
ကမ္ဘာလုံးဆိုင်ရာ အဆင့်သတ်မှတ်ချက်ညွှန်းကိန်းများကိုကြည့်လျှင် မြန်မာနိုင်ငံသည် အောက်ဆုံးအဆင့်နားတွင်သာ ရှိစမြဲဖြစ်သည်။ သို့သော် မြန်မာနိုင်ငံသုံး ငွေကြေးစနစ်ဖြစ်သော ကျပ်ငွေတန်ဖိုးမှာ ပြီးခဲ့သည့် နှစ်အတွင်း ၂၀ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ပြီးအာရှ၏ စွမ်းဆောင်ရည် အကောင်းဆုံး ငွေကြေး ဖြစ်လာခဲ့သည်။ ငွေကြေးဈေးကွက်တွင်းမှ ငွေပူ (Hot Money) အတော်များများဖြင့် ကျောက်မျက်ရတနာများ၊ အဆောက်အအုံများ၊ ပစ္စည်းများနှင့် နိုင်ငံပိုင် အက်ဆက်(Asset) များလိုက်လံဝယ်ယူမှုများ များပြားလာခြင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ဈေးနှုန်းများ တက်ရိပ် ပြလာခြင်း တို့ကြောင့် တစ်ချိန်တစ်ခါက နိမ့်ကျခဲ့ရသော ကျပ်ငွေတန်ဖိုးမြင့်တက်လာအောင် ဖြစ်ပေါ်ဖန်တီးပေးနိုင်ခဲ့သည်။
မြို့တော်ဟောင်းဖြစ်သည့် ရန်ကုန်မှ ဒေါ်လာအရောင်းအဝယ်ပြုလုပ်ရာနေရာများတွင် တစ်ချိန်က တစ်ဒေါ်လာလျှင် ကျပ် ၁၀၀၀ မှ ၁၁၀၀ ကျော်ထိရှိခဲ့သော ငွေကြေးလဲလှယ်မှုဈေးနှုန်းမှာ တစ်ဒေါ်လာလျှင် ၇၉၀ အောက်အထိ ရောက်ရှိသွားခဲ့သည်။ အဆိုပါကိစ္စသည် ဒေါ်လာတန်ဖိုး လျော့နည်းမှုကြောင့်ဟု တစ်စိတ်တစ်ပိုင်း ပြော၍ရသော်လည်း ကုန်သည်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ပြည်ပဈေးကွက် များတွင် ဆက်လက်မရပ်တည်နိုင်တော့သည့် အခြေအနေသို့ ရောက်ရှိစေခဲ့ပြီး ပြည်တွင်းဈေးကွက်ထဲသို့သာ ထုတ်ကုန်ပစ္စည်းများ ချရောင်းရသည် အထိဖြစ်ခဲ့သည်။
သို့အတွက်ကြောင့် အကျိုးဆက်အားဖြင့် လယ်ယာ စိုက်ပျိုးရေးဆိုင်ရာ ထွက်ကုန်ဈေးနှုန်းများ အဆမတန် ထိုးကျခဲ့ကာ လယ်သမားများလည်း ယခင်ကထက်ကြွေးမြီပိုတင်လာအောင် ဖိအားပေးလိုက်သလိုဖြစ်ခဲ့ရသည်။
တိုရစ်ဇင် နှင့် ခရီးသွားလုပ်ငန်းအေဂျင်စီများကတော့ ကြွေးမြီမတင်မိစေရန် အစွမ်းကုန်ရုန်းကန်ကြိုးစားကြရသည်။ အချို့သော စစ်တပ်နှင့် ပူးပေါင်းကာ စီးပွားရေးခွင်များ ရရှိအောင်လုပ်ကိုင်နေကြသူ ခရိုနီ(Crony) များသည်ပင် စီးပွားရေးလုပ်ငန်းများ အထိနာလာသောကြောင့် ညည်းညူလာ ကြသည်အထိဖြစ်ခဲ့သည်။ "ဒီကိစ္စက လူတိုင်းလူတိုင်းကို ထိခိုက်လာပါပြီ" ဟု NGO တစ်ခုမှ အကူအညီပေးရေးဝန်ထမ်းတစ်ဦးကပြောသည်။
