းသဘင်ကျင်းပပြီး မထုတ်ဖြစ်တဲ့ သူတွေ ထိတာပါ…. မထုတ်ဖြစ်တဲ့သူတွေကတော့ ပိုက်ဆံများမပေးရင် သူတို့ဖိုင်ရှာတာနဲ့တင် ၁ ပတ်လောက်ကုန်သွားရော… လိုအပ်တဲ့ ထောက်ခံစာ တွေဘာတွေ တောင်းတာက ၁ ပတ်… ဒါတောင် တော်တော်ကြီးတောင်းပန်ပြီး နေ့တိုင်းသွားမှ ၁လ နီးပါးဆိုထွက်တာ… ထွက်ခါနီးတောင် ကိုယ့်လူက တော်တော်ကို ကြိုးစားနေရင် သူတို့ကို်ယ်တိုင်ညှိပြီး တောင်းတယ်ဗျာ…..
နောက်ဆုံးတော့ ၄ သောင်းလောက်တော့ကုန်သွားတာပဲလေ..
မစောင့်နိုင်တဲ့သူတွေကတော့ ဘာမှ လုပ်မနေနဲ့… ပိုက်ဆံသာပေးလိုက်..ရှောရှောရူရူထွက်လာလိမ့်မယ်…"
ဒါက ကိုမိုးပြောသွားတဲ့ ပညာရေး ၀န်ထမ်းများ ရဲ့ လုပ်စားပုံနည်းလေးပါ….. ဒီသတင်းလေးကို ရေးနေရင်းနဲ့ ဘေးမှာထိုင်နေတဲ့ ကာကွယ်ရေးဝန်ကြီးဌာနမှာ စာရင်းစစ်အနေနဲ့ အနှစ် ၃၀ ကြာလုပ်ခဲ့တဲ့ ၀န်ထမ်းဟောင်း ရဲ့ မှတ်ချတ်ချပုံလေး သတိချပ်စရာကောင်းလွန်းလို့ ဖော်ပြပေးလိုက်ပါတယ်…
"၀န်ကြီးငှာနတွေမှာ ၂ မျိုးရှိတယ် ငါ့တူ.. အစိုးရနဲ့အများဆုံး ဆက်ဆံရတဲ့ ၀န်ကြီးဌာနနဲ့ ပြည်သူနဲ့အများဆုံး ဆက်ဆံရတဲ့ ၀န်ကြီးဌာန ဆိုပြီး ရှိရာက… ပြဿနာဖြစ်ပြီဆိုကြည့်လိုက် ဒီအရပ်ဘက်ဌာနတွေပဲ များတယ်… အဲဒီဌာနတွေကို လူများများလည်း ၀င်ချင်တယ်လေ… အဲဒီဝန်ကြီးဌာနက ၀န်ထမ်းတွေဟာ အစိုးရ ကသူတို့ကို ဒီလိုမျိုး ဘောင်ထဲက ကူညီပေးပါ… ဒီလိုမျိုးစိတ်အားသန်စွာ လုပ်ပေး ဆိုပြီးလစာတော့ ဒီလောက်ယူလို့ ပေးပြီ ဒီ ရုံးမှာထား လုပ်ခိုင်းတာပါ….
