Tuesday, February 14, 2012

ကရင်ပြည်နယ် ဆင်းရဲသားကုန်သည်များကို ဒုက္ခမပေးပါနှင့် (ပေးစာ)

အင်တာနက်စာမျက်နှာတွင်  ပေးစာ အဖြစ်ပေးပို့သူ ကိုဖိုးခွား သိစေရန် ဖော်ပြပေးပါ ဆိုသည့် ပေးစာတစ်စောင်ကို ပြည်သူများ သိအောင် ဖော်ပြပေးလိုက်ပါသည်။


ကရင်ပြည်နယ် ဆင်းရဲသားကုန်သည်များကို ဒုက္ခမပေးပါနှင့်
          ကိုဖိုးခွား အနေနှင့် မှန်ကန်သောသတင်ပေးဆောင်ရွက်မူကို လေးစားပါတယ်ခင်ဗျာ… သို့ပါသော်လည်း နိုင်ငံတော်နှင့် လူမျိုးကို သစ္စာဖောက်ပြီးထွက်ပြေးလာသော အရက်သမား အဆင့်သာသာ ရှိတဲ့ လူစားမျိုးတွေနဲ့ပေါင်းပြီး နိုင်ငံဝန်ထမ်းတွေကို အခက်အခဲ ရှိစေရန်၊ ပြဿာနာအရပ်ရပ်ပေါ်ပေါက်စေရန်၊ ကိုယ်ကိုတိုင်မဟုတ်တာလုပ်ခဲ့ပြီး သူများချောက်ချတာမျိုး လုပ်ရပ်က တော့ အလွန်စက်ဆုပ်ရွံရှာဖွယ်ဖြစ်သည်။
            
ကုန်သည်ကြီး တွေဆိုသည်မှာ တရားဝင်ကုန်သွယ်ရေးလမ်းကြောင်းမှ ပစ္စည်းအရေအတွက် ၁၀၀ တင်သွင်းလာလျှင် တရားမ၀င် ခိုးလမ်းကြောင်းဖြစ်သော ဘေးဂိတ်များမှ တစ်ထောင် တင်သွင်းသူဖြစ်သည်။ ပိုလျှံပစ္စည်းများကိုကားလေး ဟိုင်းလတ်များနှင့် တင်ဆောင်ပြီး နောက်ထပ် အချိုးတစ်ဝက်ကို တောလမ်းကားလေး ၆ဘီး၊ ၁၀ဘီး၊ ၁၂ဘီး ကားများနှင့် ခိုးထုတ်နေသူများသာဖြစ်သည်။
          
မပြောပလောက်သော ငွေကြေးကို ၀န်ထမ်းများရယူခဲ့သောလည်း ခိုးထုပ် ခိုးထည် ပစ္စည်းများကို လက်ပူးလက်ကြပ်နှင့် မိထားတာကိုတော့ သတိပြုစေချင်ပါတယ်… ဖမ်းလျှင်လည်း ဖမ်းသည့် ၀န်ထမ်းသည် ဘာမှ မဖြစ်သလို ကုန်သည်ကြီးသည်လည်း ထိုလောက်ပစ္စည်းဆုံးသဖြင့် ဘာမှ ဖြစ်မသွားပါ… သူတို့တွေ ဘာမှ ဖြစ်မသွားပေမယ့် ကျွဲ နှစ်ကောင်ခတ်တဲ့အကြား ဘာမှ မသိရှာတဲ့မြေစာပင် ဖြစ်တဲ့ ကားသမားတို့၊ တစ်ဆွဲတစ်ပိုးထမ်းတဲ့ ဈေးသည်လေးများမှာ ဓါးစာခံဖြစ်လေသည်။
            
ဖွင့်ချိန်- ပိတ်ချိန် ရှိသည့်နေရာတစ်ခုတွင် အချိန်ကျော်မှ ရောက်လာသည့်ကားကို 
ဖွင့်မပေးသောလည်း ထို ၀န်ထမ်းများတွင် အပြစ်မရှိသောလည်း ကားပေါ်ရှိ ခရီးသည်များ မနက် ၆ နာရီထိ ခက်ခက်ခဲခဲ မည်ကဲ့သို့နေရပါမည်နည်း။ ထိုကဲ့သို့ လူသားချင်း ကိုယ်ချင်းစာ၍ တာဝန်ကို ကျော်လွန်ကာ ရှဥ့်လည်းလျှောက်သာ ပျားလည်းဆွဲသာ သဘောမျိုးလုပ်သော်လည်းပဲ ယခုလို အမှန်ကို မမြင်တတ်သော လူအဖို့တော့ ကျွေးသောလက်ကို ပြန်ကိုက်ခြင်းပင်ဖြစ်သည်။
            
သိန်းပေါင်းများစွာရင်းထားသော်ကုန်သည်ကြီးများ နည်းမျိုးစုံနှင့် တရားဝင်ကော တရားမ၀င်ကော ပစ္စည်းသွင်းသည်က ပြဿနာမဟုတ်ပါ။ သောင်းထောင်ချီသော တစ်ဆွဲတစ်ပိုး လုပ်စားပြီး မိသားစု ကိုလုပ်ကျွေးနေသော သူများကို သတိပြုသင့်ပါတယ်။ ပုရွတ်ဆိတ်မသာကို ဘုန်းကြီးပျံလုပ်နေမည့်အစား ကိုဖိုးခွားတင်ပြသော ၀န်ထမ်းနေရာတွင် ကိုယ်တိုင်နေကြည့်ပါ။ လက်လုပ်လက်စားများနေရာတွင် လည်း ကိုယ်ချင်းဝင်စာကြည့်ပါ။

မဟုတ်မမှန်တာကို ပိုက်ဆံပေးပြီး ရေးခိုင်းတိုင်း လူစွမ်းကောင်း ၀င်မလုပ်သင့်ပါ။ကောင်းမွန်သော ၀န်ထမ်းများကို အညှိုးအတေးနှင့် မဟုတ်မမှန် သတင်းမျိုးရေးနေမည့်အစား အများပြည်သူရောင်းဝယ်အကျိုးဖြစ်ထွန်းစေမည့် စာမျိုး ရေးပါလို့ အကြံပြုပါရစေ။ မိမိ သတင်းပေးစာကြောင့် ဆင်းရဲသား ကုန်သည်များကို ဒုက္ခမပေးပါနှင့် ခင်ဗျာ…..
                          
ကုန်သည် နှင့် ကားသမား (မြ၀တီ -  ဘားအံ)




(U.V.I)

No comments:

Post a Comment

သင်ပြောသောစာသားများသည် ကျွနိုပ်တို့အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။