ပြီးခဲ့သည့် ဧပြီလအတွင်း စစ်အစိုးရထံမှ အာဏာလွှဲပြောင်းရယူခဲ့သည့် မြန်မာအရပ်ဘက်အစိုးရသစ်အတွက် မြန်မာကျပ်ငွေကိစ္စမှာ အဓိက စိန်ခေါ်မှု သို့မဟုတ် စမ်းသပ်မှုတစ်ခုဖြစ်လာသည်။ ယခုအချိန်အထိတော့ ယင်းစိန်ခေါ်မှုကို အစိုးရအနေဖြင့် အောင်မြင်စွာ ဖြေရှင်းနိုင်ပုံမရသေးပေ။ လတ်တလော ကာလများအတွင်း ပြည်ပပို့ကုန်ပစ္စည်းများအပေါ် အခွန်စည်းကြပ်မှုကို ၁၀ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းအထိ လျှော့ချပေးလိုက်မှုက ပို့ကုန် လုပ်ငန်းရှင်များအား အနည်းငယ် အသက်ရှူချောင်စေခဲ့သည်။
စီးပွားရေးဆွယ်တရားဟောသူ Lobby အုပ်စုကြီးများက ကျပ်ငွေကိစ္စနှင့် ပတ်သက်ပြီး ဗဟိုဘဏ် အနေဖြင့် ထိရောက်မှုရှိသော လုပ်ဆောင်ချက်များ လုပ်ကိုင်ပေးရန် ဆော်သြထားကြသည်။ သို့သော် မြန်မာနိုင်ငံဗဟိုဘဏ်မှာ ကျပ်ငွေနှင့် အက်ဖ်အီးစီ (FEC) ဟူသည့်ငွေကြေးစနစ်နှစ်မျိုးကြောင့် ပြဿနာများကို ထိထိရောက်ရောက်ဖြေရှင်းပေးရန် ခက်ခဲလျက်ရှိသည်။ အစိုးရက သတ်မှတ် ချက်အရ တရားဝင်ဒေါ်လာလဲလှယ်မှုနှုန်းမှာ တစ်ဒေါ်လာလျှင် ခြောက်ကျပ်ဖြစ်သည်။
ပုဂ္ဂလိကကုမ္ပဏီများအားလုံးနှင့် ဒေါ်လာအသုံးပြုကာ လုပ်ကိုင်လျက် ရှိသော စီးပွားရေးသမားများအားလုံးမှာမူ ဒေါ်လာမှောင်ခိုဈေးကွက်ကိုသာ အမှီသဟဲပြုနေကြရသည်။
ပြုပြင်ပြောင်းလဲရေးသမားများက ယခုလိုသပွတ်အူလိုက်နေသည့် စနစ်ဆိုးကြီးတစ်ခုလုံးကို ဖျက်သိမ်းပစ်လိုက်မှသာ ငွေကြေးကို ကောင်းမွန် အဆင်ပြေချော့မွေ့စွာ စီမံခန့်ခွဲနိုင်လိမ့်မည်ဟု ထောက်ပြကြသည်။ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်၏ စီးပွားရေးတိုင်ပင်ခံပညာရှင်များကမူ ငွေကြေး ပြုပြင် ပြောင်းလဲရေး အတွက် စတင် လုပ်ကိုင်ဆောင်ရွက်ရမည့် အစီအစဉ်များ
ထုတ်ဖော်ရေးဆွဲထားပြီဖြစ်သည်ဟု သိရသည်။ သို့သော် သမ္မတကြီး ဦးသိန်းစိန်မှာ စီးပွားရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်မှုကို များစွာမလိုလားသည့် ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ဦးဆောင် သော နေပြည်တော်အုပ်ချုပ်ရေးမြို့တော်မှ အုပ်စုနှင့် ပြုပြင်ပြောင်းလဲရေးလိုလားသူ အုပ်စုနှစ်စုအကြား ညပ်ပိတ်မိနေပုံရဟန်ရှိသည်။
