Sunday, August 21, 2011

လေယာဉ်တင် သင်္ဘောဖျက် ဒုံးလက်နက်သစ် ထိုင်ဝမ်စမ်းသပ်တီထွင်


တရုတ်နိုင်ငံက ပထမဆုံးလေယာဉ်တင် သင်္ဘောကို ပင်လယ်ပြင် စမ်းသပ်ခုတ်မောင်းခြင်းဖြင့် ဒေသတွင်း စိုးရိမ်စရာများကို အစပျိုးလိုက်ပြီး နောက်တွင် ထိုင်ဝမ်နိုင်ငံကလည်း အသံထက်မြန်သော လေယာဉ်တင်သင်္ဘော ဖျက်ဒုံးကျည်ကို ရွေ့လျားပစ်ခတ်နိုင်သော ပုံစံသစ်ဖြင့် အကောင် အထည်ဖော် စမ်းသပ်နေသည်ဟု တနင်္ဂနွေနေ့တွင် လွှတ်တော်အမတ်တစ်ဦးက ပြောကြားလိုက်သည်။

လက်ရှိအသုံးပြုနေသော ရှန်ဖန်း (ရဲရင့်သောလေ) III ဒုံးကျည်စနစ်၏ မျိုးကွဲဖြစ်သည့် မြေပြင်အခြေစိုက် ဒုံးကျည်စနစ်သစ် စမ်းသပ်သုတေသန ပြုလုပ်ခြင်းကို ဆောင်ရွက်နေပြီဖြစ်ကြောင်း အမျိုးသားကာကွယ်ရေး ကော်မတီဝင် တစ်ဦးဖြစ်သော လွှတ်တော်အမတ် လင်ယုဖန်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ၏ ပထမဦးဆုံး လေယာဉ်တင်သင်္ဘော

အခုမြေပြင် အခြေစိုက် ပစ်လွှတ်နိုင်မယ့် ပုံစံသစ်ဟာ ပိုပြီး ဝေးဝေးပစ်နိုင်မယ့်အပြင် ပိုပြီးလေးတဲ့ ထိပ်ဖူးကို သယ်ဆောင်နိုင်မှာဖြစ်ပါတယ်ဟု လင်ယုဖန်က ပြောကြားကာ လက်ရှိရေတပ်သုံး ရေပြင်မှ ရေပြင်ပစ် သင်္ဘောဖျက် ဒုံးကျည်နှင့် နှိုင်းယှဉ်သုံးသပ်ပြသွားသည်။


ယနေ့ ပြီးဆုံးသည့် ၂၀၁၁ ထိုင်ပေလေကြောင်းနှင့် ကာကွယ်ရေးနည်းပညာပြပွဲ မတိုင်မီတွင် မူရင်း ရှန်ဖန်းIII  ဒုံးကျည်ကို သတင်းထောက် များအား အနီးကပ် ကြည့်ရှုခွင့်ပြုခဲ့သည်ဟုလည်း သိရှိရသည်။
လေယာဉ်တင်သင်္ဘောဖျက်သူဟု သုတေသနပညာရှင်များက အမည်ပေးထားသော လက်နက်ကို ရှားရှားပါးပါးလူသိရှင်ကြား ပြသခဲ့ခြင်းမှာ တရုတ်နိုင်ငံက ပထမဆုံး လေယာဉ်တင်သင်္ဘောကို ရေချ အခမ်းအနားပြုလုပ်ကာ ပင်လယ်ပြင်စမ်းသပ်မှု ပြုလုပ်ခဲ့ခြင်းကြောင့် ထိုင်ဝမ်က အထူး သတိထားနေသည့် လက္ခဏာကို ပြသလိုက်ခြင်းပင် ဖြစ်သည်။

ရှန်ဖန်းဒုံးကျည်ရဲ့ အမြန်နှုန်းကတော့ သိပ်မြန်လွန်းတဲ့အတွက် ကာကွယ်ဖို့တောင် အရမ်းခက်ခဲပါလိမ့်မယ်ဟု ဒုံးကျည်သုတေသန စီမံကိန်း ဒုတိယ အကြီးအကဲ ချိုင်ယုယင်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ရှန်ဖန်းIII ဟုခေါ်ဆိုထားသော် လေယာဉ်တင်သင်္ဘောဖျက် ဒုံး

ထိုင်ဝမ်တို့၏ ဖရီးဂိတ်စစ်သင်္ဘောနှင့် ဒုံးကျည်တင် သင်္ဘောများပေါ်တွင် ကီလိုမီတာ ၁၃၀ အကွာအဝေး အတွင်း အသံထက် ၂ ဆမြန်သော နှုန်း ဖြင့် ပစ်ခတ်ရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်သည်ဟု လေ့လာသူများက ဆိုသည်။

တရုတ်ပြည်သူ့တပ်မတော်၏ ပထမဆုံး လေယာဉ်တင် သင်္ဘောအုပ်စုကို တိုက်လေယာဉ်များ အပြည့်အဝဖြင့် စစ်ဆင်ရေးပြုလုပ်နိုင်ရန် အတွက် အချိန်ယူရလိမ့်ဦးမည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းပြောကြားထားသော်လည်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက တရုတ်ပြည်မ၏ ရေတပ် တိုးချဲ့မှုကို စိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆိုထားသည်။ တရုတ်ပြည်သူ့တပ်မတာ်၏ ယခုစမ်းသပ်ခုတ်မောင်းနေသော် လေယာဉ်တင်သဘောင်္သည် အင်ဂျင်မပါ၊ လက်နက်ဗလာနှင့် ရေကြောင်းထိန်းသိမ်းရေးစနစ်နတ္ထိ ဖြစ်နေသော လေယာဉ်တင် သင်္ဘောပျက်ကို ၁၉၉၈ တွင် ယူကရိန်းနိုင်ငံမှ ဆွဲယူလာခဲ့ပြီးနောက် ပြီးခဲ့သည့် ဆယ်စုနှစ်တစ်ခုလုံး အချိန်ယူကာ ပြင်ဆင်မွမ်းမံမှု ပြုလုပ်နေခဲ့ခြင်း ဖြစ်သည်။

Zee News မှ သတင်းကို ဘာသာပြန်သည်။

 (U.V.I)

No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။