အခုတော့ တခြားစီပဲ… ၀န်ထမ်းတစ်ယောက်ဆီရဲ့ စိတ်ထဲမှာ ကိုယ်ဒီရုံးထဲမှာ ပြည်သူတွေကူညီဖို့ ရောက်နေတယ်လို့ မမှတ်ဘဲ… ပိုက်ဆံရှာဖို့ ရောက်နေတယ်လို့ မှတ်နေတယ်… လစာ ဟာ သူတို့ စိတ်ထဲမှာ မရှိတော့ဘူး… ရှင်းရှင်းပြောရရင် ဒီရုံးဟာ သူတို့ တစ်နေ့တစ်နေ့လုပ်စားဖို့ ဖွင့်ထားတဲ့ ဆိုင်ကျနေတာပဲလေ.. ရုံးကို မနက်စောစောလာဖွင့်၊ ကိုယ့်ခုံ ကိုယ်ဖုံသုတ်၊ ဘုရားပန်းအိုးကပ်ပြီး လာတဲ့ ပြည်သူကို ဂွင်ဖန်ဖို့ပဲစောင့်နေတော့တယ်… တစ်နေ့တာ အတွက် ခိုင်ပြီဆိုတာနဲ့
လက်ဖက်လေးသုပ်၊ လက်ဖက်ရည်ဆိုင်လေးသွားပြီး အချိန်ဖြုန်းနေတော့တာပဲ…
မြင်သာအောင် အန်တီပြောရမယ်ဆိုရင် မော်တော်ပီကယ်တစ်ယောက်ဟာ တာဝန်ချိန်ကျပြီဆိုတာနဲ့ ဘယ်ကားမှာ ဘယ်သူဘာတွေတင်ထားလဲ… ဘယ်ကားနံပါတ်ကတော့ ဘာတော့မရှိဘူဆိုပြီး ရှာနေတော့တယ်… နောက်ဆုံးမရရင် တစ်ခုခု အသေးလေးမှားတာကအစ လူပုံပန်းကိုကြည့်ပြီး ပိုက်ဆံ ဖြဲတောင်းတာပဲလေ… ဒါ သူ့စီးပွားရေးလေ…
လ၀က ရုံးကို လည်းကြည့် နောက်ဆုံး အဖိုးနာမည်တို့၊ အဘွား မှတ်ပုံတင် တို့ မသိဘူးဆိုတာနဲ့ ဒီ ဖိုင်အဟောင်း တပုံတပင် ထားတဲ့ အခန်းထဲက ဖိုင်ရှာတဲ့ ၀န်ထမ်းရဲ့ မျက်နှာအရိပ်အကဲကိုကြည့်နေရတယ်..
လာဘ်ရည်ဖိုးလေး ၅၀၀ တန်တစ်ရွက်လောက်ပေးလိုက်ရင် မျက်နှာလေးရွှင်သွားတယ်… အမလေး ပိုက်ဆံများပုံပေးထားတဲ့ တရုတ်တွေ၊ ခေါ်တောကုလားတွေကျတော့ ၀န်ထမ်းမကိုယ်တိုင် ပြာနေတာပဲ… ဘောင်ထဲ မ၀င်ဝင်အောင်သွင်းပြီး ရအောင်လုပ်ပေးတယ်…
ငါ တို့ လုပ်ခဲ့တဲ့ ရုံးတွေများ မနက်မိုးလင်းတာနဲ့ ၈ နာရီ မီအောင်ပြေး ပြီးရင် အခန်းထဲဝင်ပြီး လတ်မှတ်ထိုး ပြီးတာနဲ့ ကိုယ့်အတွက် အလုပ်က ကိုယ့်ခုံမှာ ပုံနေပြီ … တစ်နေ့ တစ်နေ့ ရိုက်ရတဲ့စာ၊ လုပ်ရတဲ့အလုပ် ညနေရောက်တာတောင် မသိလိုက်ဘူး… တကယ်ကို ချွေးအပေခံပြီး လုပ်ရတာ… ပြီးရင် အစိုးရကပေးတဲ့ လစာကိုပဲ မျှော်ရတာလေ.. လစာတိုးချင်ရင် ရာထူးတိုးစာမေးပွဲ တွေ ၀င်ဖြေရတယ်လေ… အိမ်ပြန်ရင် တော်တော်ကို ပင်ပန်းနေပြီလေ…."
ဒါကတော့ ၀န်ထမ်းဟောင်း တစ်ဦးက သူရဲ့ အဖြစ်အပျက်နဲ့ နှိုင်းယှဉ်ပြီး ပြောပြသွားခဲ့တာပါ ခင်ဗျာ…ရင်ဖွင့်သွားခဲ့တာကတော့ တကယ်ကို များပါတယ်…. နောက် အခွင့် သင့်ရင် ဆက်ရေးပါ့မယ်….
အခုတော့ ပညာရေးဝန်ထမ်းများရဲ့ လာဘ်စားပုံများ နှင့် တကယ် အနစ်နာခံ ပညာသင်ကြားခဲ့တဲ့ လူငယ်များရဲ့ အောင်လတ်မှတ်များကို မည်သို့ မည်ပုံ လာဘ်စားဦးမည်ကို အပိုင်း (၂) တွင် ဆက်လက်ရေးသားပါဦးမည်…….
ကိုသီလ (U.V.I)
No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။