သို့သော် လတ်တလောကာလများအတွင်း သမ္မတဦးသိန်းစိန်က အငြိမ်းစားအစိုးရဝန်ထမ်းများ၏ ပင်စင်လစာများ တိုးမြှင့်ပေးခဲ့ပြီး ဆင်းရဲ မွဲတေမှု လျှော့ချရေးအတွက်လည်း ဦးနှောက်မုန်တိုင်းဆင်လျက်ရှိသည်။
မည်သို့ပင်ဆိုစေ ငွေကြေးပြုပြင်ပြောင်းလဲမှုအတွက် ထိရောက်သော လုပ်ဆောင်ချက်များ လုပ်ကိုင်ရန် တွန်းအားပေးမှုများကြောင့် ကွန်ဆာဗေးတစ်အုပ်စုများအနေဖြင့် ၎င်းတို့၏အကျိုးစီးပွားအတွက် တရားဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့် မကိုက်ညီသည့်လုပ်ရပ်များသာ ပြုလုပ်လာဖွယ်ရှိသည်ဟု သမိုင်းပညာရှင် ဦးသန့်မြင့်ဦးကပြောကြားသည်။ အချို့သော စစ်ဗိုလ်ချုပ်များသည်ပင် ငွေကြေးခိုင်မာအောင် လုပ်ကိုင်ရေးဟူသည့် စိတ်ကူးမျိုးကို ဘဝင်ခိုက်နေမည့်သဘောတွင် ရှိသည်။
အကယ်၍ စီးပွားရေး အခက်အခဲများကြောင့် မငြိမ်မသက်မှုများကိုဖြစ်ပေါ်စေမည်ဆိုပါက နိုင်ငံခြားငွေကြေး လဲလှယ်မှုနှုန်းထားကိစ္စအပေါ် ပို၍ပင် မလုပ်ရဲမကိုင်ရဲ ဖြစ်လာကြ လိမ့်မည်။ သို့သော် ပုံသေငွေကြေးစနစ်တစ်ခုဖြစ်အောင် တစ်ဟုန်ထိုးလုပ်ကိုင်သွားမည်ဆိုသည့်ကိစ္စမှာလည်း စွန့်စားမှုများသည့်အလုပ်ဖြစ်နေပြန် သည်။ ခိုင်မာမှုမရှိသော ဘဏ်များ ပါဝင်ပြီး နားလည်သဘောပေါက်ရန် ခက်ခဲလှသည့် မြန်မာ့စီးပွားရေးအခြေအနေကြောင့် အခြေအနေများကို ပို၍ပင် ဆိုစေနိုင်သည်။
လတ်တလောကာလအတွင်း မြန်မာနိုင်ငံဗဟိုဘဏ်က ငွေကြေးလဲလှယ်မှုနှုန်းပြုပြင်ပြောင်းလဲရေး ကိစ္စရပ်များအတွက် နည်းပညာ ဆိုင်ရာ အကူအညီများပေးရန် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF) သို့ အကူအညီ တောင်းခံထားသည်။ သို့သော် မြန်မာပြည်အပေါ် အနောက်၏ ပိတ်ဆို့ အရေးယူမှုများကြောင့် IMF အနေဖြင့်လည်း အကူအညီပေးရာတွင် အခက်အခဲများနှင့်ကြုံတွေရမည်ဖြစ်သည်။ သို့အတွက်ကြောင့် မြန်မာ ကျပ်ငွေတန်ဖိုးမှာ ဆက်လက်မြင့်တက်လိမ့်မည်ဟု လေ့လာသုံးသပ်သူများနှင့် အကဲခတ်စောင့်ကြည့်နေသူများက ယူဆထားကြမည့် သဘောတွင် ရှိသည်။ ထို့ကြောင့် မြန်မာကျပ်ငွေမြင့်တက်မှုက စီးပွားရေးအားလုံးကို ပြိုလဲအောင်လုပ်နိုင်သည်ဟုပင် သတိပေးရတော့မည်။
No comments:
Post a Comment
သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။